အမေရိကန်၏ လူ့အခွင့်အရေးမှတ်တမ်း တရုတ်ပြင်းထန်စွာဝေဖန်

အမေရိကန်၏ လူ့အခွင့်အရေးမှတ်တမ်း တရုတ်ပြင်းထန်စွာဝေဖန်

ပေကျင်း၊ ဇွန် ၂၆ ။      ။ ဝါရှင်တန်က ပေကျင်း၏ လူ့အခွင့်အရေးကိစ္စဝေဖန်ပြီးနောက် နောက်တစ်ရက်တွင် တရုတ်ကလည်း အမေရိကန်ရဲတပ်ဖွဲ့၏ ရက်စက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာထောက်လှမ်းမှုကို ရှုတ်ချလျက် ကြောက်မက်ဖွယ်လူ့အခွင့်အရေးမှတ် တမ်းဟု တရုတ်က အမေရိကန်ကို ဇွန် ၂၆က ပြင်းထန်စွာဝေဖန်လိုက်သည်။

အမေရိကန်တွင် သေနတ်များပျံ့နှံ့နေခြင်း၊အကြမ်းဖက်ပြစ်မှုများ မကြာခဏဖြစ်ပေါ်နေခြင်း၊ရဲတပ်ဖွဲ့၏ အင်အားအလွန်အကျွံသုံး စွဲခြင်းတို့က အမေရိကန်ကိုခြောက်လှန့်နေသည်ဟု တရုတ်ကပြောကြားခဲ့သည်။

အမေရိကန်သည် ဒရုန်းတိုက်ခိုက်မှုများ၊ ကြီးမား သည့်ထောက်လှမ်းမှုများပြုလုပ်ခြင်းဖြင့် အခြားနိုင်ငံများတွင် လူ့အခွင့်အရေး ချိုးဖောက်နေသကဲ့သို့ အကြမ်းဖက်သံသယရှိသူများကိုလည်း အရမ်းကာရောနှိပ်စက်လျက်ရှိသည်ဟု တရုတ်ကဆိုသည်။

အမေရိကန်နိုင်ငံခြားရေးဋ္ဌာနက ၎င်းနှစ်စဉ်ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးအစီအရင်ခံစာ ထုတ်ပြီးနောက်တွင် တရုတ်က လည်း နှစ်စဉ်တုံ့ပြန်သည့်စာရွက်စာတမ်းကို ထုတ်ပြန်လေ့ရှိသည်။ပေကျင်းက အခြားနိုင်ငံများ၏ လူ့အခွင့်အရေးနှင့် ပတ်သက် သည့်အစီအရင်ခံစာများ မထုတ်ပြန်ပေ။

တရုတ်နှင့် မတူညီသည်မှာအမေရိကန်သည် ပါတီစုံဒီမိုကရေစီဖြစ်သော်လည်း အမေရိကန်နိုင်ငံရေးတွင် ငွေကသာ အဆုံး အဖြတ်ပေးသည့် အရာဖြစ်နေပြီး အမေရိကန်နိုင်ငံသားများ၏ နိုင်ငံရေးအခွင့်အရေးများကိုလည်း သင့်လျော်စွာ အကာအကွယ် မပေးဟု တရုတ်၏ အစီအရင်ခံစာက ဖော်ပြသည်။

တရုတ်ကွန်မြူနစ်ပါတီသည် ၎င်း၏ အုပ်ချုပ်ပိုင်ခွင့်ကို ပွင့်ပွင့်လင်းလင်းစိန်ခေါ်သူ သို့မဟုတ် လူသိရှင်ကြားဆန့်ကျင်သူများကို အကြိမ်ကြိမ်ထောင်ချလေ့ရှိသည်။

အမှန်ဝန်ခံမှုရရှိစေရန် တရုတ်ရဲများ၏ နှိပ်စက်မှုသည် ဖြစ်တောင့်ဖြစ်ခဲကိစ္စမဟုတ်ဟု တရုတ်နိုင်ငံပိုင်မီဒီယာက ဒီဇင်ဘာလက ထူးထူးခြားခြားဝန်ခံခဲ့သည်။

တရုတ်နိုင်ငံတော်ကောင်စီ သို့မဟုတ် ကက်ဘိနက်ထုတ်ပြန်ခဲ့သော ဇွန် ၂၆က စာရွက်စာတမ်းသည် အများအားဖြင့် အမေရိကန်ပြည်တွင်းမီဒီယာဝက်ဘ်ဆိုက်များကို ကိုးကားခဲ့သည်။ အမေရိကန်၏ တရားရေးစနစ်သည် လူမျိုးရေးဘက် လိုက်မှုများ နက်နက်ရှိုင်းရှိုင်းရှိနေသည်ဟုလည်း တရုတ်က ပြောသည်။

ဇွန် ၂၅ရက်က ဝါရှင်တန်၏ အစီအရင်ခံစာတွင် တရုတ်တွင် ဖိနှိပ်မှုနှင့် အဓမ္မဆန်ခြင်းမှာ ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ပြီး အထူး သဖြင့် ပြည်သူနှင့်နိုင်ငံရေးအခွင့်အရေးကို ရပ်တည်သောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကိုဖိနှိပ်သည်ဟု ဖော်ပြထားသည်။

ထို့အပြင် ပေကျင်းသည် ဝီဂါနှင့် တိဘက်လူမျိုးများအပေါ်ဆက်လက်ဖိနှိပ်မှုများ ရှိနေသည်ဟု ဝါရှင်တန်၏ အစီအရင်ခံ စာတွင်ဖော်ပြထားသည်။ ထို့အပြင် တစ်စိတ်တစ်ပိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်နှင့် ပတ်သက်၍လည်း တရုတ်ကိုဝေဖန်ထားသည်။

လူ့အခွင့်အရေးကိစ္စသည် တရုတ်နှင့် ဝါရှင်တန်ကြား တင်းမာစေသည့် အကြောင်းတစ်ခုဖြစ်သည်။ ၁၉၈၉ခုနှစ် တီယန်နာမန် ရင်ပြင်အရေးအခင်းတွင် ဒီမိုကရေစီလိုလားသည့်ဆန္ဒပြသူများကို တရုတ်ကနှိမ်နင်းမှုကြောင့် ဝါရှင်တန်က ပေကျင်းကို ပိတ်ဆို့ ဒဏ်ခတ်မှုများပြုလုပ်ခဲ့သည်။ ထိုစဉ်က တရုတ်အစိုးရ၏နှိမ်နင်းမှုကြောင့် လူ ၁,၀၀၀ ကျော်သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly