ထိုင်းမြောက်ပိုင်းတွင် အမှုသံသယရှိသူ ရ၅၄ဦးအပြင် မူးယစ်ဆေးဝါးနှင့် လက်နက်များဖမ်းဆီးမိ

ထိုင်းမြောက်ပိုင်းတွင် အမှုသံသယရှိသူ ရ၅၄ဦးအပြင် မူးယစ်ဆေးဝါးနှင့် လက်နက်များဖမ်းဆီးမိ

လမ်ပန်၊ ဖေဖော်ဝါရီ ၄ ။         ။ တရုတ်နှစ်သစ်ကူးပွဲတော်မတိုင်မီ ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ၁၀ရက်ကြာမှုခင်းနှိမ်နင်းရေးပြုလုပ်စဉ် အမှုဟောင်းအမှုသစ်များမှ သံသယရှိသူ ၇၅၄ ဦးကို ဖမ်းဆီးခဲ့သည့်အပြင် မူးယစ်ဆေးဝါးနှင့် လက်နက်များစွာလည်း ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးခံရသည့် သံသယရှိသူအများစုမှာ တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် လက်နက်မှောင်ခိုမှုတွင် ပါဝင်သူများ၊ သြဇာရှိသူများ၊ လူထုအနှောက်အယှက်ဖြစ်အောင် လမ်းပေါ်ပြိုင်ကားပြိုင်မောင်းသူများပါဝင်သည်။ သိမ်းဆည်းရမိသောပစ္စည်းများကို ဖေဖော်ဝါရီ ၄က လမ်ပန်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြသထားသည်။

စစ်ဆင်ရေးကို စစ်သားများ၊ ရဲများနှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့မှ အရာရှိများပါဝင်သော ပေါင်းစည်းအဖွဲ့များက မြောက်ပိုင်းရှိ ပြည်နယ်ရှစ်ခုတွင် ဇန်နဝါရီ ၂၆မှ ဖေဖော်ဝါရီ ၄ အတွင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့ဒေသ-၅မှ ရဲမင်းကြီး ဒု-ဗိုလ်ချုပ်ကြီး သာနစ်ဆတ်သီရာဆာဝတ်က ပြောသည်။

ပေါင်းစည်းအဖွဲ့များသည် စပိဆေးပြား ၅၆၂,၆၆၃ပြားနှင့် အစိုင်အခဲမီသမ်ဖက်တမင်း၊ ဟီးရိုးအင်းနှင့် ဆေးခြောက်ကဲ့သို့ အခြားမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည်။ ခြောက်လုံးပြူး၊ ပစ္စတိုနှင့် ရိုင်ဖယ်အလက် ၃၀၀ကျော်၊ ကျည် ၁,၅၀၀ခန့်နှင့် M79 လက်ပစ်ဗုံးများနှင့်အတူ တရားမဝင်မွမ်းမံပြင်ဆင်ထားသည့် မော်တော်ဆိုင်ကယ် အိပ်ဇောပိုက် ၅၀၀ ကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု သာနစ်ဆတ်က ပြောသည်။

မြောက်ပိုင်းတွင် အဓိက မူးယစ်မှောင်ခိုသမားများထံမှ ဘတ် ၃ သန်းတန် ပိုင်ဆိုင်မှုပစ္စည်းများကိုလည်း အာဏာပိုင်များက သိမ်းဆည်းခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly