တစ်နှစ်ကို ၀င်ငွေသိန်းဂဏန်းအထိရစေမယ့် ထောပတ်ပင် စိုက်ကြမလား

05 February 2016
တစ်နှစ်ကို ၀င်ငွေသိန်းဂဏန်းအထိရစေမယ့် ထောပတ်ပင် စိုက်ကြမလား

ထောပတ်သီးဆိုရင် စာသုံးလို့ရတဲ့ သီးနှံအဖြစ်သာ မကပါဘူး။ အလှအပနဲ့ ကျန်းမာရေးအတွက်ပါ အသုံးပြုနိုင်တဲ့ အသီးအနှံအဖြစ် လူတိုင်း သိထားကြပါတယ်။   မြန်မာနိုင်ငံမှာတော့ ထောပတ်သီးကို ရှမ်းပြည်နယ်က အဓိက ထွက်ရှိနေပါတယ်။ ဒီလိုထွက်ရှိတဲ့ အထဲကနေမှ ဟိုပုံးထောပတ်သီးလို့ ဆိုရင် အမျှင်နည်းတာနဲ့ အရသာ ချိုမြိန်တာတွေကြောင့် လူသိများ ထင်ရှားလှပါတယ်။

ထောပတ်ပင်ဟာ နှစ်ပေါင်း ၃၀ /၄၀ ထိ အသီးသီးနိုင်တဲ့ အပင်ကြီးမျိုး ဖြစ်ပါတယ်။ အပင်သက်တမ်း ၄နှစ်သား ကျော်ကျော်လောက်ကနေ စပြီး အသီးစသီးပါတယ်။ ထောပတ်ပင်ကတော့ ၁၀ နှစ်သားကစလို့ အသီးသီးအားလည်း ကောင်းလာပါတယ်။ တစ်ပင်မှာ အလုံးအရေအတွက် ရာနှင့်ချီပြီးတော့လည် သီးလေ့ ရှိပါတယ်။ ဒီတော့ အိမ်တစ်အိမ်မှာ ထောပတ်ပင် တစ်ပင် ရှိတယ်ဆိုရင်တောင်မှ တစ်နှစ်ကို ဝင်ငွေ သိန်းဂဏန်းလောက်ထိ ရရှိမှာပါ။

ထောပတ်ပင်ဟာ ပူနွေးစွတ်စိုတဲ့ ရာသီဥတုကို ကြိုက်နှစ်သက်ပြီးတော့ မိုးကောင်းတဲ့ အရပ်ဒေသမှာလည်း စိုက်ပျိုးလို့ ရပါတယ်။ အရင်တုန်းကတော့ ထောပတ်သီးကို စိုက်ပျိုးရေး လုပ်ငန်းအဖြစ် လုပ်ကိုင်လေ့ မရှိပါဘူး။ ခြံစည်ရိုးအပင်အဖြစ်သာ စိုက်ပျိုးခဲ့ကြတာပါ။ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် ပအိုဝ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှာ ကျောက်တန်းရွာဆိုတာ ရှိနေပါတယ်။ ဒီရွာမှာတော့ ထောပတ်သီးကို စိုက်ပျိုးရေး လုပ်ငန်းအဖြစ် စတင်လုပ်ကိုင်ဖို့ ဆုံးဖြတ်လိုက်တဲ့ တောင်သူ ဦးလွန်း က အခုလို ရှင်းပြပါတယ်။

ဦးလေး သိသလောက်ကတော့ ဟိုအရင်တုန်းက ကျွန်တော်တို့ ကြီးလာတဲ့အခါမှာ ထောပတ်သီးတွေ မြင်ပြီးတော့ တွေ့လိုက်တယ်။ခြံစည်းရိုးပေါ်မှာ တွေ့လိုက်တယ်။ အဲဒီအချိန်တုန်းက စားတဲ့သူတွေကလည်း သိပ်မစားကြဘူး။ စားတဲ့သူလည်း စားတယ်။ ရောင်လည်း မရောင်းရဘူး။ ဒီအတိုင်းပဲ ခြံစည်းရိုးပေါ်မှာ ဒီအတိုင်းပဲ ထားလိုက်တယ်။ နောက်ပိုင်း တဖြေးဖြေးနဲ့ တစ်ပင်ကို လေးငါးဆယ် တစ်ရာလောက် လာဝယ်တယ်။ နောက်ပိုင်းကျမှ တစ်ပင်ကို တစ်ထောင်/သုံးထောင်/ ငါးထောင်ဖြစ်လာတယ်။ ကျွန်တော်စိုက်တုန်းက တစ်ပင်ကို ၅၀၀၀ ။ အရင်တုန်းက ဦးလေးက လိမ္မော်စိုက်တယ်။

လိမ္မော်စိုက်တာ အရင်းအနှီးလည်း အများကြီးစိုက်ရတယ်။ ကုန်ကျစရိတ်တော်တော်များတယ်။ နောက်ပြီးတော့လည်း သိပ်တအားကြီး ဂရုစိုက်ရတယ်။ ထောပတ်ကတော့ ဦးလေး အဲဒီအချိန်မှာ မြင်တဲ့အခါမှာ ကုန်ကျစရိတ်သက်သာတယ်။ နောက်ပြီးတော့ သီးပြီဆိုရင် တစ်ပင်ကို လေးငါးထောင်/ တစ်သောင်းလောက် ခြံအထိလာဝယ်တယ်ဆိုတော့ ဒါကို စိတ်ချမ်းသာမယ်လို့ ထင်တယ်ပေါ့။ နောက်ပြီးတော့လည်း လိမ္မော်လို မဟုတ်ဘူးပေါ့။ အသီးတွေက ဒီလထဲရင့်ပြီဆိုရင် နောက်ထပ် တစ်လ နှစ်လ ထပ်ထားလို့လဲ ရသေးတယ်။ အဲလိုမျိုး တစ်ခါတည်း  ဝုန်းဒိုင်း မကျွေဘူး။ မမှည့်ဘူး။ အဲလိုမျိုးဖြစ်နေလို့ ဦးလေး စဉ်းစားပေါက်ပြီးတော့ ဦးလေး ဒီထောပတ်ကို ရွေးပြီးတော့ စိုက်ဖြစ်တာပေါ့နော်။

ပအိုဝ် တိုင်းရင်းသားတစ်ယောက်ဖြစ်တဲ့ ဦးလွန်းဟာ ထောပတ်သီးကို စိုက်ပျိုးရေး လုပ်ငန်း အဖြစ် လုပ်ကိုင်လာခဲ့တာ ၈ နှစ်ကျော်လို့  ၉ နှစ်ထဲလည်း ရောက်ရှိနေပါပြီ။ ထောပတ်သီးတွေမှာတော့ အသီးပုံသဏ္ဍာန်ကို လိုက်ပြီးတော့ အမျိုးအစားတွေ ကွဲပြားပါတယ်။ ဒါတွေကတော့ အဝိုင်းပုံ ဒေသအခေါ် မီးသီးပုံနဲ့ ဘူးသီးပုံတွေပဲ ဖြစ်ပါတယ်။ ထောပတ်သီးရဲ့ ပုံသဏ္ဍာန်တွေ ကွဲသွားပေမယ့် အရသာကတော့ တူနေမှာပဲ ဖြစ်ပါတယ်။ ရေထွက်ပေါက်အနီးက ဟိုပုံလေး မြင်းစီးခြံနဲ့ စိုက်ပျိုးရေး လုပ်ငန်းမှာတော့ ထောပတ်စိုက် ဧက ၅၀ လောက် စိုက်ပျိုးထားပါတယ်။ ဒီခြံမှာတော့ ထောပတ်သီးကို စတင်စိုက်ပျိုးတာ ၄နှစ်သား ၅ နှစ်သား ရှိနေပြီ ဖြစ်လို့ အသီးလေးတွေတော့ စသီးနေပါပြီ။ ထောပတ်ပင်ကို စိုက်ပျိုးရေး လုပ်ငန်းအဖြစ် စတင်တော့မယ်ဆိုရင် ဘာတွေသိထားဖို့ လိုအပ်ပါသေးလဲ။ ထောပတ်စိုက်တောင်သူ ဦးခွန်ထွန်းထွန်းဝင်းက အခုလိုရှင်းပြပါတယ်။

ထောပတ်စိုက်တော့မယ်ဆိုရင် ကျွန်တော်တို့ အရင် မြေပြုပြင်ရတယ်။ မြေပြုပြင်ပြီးမှ နွေရာသီမှာ ကျွန်တော်တို့ ကျင်းတူးရတယ်။ ကျင်းတူးတာ နွေရာသီမှာ ဘာလို့ လုပ်ထားရတုန်းဆိုတာ ကျွန်တော်တို့ နွေရာသီမှာ သုံးပေ ပတ်လည် အနက်က တစ်ပေခွဲပေါ့နော်။ ကျွန်တော်တို့ တူးရပါတယ်။ အဲဒါပြီးမှ ကျွန်တော်တို့ သဘာဝ မြေသြဇာဖြစ်တဲ့ နွားချေးတို့ ကြက်ချေးတို့၊ ကျွဲချေးတို့၊ မြင်းချေးတို့ပေါ့နော်။ ဒီစွန့်ပစ် မြေသြဇာ အသီးအနှံ အရွက်လည်း ရတာပေါ့နော်။ ကျွန်တော်တို့က အကုန်လုံး စုထားပါတယ်။ စုထားပြီးမှ အဲဒီမိုးကျလာပြီဆိုရင် ကျွန်တော်တို့ အဲတာကို ပြန်ဆွပေးပါတယ်။ ပြန်ဆွပြီးမှ ကျွန်တော်တို့ စိုက်တာ အကောင်းဆုံးကတော့ ၇လပိုင်း၊ ၈လပိုင်း၊ ၉လပိုင်းပေါ့နော်။ အကောင်းဆုံးကတော့ ၇လပိုင်း လလယ်ဟာ အကောင်းဆုံးပါ။ အဲဒီအချိန်မှာ မိုးဖွဲဖွဲလေး ရွာတဲ့အချိန်ဆိုတော့အပင်တိုင်း ရာနှုန်းပြည့် အောင်တယ်။

ထောပတ်ပင်ကို စိုက်ပျိုးမယ်ဆိုရင်တော့ ဧပရယ်လလောက်မှာ ထောပတ်သီး အစေ့တွေကနေ အရင်ပျိုးရပါတယ်။ ပျိုးသက်တမ်း သုံးလပြည့်လို့ ရလာတဲ့ အပင်တွေကိုတော့ မိုးရာသီဖြစ်တဲ့ ဇူလိုင်လနဲ့ သြဂုဏ်လတွေမှာ ရွေ့ပြောင်းစိုက်ပျိုးပေးရမှာပါ။ ထောပတ်ပင် တစ်ပင်နဲ့ တစ်ပင် အကွာအဝေးကိုတော့ ပေသုံးတယ် ပတ်လည်လောက် စိုက်ပျိုးသင့်ပြီးတော့ တစ်ဧကကို အပင်အရေအတွက် ၁၂၀ ဝန်းကျင် စိုက်ပျိုးနိုင်ပါတယ်။ အစကောင်းမှ အနှောင်းသေချာဆိုတဲ့ စကားပုံဟာ ထောပတ်ပင် စိုက်ပျိုးရေးမှာ အသုံးဝင်လှပါတယ်။

တစ်ချိန်မှာ အသီးသီးအားတွေကောင်းတဲ့ ထောပတ်ပင်တွေ ရရှိစေဖို့ အတွက် ပျိုးပင် ပြောင်းရွေ့စိုက်ပျိုးချိန်ဟာ အဓိက ကျနေတယ်လို့ သိရပါတယ်။ စိုက်ပျိုးဖို့ လေးငါးလ အလို နွေရာသီကတည်းက ကျင်းတူးပြီးတော့ မြေနှပ်ထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ ပျိုးပင်တွေရဲ့ အမြစ်တွေဟာ ပြည့်ဝတဲ့ အဟာရဓာတ်ကို အလွယ်တကူ စုပ်ယူနိုင်ပြီး ကြီးထွားမှု အားကောင်းစေမှာပါ။ စိုက်ပျိုးပြီး အပင်တစ်နှစ်သားလောက်မှာတော့ လေဝင်လေထွက်ကောင်းဖို့နဲ့ နေရောင်ခြည် ရရှိဖို့အတွက် အကိုင်းတွေကို ရှင်းပေးရမှာပါ။ ဒီလိုရှင်းပေးတာဟာလည်း ရောဂါပိုးမွှားကင်းစေတယ်လို့လဲ သိရပါတယ်။ အသီးခူးပြီးတဲ့ အချိန်မှာလည်း နှစ်စဉ်အကိုင်းကို ပြင်ပေးမယ်ဆိုရင် အသီးလှတယ်လို့ ဆိုကြပါသေးတယ်။ ဒါကိုလည်း ဦးခွန်ထွန်းထွန်းဝင်းကပဲ ဆက်ပြီး ရှင်းပြပါတယ်။

လက်ရှိကျွန်တော်တို့ သုံးကိုင်းပဲ ထားမယ်ဆိုရင် ကျွန်တော်တို့ အလယ်ကို ချိုးလို့ရပါတယ်။ နောက်ပြီးတော့ ဘေးဖျာနေတာလေးကို သုံးကိုင်းပဲ ထားပြီး ချိုးလို့ရပါတယ်။ အခုကတည်းက စပြီးပြုပြင်လို့ ရတာပေါ့နော်။ အပင်ဟာ တစ်နှစ်ပြည့်ရင် လူတစ်ရပ်စာလောက်တော့ ရှိသွားပါပြီ။

ထောပတ်ပင် စိုက်ပျိုးထားတဲ့ ကျင်းတွေဟာ မြေပြင်ပြီးသား ဖြစ်တဲ့အတွက် အခြားသီးနှံလေးတွေလည်း စိုက်ပျိုးပေးလို့ ရပါတယ်။ ဒါ့အပြင် ထောပတ်ပင်စိုက်ခဲ့တာ ၃နှစ်ပြည့်တော့မယ်ဆိုရင် ကလတိုဝင်ငွေ ရရှိဖို့အတွက်လည်း သီးညှပ်ပင်တွေ စိုက်ပျိုးလို့ ရပါသေးတယ်။

ဒီသုံးနှစ်သားမှာ ကျွန်တော်စိုက်ပျိုးထားတာကတော့ သုံးနှစ်နည်းနည်း ကျော်တာပေါ့နော်။ အဲတာမျိုးဆို သူကို သီးညှပ်ထည့်လို့ရတယ်ပေါ့နော်။ စပါး၊ ပန်းနှမ်း၊ မြေပဲ။ ကျွန်တော်တို့ အဲတာတွေ ထည့်လို့ရတယ်ပေါ့နော်။ အားလူး ထည့်လို့ရတယ်။ ကျွန်တော်တို့ ထောပတ်ပင်ရဲ့ကြားမှာ ကျွန်တော်တို့ သီးညှပ်ပုံစံအနေနဲ့ စပါးတွေ ပဲတွေစိုက်တယ်။ ဒါပေမယ့် သူကတော့ ပြောင်းနဲ့ ပဲစင်းငုံကတော့ မကြိုက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့လောင်းရိပ်မိမှာ ကြောက်လို့ပေါ့နော်။

ဥပမာ ကျွန်တော်တို့ ထောပတ် တစ်ဧကကို ၁၂၁ ပင် စိုက်တာပေါ့နော်။ ဒါပေမယ့် အဲဒီထောပတ် တစ်ဧကမှာ အခုဆိုရင် တောင်သူတွေက စပါးတွေကို ပြန်ထည့်တာပေါ့နော်။ စပါးပြန်ထည့်ရင် သူက တစ်ဧကကို စပါးတင်း ၄၀ ထိ ရနိုင်ပါတယ်။ ဒါလည်း မိသားစုတစ်ခုအတွက် ဒီသုံးနှစ်အတွင်းမှာ စပါးထည့်မယ်။ နောက်တစ်နှစ်ကျ မြေပဲပေါ့နော်။ နောက်တစ်နှစ်ကျ ကျွန်တော်တို့ ပန်းနှမ်းထည့်ပါတယ်။ အဲဒါဆိုရင် ဒီအပင်က သီးညှပ်ထည့်ခြင်းအားဖြင့် သူ့ရဲ့ ကုန်ကျစရိတ်ဟာ သီးညှပ်ပေါ်မှာ လုပ်တာ သူ့ကို သန့်ရှင်းရေး လုပ်တာနဲ့ တူတူပဲ။ ကျွန်တော်တို့ မိုးတွင်းမှာ စပါးကို ပေါင်းရှင်းတဲ့အချိန်မှာ စပါးထဲက ထွက်လာတဲ့ အမှိုက်သရိုက်တွေကို ကျွန်တော်တို့ ထောပတ်ကျင်းထဲကို ထည့်ပါတယ်။ ထည့်တဲ့အချိန်ကျ ဒီအပင်က ပိုပြီးမှ ထွားကျိုင်းသန်မာလာတယ်။ သဘောတစ်ခုမှာ ကျွန်တော်တို့ သီးညှပ်လုပ်ခြင်းအားဖြင့် ၆နှစ်/၇နှစ်မှာ သီးမယ့်ဟာ လေးနှစ်ငါးနှစ်မှာ သီးနိုင်ပါတယ်။ အဲဒီဟာ တကယ်တော်တော်လေးကို အားသာပါတယ်။ ပဲစင်းငုံနဲ့ပြောင်းနဲ့တော့ လုံးဝမထည့်မိပါစေနဲ့။ သူကလောင်းရိပ်မိတဲ့အတွက်ကြောင့် ထောပတ်သီးတွေကလည်း အသီးနောက်ကျသွားမယ်။ အပင်ထွက်နှုန်းကလည်း တအားကို ထိခိုက်သွားနိုင်ပါတယ်။

ထောပတ်ပင်ကို ဖျက်ဆီးတဲ့ ရောဂါပိုးတွေကတော့ အရွက်ကြွေတဲ့ပိုးတွေ အကိုင်းနှင့် ပင်စည်တွေမှာ ဝင်ရောက်တဲ့ပိုးတွေပဲ ဖြစ်ပါတယ်။ အကိုင်းနှင့်ပင်စည်မှာ ပိုးဝင်လို့ အချိန်မှီ မသိခဲ့ဘူး ဆိုရင်တော့ တစ်ပင်လုံးကို ဆုံးရှုံးနိုင်ပါတယ်။ ထောပတ်ပင်မှာကျရောက်တတ်တဲ့ ရောဂါပိုးအကြောင်း ဦးခွန်ထွန်းထွန်းဝင်းကပဲ ဆက်ရှင်းပြပါတယ်။

ကျွန်တော်တို့ ထောပတ်တောင်သူတွေ အများဆုံး သိထားရမှာက ဒီပင်စည်ခြောက်ရောဂါက လုံးဝ အကြောက်ရဆုံးပဲ။ တကယ်တော့ ပိုးအရွယ်စားဟာ စကွဲစေ့လောက်ပဲ ရှိတယ်။ အဲပိုးဝင်သွားပြီဆိုရင် တစ်ပင်လုံးကို သေတယ်။ ဒီကောင်ဝင်ပြီဆိုရင် သိသိချင်းမှာ ကျွန်တော်တို့ ခုတ်ပြီး မီးရှို့ဖို့တော့ လိုတယ်ပေါ့။ အခုဒါပဲကြည့် အကြည့်နောက်ကျလို့ ဒါဒီကောင် ဖြစ်ပြီးမှ ဒီတစ်ပင်ကို တန်းကူးလာတာပေါ့နော်။ အခုဒီတစ်ပင်ဆို သိသိချင်းခုတ်တယ်။ ခုတ်ပြီးမှ မီးမရှို့လိုက်ရလို့ ဒီဘက်တစ်ပင်ကို တန်းကူးလာတာ။ အခုဒီတစ်ပင်ဆို အပေါ်ထိ ရောက်နေပြီ။ ဒီကောင်ကို ခုတ်ပြီး မီးရှို့မှ ခုတ်ပြီးမှ ဒီအတိုင်း ထားလိုက်မယ်ဆိုရင် ထွက်လာပြီးမှ ဒီဘက်ကို ကူးလာမှာပေါ့နော်။ ကျွန်တော်တို့ ထောပတ်သီးတောင်သူတွေ ကြောက်ရဆုံးကတော့ ဒီပိုးပါပဲ။ သူကတော့ အပင်သက်တမ်း ၁၀နှစ်လောက်လည်း ဒီပိုးဝင်ရင် သေမှာပဲ။ သိသိချင်း ခုတ်ပြီးတော့ မီးရှို့ရင် ဘာမှမဖြစ်ဘူး။

ထောပတ်ပင်ရဲ့ ပင်စည်အောက်ခြေတွေမှာ ဒုတ်ဋ္ဌာနဲ့ ထုံး ကိုလျောပြီးတော့ သုတ်ပေးမယ်ဆိုရင် ပိုးဥကပ်တာတွေနဲ့ ပိုးကျရောက်တဲ့ အန္တရာယ်တွေကနေ အသင့်အတင့် ကာကွယ်ပေးနိုင်ပါသေးတယ်။ မိရိုးဖလာစိုက်ပျိုးနည်းနဲ့သာ စိုက်ပျိုးလာခဲ့တဲ့ ထောပတ်သီးဟာ ဈေးကွက်ကို ချဲ့ထွင်ရာမှာတော့ အခက်ခဲတွေ ရှိနေပါတယ်။ ထောပတ်သီးစိုက်ခြံတစ်ခုတည်းကနေ ပုံစံတူ အသီးတွေ ရရှိဖို့အတွက် နည်းပညာတွေက တောင်သူ အများစုဆီထံလည်း ရောက်မလာသေးပါဘူး။ ဝတ်မှုန်ကူးချိန်တူနေတာဟာ အသီးပုံစံတစ်မျိုးတည်း ရရှိဖို့အတွက် အဟန့်အတား ဖြစ်နေပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် လက်ရှိစိုက်ပျိုးနေတဲ့ တိုက်ရိုက်စနစ်ကျ စိုက်ပျိုးနည်းစနစ်ကနေ ကိုင်းဆက်မျိုးပွား စိုက်ပျိုးနည်းစနစ်ကို ပြောင်းလဲပေးဖို့ လိုအပ်နေပါတယ်။ ဒီစိုက်ပျိုးနည်းစနစ်နဲ့ပတ်သက်လို့လည်း ဦးခွန်ထွန်းထွန်းဝင်းက အခုလို ရှင်းပြပါတယ်။

ကျွန်တော်တို့ ပြည်ပ ပို့မယ်ဆိုရင် ကျွန်တော်တို့က ဆိုဒ်ကို ထောပတ်သီးက များသောအားဖြင့် ကျွန်တော်တို့ဆီ အခုလောလောဆယ် ရှမ်းပြည်မှာဆို မီးကြီးရှိုတ်ရှိမယ်။ အဝိုင်းရှိမယ်။ ဘူးသီးရှိမယ်။ နောက်တစ်ခါ အချွန်ဆိုတာ ရှိမယ်။ ဆိုပါစို့ ကျွန်တော့်ခြံတစ်ခြံမှာ ငါးဧက စိုက်တဲ့ခြံမှာ အပင် ၆၀၀မှာ ဆိုဒ်ကို တစ်ဆိုဒ်တည်း လုပ်မယ်ဆိုရင်တော့ အဆင်ပြေလောက်တယ်ပေါ့။ ဘာလို့ အဆင်ပြေတုန်းဆိုရင် ကျွန်တော်တို့ အပင် ၆၀၀ စိုက်မယ်။ ဒီဟာကို ကိုင်းကူးလိုက်မယ်ဆိုရင် သူက အဲဒီ ၆၀၀လုံးက တစ်ဆိုဒ်တစ်ပဲ ထွက်လာမယ်။ အခုကျွန်တော်တို့ ဖြစ်နေတာ နည်းပညာအားနည်းတာလဲ ပါတာပေါ့နော်။ မသိတာတွေလည်း ပါလို့ပေါ့နော်။ အရင်တုန်းက စိုက်နေတာ အစေ့စိုက်တာပေါ့။ ဆိုပါစို့ ဒီအပင်ကို စိုက်လိုက်တယ်။ သဘောသဘာဝက သူရဲ့ပတ်ဝန်းကျင်မှာ ဆိုဒ်စုံရှိနေတော့ ဝတ်မှုန်ကူးတဲ့အခါမှာ သူက ဆိုဒ်စုံ ပြန်ထွက်လာတယ်။ ကျွန်တော် ဆိုဒ်တစ်ဆိုဒ်တည်းကို မရောက်နိုင်ဘူး။ ဆိုဒ်တစ်ဆိုဒ်တည်းရဖို့ ပြည်ပကို တင်ပို့ပို့ဆိုတာ ကျွန်တော်တို့ နည်းပညာလိုတယ်။ ကျွန်တော်တို့ ဘာတွေလိုအပ်တုန်းဆိုတော့ ကျွန်တော်တို့ တောင်သူတွေ အကုန်အသုံးပြုရမှာက ကျွန်တော်တို့ ကိုင်းကူး ကိုင်းဆက်လုပ်မှ ပြုပြင်မှသာ ကျွန်တော်တို့ ဆိုဒ်တစ်ဆိုဒ်တည်း နိုင်ငံခြားက လိုအပ်သလောက် ကျွန်တော်တို့ အဲတာကို ဥမမာ ဒီမီးသီးခြံ တစ်ခြံဆို ဒီတစ်ခြံလုံးကို ကျွန်တော်တို့ ပို့လို့ရမယ်။ အခုက ကျွန်တော်တို့ဆီမှာ အပင်တွေ အများကြီး ရှိတယ်။ ဆိုဒ်က အမျိုးစုံထွက်နေတော့ ကျွန်တော်တို့ အဲတာကို လုံးဝ မပြုပြင်နိုင်သေးတော့ ကျွန်တော်တို့ သွားလို့ ရအုံးမှာ မဟုတ်ဘူးပေါ့နော်။

ထောပတ်သီးကို နှစ်စဉ် ၁၀ လပိုင်းမှာ တစ်ကြိမ် ၃လပိုင်းမှာ တစ်ကြိမ် ခူးစွတ်ပြီးတော့ ပြည်တွင်းဈေးကွက်ကို တင်ပို့လေ့ ရှိကြပါတယ်။ အစောသီးလို့ခေါ်တဲ့ ၁၀ လပိုင်း ခူးစွတ်တဲ့ အသီးဟာ ဈေးရရှိမှု နည်းပါးပါတယ်။  ၃လပိုင်းဝန်းကျင်မှာ ခူးတဲ့ အသီးကတော့ ဈေးကောင်းရလေ့ရှိတယ်လို့ သိရပါတယ်။ ထောပတ်သီးရောင်းရာမှာတော့ အပွင့်ပွင့်ချိန်မှာ အပင်ပြတ်ရောင်းချနိုင်သလို အသီးကို ဈေးကောင်းရအောင် စောင့်ပြီးတော့ အသီးလိုက် ရောင်းချလို့လဲ ရပါတယ်။ ထောပတ်သီး ကုန်သည်တွေဟာ ထောပတ်ပင်ရဲ့ အပွင့်ပွင့်နှုန်းနဲ့ အပင်ရဲ့ သက်တမ်းပေါ်ကို မှုတည်ပြီးတော့ တစ်ပင်ကို ငွေကျပ် ငါးသောင်းဝန်းကျင်ကနေ သုံးသိန်းဝန်းကျင်အထိ ဈေးပေးပြီးတော့ ကြိုတင်ဝယ်ယူလေ့ ရှိကြပါတယ်။

အသီးကို ခူးစွတ်ပြီးတော့ ရောင်းချတဲ့နည်းကတော့ ထောပတ်သီးတစ်အိတ်ကို ငွေကျပ် သုံးသောင်းကနေ အမြင့်ဆုံး ခုနှစ်သောင်းဝန်းကျင်ထိ ရရှိပါတယ်။ တစ်အိတ်မှာတော့ ထောပတ်သီးရဲ့ အလုံးအသေး အကြီးပေါ် မှုတည်ပြီးတော့ အလုံးရေဟာ ၇၀ ကနေ ၁၀၀ ကျော်ထိ ပါဝင်တယ်လို့လဲ သိရပါတယ်။ ထောပတ်သီဟာ ပြည်တွင်းစားသုံးမှု ဈေးကွက်အတွင်းမှာပဲ ရှိနေသေးပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းက ထွက်တဲ့ ထောပတ်သီးတွေကို ဝယ်ယူဖို့အတွက်ပြည်ပ နိုင်ငံတွေက ကမ်းလှမ်းထားတာလဲ ရှိနေပါတယ်။ ဒါကတော့ ထောပတ်စိုက်တောင်သူူတွေအတွက် ကောင်းမွန်တဲ့ အလာအလာ ဖြစ်လာနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly