ဘာသာရေးအမုန်းကို အမြတ်ထုတ်သည့် နိုင်ငံရေးကို ဆန့်ကျင်ရမည်ဟု အိုဘားမား ပြော

ဘာသာရေးအမုန်းကို အမြတ်ထုတ်သည့် နိုင်ငံရေးကို ဆန့်ကျင်ရမည်ဟု အိုဘားမား ပြော

ဘာတီမိုး၊ ဖေဖော်ဝါရီ-၄ ။          ။ ၂၀၁၆ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် ပြင်ဆင်နေသည့် ကာလတွင် ရီပတ်ဘလီကင်များက အစ္စလာမ်ဆန့်ကျင်ရေးများ ပြောဆိုနေသည့်ကြားမှပင် သမ္မတ ဘားရက်အိုဘားမားက ဗလီတစ်ခုသို့ ပထမဆုံးအကြိမ် သွားရောက်လည်ပတ်ခဲ့ကာ ဘာသာတရားတစ်ခုကို တိုက်ခိုက်နေတာဟာ ဘာသာတရားအားလုံးကို တိုက်ခိုက်နေတာပဲဆိုတာကို ခရစ်ယာန်တွေ နားလည်ရမယ်ဟု ဘာတီမိုးအပြင်ဘက်ရှိ မွတ်စလင်ပရိသတ်ကို ပြောကြားခဲ့သည်ဟု ဆိုသည်။

ဗုဒ္ဓဟူးနေ့က အိုဘားမားက ဘာတီမိုး အစ္စလာမ်အသင်းသို့ တက်ရောက်ခဲ့ပြီး နိုင်ငံအတွင်းရှိ မွတ်စလင်များအား ပုံဖျက်သိက္ခာချခြင်းများကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။

အိုင်အက်စ်အကြမ်းဖက်သမားများက ပါရီနှင့် ဆန်ဘာနာဒိုတွင် တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက်တွင် တပ်ဦးမှ ကုဋေကြွယ်သူဌေးကြီး ဒေါ်နယ် ထရန့်အပါအဝင် ရီပတ်ဘလီကင် သမ္မတလောင်းများက မွတ်စလင်ဆန့်ကျင်ရေးများကို တွင်တွင်ပြောလာခဲ့ကြသည်။

‘လူတွေက မကြာခဏဆိုသလိုပဲ ကြောက်မက်ဖွယ် အကြမ်းဖက်လုပ်ရပ်တွေကို ကိုးကွယ်ယုံကြည်မှုတစ်ခုလုံးနဲ့ ရောထွေးမြင်တတ်ကြတာ ခင်ဗျားတို့ တွေ့ကြရမှာပါ’ဟု အိုဘားမားက ပြောကြားပြီး အစ္စလာမ်မုန်းတီးရေးအတွက် နိုင်ငံတွင် ခြေချစရာ နေရာမရှိကြောင်းလည်း သတိပေးလိုက်သည်။

‘ဘာသာရေးကြောင့် လူတွေရဲ့အမုန်းစိတ်ကို အမြတ်ထုတ်ချင်တဲ့ နိုင်ငံရေးကို ဆန့်ကျင်ရမယ်။ ဘာသာရေးအမုန်းကို အခြေခံတဲ့ ရာဇဝတ်မှုတွေကို အပြစ်ပေးပြီး အမေရိကန်အားလုံးရဲ့ နိုင်ငံသားအခွင့်အရေးတွေကို ထိန်းသိမ်းထားရမယ်’’ဟုလည်း အိုဘားမားက ထပ်လောင်း ပြောကြားခဲ့သည်။

ဝတ်ပြုရာနေရာကို အထွတ်အမြတ်ပြုရန် မွတ်စလင်များလုပ်သလို ဖိနပ်များကို ချွတ်ခဲ့သည့် အမေရိကန်သမ္မတက တစ်ခုတည်းသော အမေရိကန်မိသားစုကြီးအဖြစ် ထိန်းသိမ်းထားရန် မွတ်စလင်များ၏ ကြိုးပမ်းအားထုတ်မှုများအတွက် ကျေးဇူးတင်ပါကြောင်းလည်း အိုဘားမားက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly