အမည်မသိလူတစ်ဦးက နိုဘဲငြိမ်းချမ်းရေးဆုအတွက် ဒေါ်နယ်ထရန့်ကို အမည်စာရင်းသွင်းခဲ့

အမည်မသိလူတစ်ဦးက နိုဘဲငြိမ်းချမ်းရေးဆုအတွက် ဒေါ်နယ်ထရန့်ကို အမည်စာရင်းသွင်းခဲ့

အော့စလို၊ ဖေဖော်ဝါရီ - ၅ ။            ။ ယခုနှစ် နိုဘဲ ငြိမ်းချမ်းရေးဆု စကာတင်စာရင်းထဲတွင် ဆီးရီးယားဒုက္ခသည်များကို ကြိုဆိုခဲ့သည့် ဂရိကျွန်းအုပ်စု၊ အိုင်အက်စ် လိင်ကျွန်ဘဝမှ ထွက်ပြေး လွတ်မြောက်လာပြီး အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူဖြစ်လာသူ၊ နှစ်၅၀ကြာ ကိုလံဘီယာပြည်တွင်းစစ်ကို အဆုံးသတ်ပေးခဲ့သည့် စေ့စပ်ညှိနှိုင်းသူများနှင့် National Security Agency ၏ သတင်းဖွင့်ချသူ အက်ဒွပ် စနိုးဒင်တို့ ပါဝင်နေသည်။

ယမန်နှစ် ယခုအချိန်အတွင် ရုပ်သံအစီအစဉ်တစ်ခုကို တင်ဆက်နေခဲ့သည့် ရီပတ်ဘလီကင် သမ္မတလောင်း ဒေါ်နယ်ထရန့်ကို အမည်မသိပုဂ္ဂိုလ်တစ်ဦးက ၂၀၁၆ခုနှစ် နိုဘဲ ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်း အဆိုပြုတင်သွင်းခဲ့သည်ဟု ခရဏ်ရှန် ဘာ့ ဟာ့ဗီကင်က စီအင်အင်သို့ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

အော့စလိုရှိ Peace Research Institute မှ နိုဘဲဆုစောင့်ကြည့်သူနှင့် ညွှန်ကြားရေးမှူးဖြစ်သည့် ဟာ့ဗီကင်က အဆိုပြုသူ၏ အမည်နာမကို ထုတ်မပြောရန် ကတိခံထားသော်လည်း အဆိုပြုလွှာပါ အကြောင်းအရာများကိုမူ အွန်လိုင်းတွင် မျှဝေခဲ့သည်။

အဆိုပါ အဆိုပြုလွှာတွင် အစွန်းရောက်အစ္စလာမ်ဝါဒ၊ အိုင်အက်စ်၊ နျူကလီးယားအီရန်နှင့် ကွန်မြူနစ်တရုတ်တို့ကို လက်နက်ဖြင့် ခြိမ်းခြောက်ဟန့်တားကာ အင်အားဖြင့် ခိုင်မာသော ငြိမ်းချမ်းရေးကို တည်ဆောက်မည့် သဘောတရားအတွက် ထရန့်ကို ချီးကျူးထားသည်ဟု ဆိုသည်။

သူ၏ မဲဆွယ်ပွဲများအတွင်း ထရန့်က အိုင်အက်စ်တို့ အလုံးအရင်းနှင့် ဗုံးကြဲတိုက်ခိုက်မည်ဟု အကြိမ်ကြိမ် ကတိပြုခဲ့သလိုူ၊ တရုတ်နှင့် ကုန်သွယ်ရာတွင်လည်း အကာအကွယ် အခွန်စည်းကျပ်မည်ဟု ခြိမ်းခြောက်နေခဲ့သည်။

ဆုံးဖြတ်ရွေးချယ်သည့် လုပ်ငန်းစဉ်ကို အသေးစိတ်ဖော်ပြလေ့မရှိသည့် နိုဘဲကော်မတီက လူထောင်ပေါင်းများစွာကို ဆုနှင့် ထိုက်တန်သည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို အဆိုပြုတင်သွင်းခွင့်ပေး ထားသည်။

သို့ရာတွင် ဟာဗီကင်၏ နောက်ဆုံးစကာတင်စာရင်းတွင်မူ ထရန့်မပါဝင်ဘဲ၊ လက်ရှိတွင် စနိုးဒင်နှင့် အမေရိကန်နှင့် အီရန် နျူကလီးယား စေ့စပ်ညှိနှိုင်းရေးမှူးနှစ်ဦးသာလျှင် ထိပ်ဆုံးကရပ်တည်နေ သည်ဟုဆိုသည်။ အမည်စာရင်း အသွင်းခံရပြီး ဆုမရရှိခဲ့သူများထဲတွင် မဟတ္တမ ဂန္ဓီ၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၊ အဒေါ့ဖ် ဟစ်တလာနှင့် ဗလာဒီမီယာ ပူတင်တို့ ပါဝင်နေသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly