ဒေါ်အောင်ဆန်းစုကြည်ကိစ္စ စုံစမ်းဖို့လိုမှ စုံစမ်းမည်ဟု အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့တုန့်ပြန်

ဒေါ်အောင်ဆန်းစုကြည်ကိစ္စ စုံစမ်းဖို့လိုမှ စုံစမ်းမည်ဟု အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့တုန့်ပြန်
၂၀၁၅ခုနှစ် ရွေးကောက်ပွဲမတိုင်မီ အမှတ် ၅၄၊ တက္ကသို်လ်ရိပ်သာလမ်းအတွင်းပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်။ ဓါတ်ပုံ၊ မဇ္စျိမ။
 

ရန်ကုန်၊ ဖေဖော်ဝါရီ ၅။          ။လူမှုကွန်ယက်တွင် ဒေါ်အောင်ဆန်းစုကြည်အား အသက်အန္တရာယ်ခြိမ်းခြောက်သည့်ကိစ္စ စုံစမ်းဖို့ လိုအပ်ပါမှ စုံစမ်းမည်ဟု ရန်ကုန်တိုင်း၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးက ဖေဖော်ဝါရီ ၅ရက်နေ့တွင် မဇ္ဈိမသို့ တုန့်ပြန်ပြေဆိုသည်။

"လိုအပ်ချက်ရှိရင်စုံစမ်းမယ်။ စုံစမ်းဖို့လိုမှစုံစမ်းမယ်၊" ဟု ရန်ကုန်အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဖုန်းကိုင်ဖြေ ကြားသူက ဆိုသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်ထွေးကို မဇ္ဈိမက ဖေဖော်ဝါရီ ၅ရက်၊ နေ့လည် ၂နာရီ ၄၀မိနစ်အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ခြိမ်းခြောက်မှုနှင့် ပက်သက်ပြီး အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့က သတင်းအချက်အလက် စုံစမ်းမှုများပြုလုပ်နေခြင်းရှိမရှိကို တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်း ရာဖုန်းကိုင်ဖြေကြားသူက (ရုံးအဖွဲ့မှူးဟုဆိုသူ) အထက်ပါအတိုင်း ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

ရဲလွင်မြင့်(Ye Lwin Myint)အမည်ဖြင့် လူမှု့ကွန်ယက် အသုံးပြုသူတစ်ဦးက ‘‘ဖွ မဆိုစကောင်း ၅၉ (စ)ကြီး ဆိုင်းငံ့လိုက်တယ်ဆိုပါစို့။ AWM ဒါမှမဟုတ် AS 50 တစ်လက်လောက်ရယ် လေ့ကျင့်ချိန် တစ်လလောက်ရယ်ပဲ ပေးပါ။ သေအောင်သတ်ပေးပါ့မယ်။(အတည်ပြောတာပါ)’’ဟု ဆိုသည့်စာကို ဖေဖော်ဝါရီလဆန်းတွင် ရေးသား ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

ကာချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ သမ္မတဦးသိန်းစိန်၊ ဦးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့က လက်ရှိမြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် အလွန်အရေးပါသည့် ပုဂ္ဂိုလ်များလည်းဖြစ်သည့်အတွက် ယခုကဲ့သို့ အသက်အန္တရာယ်ခြိမ်းခြောက်မှုကို ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ် အရေးယူကာ ပြည်သူများသို့ တရားဝင်ထုတ်ဖော်ပြောကြားသင့်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင်က သုံးသပ်သည်။

"ဒါကရဲအရေးပိုင်တဲ့အမှုပဲ ရဲကတရားလိုလုပ်ပြီးအမှုဖွင့်စုံစမ်းရမယ်။ တာဝန်ကိုရှောင်လွှဲနေရင် ရာဇဝတ်မှုကို အထမြောက်အောင်အချိန်ပေးသလိုဖြစ်နေပြီ၊ မစုံစမ်းရင် ထိန်ကျန်သလိုဖြစ်နေပြီ၊ မတိုင်လိုမလုပ်လို့ လူထုက တာဝန်ယူလာရင်တိုင်းပြည်တည်ငြိမ်းရေးကိုထိခိုက်နိုင်တယ်။ ဒီအချိန်မှာ ဒီလိုဖြစ်အောင်မလုပ်သင့်ဘူး။" ဟု ၎င်းကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား အသက်အန္တရာယ်ခြိမ်းခြောက်ရေးသားမှုသည် ရဲလက်စွဲ ၁၄၁၄၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၅၄ တို့တွင် ရဲအရေးပိုင်သည့်ပြစ်မှုတစ်ခုကိုအချိန်မဆိုင်းပဲအလျင်အမြန်အရေးယူဆောင်ရွက် ရမည်ဟု ပြဋ္ဌာန်းပါရှိထားသည်။ ယခုခြိမ်းခြောက်မှုသည့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၃၊ ၅၀၆ဖြစ်သည့် အသက်အန္တရာယ်ခြိမ်းခြောက်မှုဖြင့် အရေးယူနိုင်သည်ဟု ဦးရောဘတ်စန်းအောင်ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား အသက်အန္တရာယ်ခြိမ်းခြောက်ရေးသားသူ လုပ်ငန်းတည်ရှိသည်ဟုယူဆထား ကြသည့်တောင်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးအောင်ကလည်း ၎င်းတို့အနေဖြင့် လူမှုကွန်ယက်မှ အချက်အလက်များကိုစုဆောင်းမှုများပြုလုပ်သော်လည်း လက်ရှိအချိန်အထိ အမှုဖွင့်ထားမှုမရှိသဖြင့် စုံစမ်းစစ်ဆေးမှုများကို အကျယ်တဝင့်ပြုလုပ်နေခြင်းမရှိကြောင်း မဇ္ဈိမသို့ဖြေကြားသည်။

"လောလောဆယ်စုံစမ်းတာမရှိဘူး။ သူတို့လည်းမရှိဘူး။ ၁၄ရပ်ကွက်က ရေဆေးဆီထိုးဆိုတာပဲရှိတယ်။ လူမှုကွန်ယက်ကနေ အချက်အလက် စုံစမ်းနေတာတော့ရှိတယ်။ အမှုလည်းမဖွင့်ထားသလို စုံစမ်းဖို့တော့ အထက်ကညွှန်ကြားထားတာမရှိဘူး။" ဟု
ယင်းဖြန့်ဝေသူ၏ လူမှုကွန်ယက်တွင်တွေ့ရှိရသည့် လိပ်စာပါ တာမွေမြို့နယ်၊ မေတ္တာညွှန့်ရပ်ကွက်၊ ရာဇသြင်္ကန်လမ်း၊ အခန်း ၆၈(အေ)၊ တိုက် ၁၀၁ ၌လည်း ၎င်းမှာနေထိုင်မှုမရှိသည့်အပြင် တာမွေမြို့နယ်တွင် အဆိုပါလိပ်စာဖြင့် တည်ရှိမှုမရှိကြောင်း တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူးက ရဲမှူးခင်မောင်မြက ပြောသည်။

"တာမွေမှာအဲဒီလိပ်စာလုံးဝမရှိဘူး။ အဲဒီတော့ကျွန်တော်တို့စုံစမ်းမှုတွေလည်း မလုပ်ပါဘူး။" ဟု ၎င်းကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အသက်အန္တရာယ်ခြိမ်းခြောက်မှုနှင့် ပက်သက်ပြီး ရဲအရေးပိုင်မှုတွင် အမှုဖွင့်စုံစမ်းမှု မရှိသော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပုံက သရော်သည့် မချောစန္ဒီထွန်း နှင့် ခွန်ဂျာလီတို့ကိုမူ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တပ်မတော်ကအမှုဖွင့်အရေးယူကာ ထောင် ၆လစီချမှတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags