ရခိုင်ပြည်နယ် ရေကြီးမှုများ အခြေအနေ ပိုဆိုးရွားလာ

ရခိုင်ပြည်နယ် ရေကြီးမှုများ အခြေအနေ ပိုဆိုးရွားလာ
ဇွန် ၂၆ ညနေ သံတွဲမြို့ ရေကြီးနေပုံ ( ဓာတ်ပုံ - ကိုဆောင်းသစ်)

ရန်ကုန်၊ဇွန် ၂၆ ။     ။ ရခိုင်ပြည်နယ် သံတွဲ၊ စစ်တွေ၊ မောင်တောနှင့် ကျောက်တော်မြို့များတွင် မိုးကြီးသဖြင့် မြစ်ချောင်းများ မှ ရေကြီးရေလျှံမှုကြောင့် ရေးဘေးဒုက္ခသည် တစ်ထောင်ခန့် အကူအညီလိုအပ်လျှက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ် သံတွဲမြို့နှင့် ဘူးသီးတောင်မြို့တို့တွင် ပိုမိုဆိုးရွားလျှက်ရှိသည်ဟု ဆိုသည်။

"ဈေးက နှစ်ထပ်မြုပ်ပြီး ဆေးရုံကတော့မြုပ်သွားပြီ။ လူနာတွေကို စာသင်ကျောင်းပို့ထားပြီး ဆရာဝန်တွေလည်း အဲဒီမှာ ကုပေးနေ ရတယ်။ ရေက ဒီနေ့ ပိုတက်လာတယ်။" ဟု ဘူးသီးတောင်မြို့မ (၁) ရပ်ကွက်မှ ဦးရှရိဒ်က ပြောသည်။

ဘူးသီးတောင်ဈေးတွင် ဆိုင်းခန်းပေါင်း ၆၁၀ ရှိပြီး ဆိုင်ခန်း ၄၀၀ ခန့် ရေနက်မြုပ်သွားခြင်းဖြစ်သည်။ ဒေသဆိုင်ရာ အစိုးရ အဖွဲ့များအနေဖြင့် ဘူးသီးတောင်မြို့နယ်တွင် ကယ်ဆယ်ရေးစခန်း လေးခု ဖွင့်လှစ်ထားပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်လျှက်ရှိသည်ဟု ပြည်နယ်အစိုးရ အဖွဲ့က ဆိုသည်။

"တစ်မြို့လုံးကို ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတယ်။ ဌာနဆိုင်ရာတွေလည်းပါတယ်။ ပရဟိတ အဖွဲ့တွေလည်းပါတယ်။" ဟု မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေကပြောသည်။

ရခိုင်ပြည်နယ် သံတွဲမြို့နယ် အနိမ့်ပိုင်းရပ်ကွက်များမှ လူဦးရေ သုံးရာခန့် ယာယီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင် လျှက်ရှိသည်။

"စားသောက်ရေးကတော့ အခြားရပ်ကွက်က လာဝေတော့ပြသနာမရှိ။ အဆောက်အအုံတစ်ခုတည်းမှာ လူတွေနဲ့ ၊ ကျွဲနွားတွေ ဝက်တွေ ပေါင်းနေရတယ်။" ဟု သံတွဲမြို့ညောင်ပင်ဈေးရပ်ကွက်မှ ဒေါ်ခင်မာချိုကဆိုသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့ စပါးဆိပ်ရပ်ကွက်တွင် အိမ်ခြေ သုံးရာခန့် ရေနစ်မြုပ်လျှက်ရှိပြီး၊ လယ်ယာမြေအချို့ ပျက်စီးနိုင် သည် ဟု ကျောက်တော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောငြိမ်းထံမှ သိရသည်။

"ပျိုးခင်းတွေကတော့ ပျက်သွားမှာပေါ့။ စပါးစိုက်ချိန်မှာ မြုပ်ရင်တော့ ဒီထက်ဆိုးနိုင်ပါတယ်။" ဟု ဦးစောငြိမ်းကပြောသည်။

စစ်တွေမြို့အတွင်း၌လည်း ရေလျှံမှုဖြစ်ပေါ်လျှက်ရှိသည်ဟု စစ်ထွေမြို့ခံ ဦးအောင်ဝင်းကပြောသည်။

"ဒုက္ခသည်စခန်း လေးခုက သွတ်တွေ လန်သွားတယ်။ အိမ်ထောင်စု သုံးဆယ်လောက် လောလောဆယ် အခက်တွေ့နေတယ်။" ဟု ၎င်းကပြောသည်။

မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဦးထွန်းလွင်က ပြည်နယ်နှင့်တိုင်းဒေသကြီး ကိုးခုခန့်တွင် ရေကြီးရေလျှံမှု များဖြစ်ပေါ်နိုင်သည် ဟု သုံးသပ်ထားသည်။

ဦးထွန်းလွင်က "မြစ်ဝကျွန်းပေါ်နဲ့ ကမ်းရိုးတန်းက အန္တရာယ်ရှိတယ်။ မိုးကလည်း တစ်ပတ်လုံး ဆက်တိုက်ကြီးအုန်းမယ် ခင်ဗျ။" ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly