မန္တလေးတွင် ဇီကာဗိုင်းရပ်စ် ပတ်သက်၍စောင့်ကြည့်မည်

မန္တလေးတွင် ဇီကာဗိုင်းရပ်စ် ပတ်သက်၍စောင့်ကြည့်မည်

မန္တလေး၊ဖေဖော်ဝါရီ ၄ ။           ။ မန္တလေးတိုင်းဒေသကြီးတွင် ဇီကာဗိုင်းရပ်စ်(Zika Virus)နှင့်ပတ်သက်၍ကြိုတင်ကာကွယ်ရေး အတွက် စောင့်ကြပ် ကြည့်ရှုလုပ်ငန်းများ နှင့်ခြင်ကျားနှိမ်နှင်းရေး လုပ်ငန်းများကို အထူးကုဆရာဝန်ကြီးများနှင့် အတူအင်အားဖြည့်တင်း၍ ဖေဖော်ဝါရီလ ၄ ရက်မှစတင်ကာ ဆောင်ရွက်နေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ ဦးစီးမှူးဒေါက်တာဝင်းနိုင်က မဇ္ဈိမ ကိုပြောသည်။

အဆိုပါဗိုင်းရပ်စ်သည် လက်တင်အမေရိကတွင် ဖြစ်ပွားနေပြီးအာရှနိုင်ငံများနှင့် အာဖရိကသို့ ကူးစက်ပျံံ့နှံ့နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှဖေဖော်ဝါရီ ၂ ရက်နေ့က ဂျနီဗာရုံးချုပ်တွင်   ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်သည်ဟု ဒေါက်တာဝင်းနိုင်ကဆိုသည်။

“သွေးလွန်တုပ်ကွေးကူးစက်စေတတ်တဲ့ ခြင်ကျားကတစ်ဆင့် ဇီကာဗိုင်းရပ်စ်ကူးစက်တာဖြစ်လို့ ခြင်ကျား အကိုက်မခံဖို့  ကာကွယ်ရေးလုပ်ငန်းကအရေးကြီးတယ်။ ကျန်းမာရေးဝန်ကြီးဌာန တစ်ခုတည်းနဲ့ လုပ်လို့မရဘူး။ပြည်သူလူထုကလည်း ညွှန်ကြားချက်တွေကိုလိုက်နာခြင်းနဲ့ပူးပေါင်း ဆောင်ရွက်ရမှာပါ။”ဟု ဒေါက်တာဝင်းနိုင်က ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ လေယာဉ်ကွင်းတွင် ကာကွယ်ရေးအတွက် အင်အားတိုးချထားပြီးပြင်ပနိုင်ငံများမှ ဝင်ရောက်လာသည့်   နိုင်ငံခြားခရီးသွား ဧည့်သည် များကိုစောင့်ကြပ်လေ့လာကြည်ရှုနေသည်ဟုလည်းဆိုသည်။

“ခြင်ကျားနှိမ်နင်းရေးကို မြို့တော်စည်ပင်နဲ့ NGO တွေကလည်းလိုက်ပါလုပ်ဆောင်နေကြတယ်။ သွေးလွန် တုတ်ကွေးလိုတော့ လက္ခဏာပြင်းထန်တာမရှိပေမယ့် နောက်ဆက်တွဲက ဆိုးရွားလာနိုင်တယ်။ ခုခံအားစနစ်က ခန္ဓာကိုယ်ရဲ့အာရုံကြောစနစ်ကို တိုက်ခိုက်ခံရတာပဲ။ အသက် အရွယ်မရွေး ဖြစ်နိုင်ခြေရှိ ပါတယ်။" ဟု ဒေါက်တာဝင်းနိုင်ကရှင်းပြသည်။

ဗိုင်းရပ်ကူးစက်ခံရမှုခံစားရသူများတွင် ခြေလက်များထုံကျင်၍ကြွက်သားအားနည်းလာတတ် ကြောင်း၊ဆိုးရွား လာပါက အသက်ရှူလမ်းကြောင်းရှိ ကြွက်သားများထိခိုက်ခံရကာ ဆေးရုံတွင် ကုသခံရသည်ထိ ဖြစ်လာနိုင်ကြောင်း ၊ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကူးစက်ခံရပါက မွေးဖွားလာမည့် ရင်သွေးမှာ အသက်ကြီးသည် အထိ ဦးနှောက်ဖွံ့ဖြိုးမှုမရှိသူ တစ်ယာက်ဖြစ်လာနိုင် သည်ဟုဆိုသည်။

သွေးလွန်တုတ်ကွေးဖြစ်ပွားစေသည့် အေးဒီးခြင်(ခြင်ကျား)ကိုက်ခံရမှုမှ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရနိုင်ပြီး လက်ရှိအခြေအနေတွင် တားဆီးနိုင်သည့် ဆေးဝါးမရှိ သေးကြောင်း၊ တစ်ကမ္ဘာလုံးနိုင်ဆိုင်သည့်  ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် WHO က ကြေငြာထားသည်ဟုလည်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly