အီဂျစ်နိုင်ငံမှာ ခေတ်အဆက်ဆက် ဂျာနယ်လစ် အရေအတွက် အများဆုံးကို ထောင်ချထား သည်ဟုဆို

အီဂျစ်နိုင်ငံမှာ ခေတ်အဆက်ဆက် ဂျာနယ်လစ် အရေအတွက် အများဆုံးကို ထောင်ချထား သည်ဟုဆို

ကိုင်ရို၊ ဇွန်-၂၆ ။     ။ ဂျာနယ်လစ်ကာကွယ်ရေးကော်မတီ (Committee to Protect Journalists-CPJ)၏ ဇွန်၂၅ရက်နေ့ က ပြောကြားချက်အရ အီဂျစ်နိုင်ငံမှာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ဖိနှိပ်ဖြိုခွင်းရန် နိုင်ငံတော်လုံခြုံရေးအကြောင်းပြချက်ဖြင့် မှတ်တမ်းစတင်ပြုစုခဲ့သည်မှ ယနေ့အချိန်အထိ ဂျာနယ်လစ်ဦးရေအများဆုံးကို ဖမ်းဆီးထောင်ချထားသည်ဟု ဆိုသည်။

ဇွန်လ ၁ရက်နေ့က CPJကပြုလုပ်သည့် ထောင်လူဦးရေစစ်တမ်းအရ ၎င်းတို့၏ သတင်းနှင့်ဆက်နွယ်သည့် အကြောင်းပြ ချက်များဖြင့် အနည်းဆုံး အီဂျစ်ဂျာနယ်လစ် ၁၈ဦးကို ထောင်သွင်းအကျဉ်းချထားပြီး၊ ယင်းမှာ CPJက ထောင်ချခံရသည့် ဂျာနယ်လစ်များကို စတင်မှတ်တမ်းတင်ခဲ့သည့် ၁၉၉၀ခုနှစ်ကတည်းက ယခုအချိန်အထိ အများဆုံးအရေအတွက်ဖြစ်သည်ဟု ဆိုသည်။  

 ‘ဂျာနယ်လစ်တစ်ယောက်အဖို့ ထောင်ကျမည့်အန္တရာယ်မှာ အာဏာပိုင်များက မီဒီယာများကို ဝေဖန်ချက်များကို ဆင်ဆာဖြတ်တောက်ရန် ဖိအားပေး၊ ထိရှလွယ်သည့် အကြောင်းအရာများကို ရေငုံနှုတ်ပိတ်နေရန် အမိန့်များ ထုတ်ပြန်နေတဲ့ အခြေအနေအခင်းအကျင်းရဲ့ အစိတ်အပိုင်းပဲဖြစ်ပါတယ်’’ဟု CPJက ဇွန်၂၅ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ တစ်စောင်တွင် ပြောကြားခဲ့သည်။

အီဂျစ် စာနယ်ဇင်းလုပ်ငန်းစု၏ လွတ်လပ်ခွင့်ကော်မတီအကြီးအကဲ ခါလတ် အယ်ဘာရှီကမူ ထောင်သွင်းအကျဉ်းချခံရသည့် ဂျာနယ်လစ်အရေအတွက်မှာ CPJ ဖော်ပြသည်ထက်ပင် ပိုမိုမြင့်မားပြီး အယောက် ၃၀ကျော်သည်ဟု ပြောကြားသည်။

‘အီဂျစ်သမိုင်းမှာ ဂျာနယ်လစ်ဇင်အတွက် အဆိုးရွားဆုံး ရာသီဥတုအခြေအနေကို ကြုံတွေ့နေရတာပါ’ဟု ခါလတ်က ရိုက်တာသို့ ပြောကြားခဲ့သည်။ အီဂျစ်အကျဉ်းထောင်များထဲတွင် ဂျာနယ်လစ် မည်ရွေ့မည်မျှ အကျဉ်းကျခံနေရသည်ကိုမူ အတည်အကျ အတည်ပြုနိုင်ခြင်းမရှိပေ။   

သို့ရာတွင် ထောင်ချခံရသည့် ဂျာနယ်လစ်အများစုကိုမူ ကိုင်ရိုအစိုးရက အကြမ်းဖက်အုပ်စုတစ်စုအဖြစ် သတ်မှတ်ထားသည့် မွတ်စလင်ညီနောင်အဖွဲ့နှင့် ပတ်သက်နေသည်ဟု အစိုးရက စွပ်စွဲထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly