အိန္ဒိယ၌ ၁၀ တန်းအောင်သည့် စစ်ဘေးရှောင် ကျောင်းသူ ပညာဆက်လက်သင်ကြားရန် အကူအညီလိုအပ်နေ

အိန္ဒိယ၌ ၁၀ တန်းအောင်သည့် စစ်ဘေးရှောင် ကျောင်းသူ ပညာဆက်လက်သင်ကြားရန် အကူအညီလိုအပ်နေ

မေလ ၂၁ ရက်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်ရောက် မြန်မာစစ်ဘေးရှောင် ကျောင်းသူ တစ်ဦးသည် ယခုနှစ် အိန္ဒိယ အစိုးရစစ် ၁၀ တန်း စာမေးပွဲအား ဝင်ရောက် ဖြေဆိုရာ ထူးချွန်စွာ အောင်မြင်ခဲ့သော်လည်း ပညာ ဆက်လက် သင်ကြားရန် အတွက် အကူအညီ လိုအပ်နေကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင် Farkawn ကျေးရွာတွင် ယခုနှစ် ၁၀ တန်းဖြေဆိုရန် စာရင်းပေးသွင်းသူ ၅၃ ဦးရှိရာ သူသည် လူမှုရေး သိပ္ပံ( Social Science) ဘာသာတွင် ဂုဏ်ထူးထွက်ပြီး ငါးဘာသာ ရမှတ် ၃၅၀ ဖြင့် တတိယ နေရာမှ အောင်မြင်ခဲ့ကြောင်း သိရသည်။

လုံခြုံရေးအရ အမည်အား မဖော်ပြလိုသည့် အဆိုပါ ကျောင်းသူသည် ကလေးမြို့တွင် ၁၀ တန်း တက်ရောက်ရန် ဖြစ်သော်လည်း ယမန်နှစ် ဩဂုတ်လက Farkawn ကျေးရွာသို့ မိသားစုနှင့် အတူ စစ်ဘေးရှောင်ခဲ့ရပြီး ကျောင်းတက်ချိန် တစ်လ နောက်ကျကာ ကျောင်းဝင်ခွင့် ရရှိခဲ့ကြောင်း ဆိုသည်။

မီဇိုဘာသာစကား အနည်းငယ် ပြောတတ်သော သူအဖို့ အင်္ဂလိပ် ဘာသာဖြင့် သင်ကြားခဲ့ရသဖြင့် အခက်အခဲများ ကြုံတွေ့ခဲ့ရကြာင်း ဆိုသည်။

“သမီးက သိပ္ပံဘာသာကို စိတ်ဝင်စားတယ်။ ဖြစ်နိုင်လို့ စာဆက်သင်ရမယ်ဆိုရင် ဆရာဝန် လိုင်းကို သင်ချင်ပါတယ်။ ဒါပေမဲ့ မိဘတွေရဲ့ သဘောအတိုင်းပါပဲ” ဟု သူက မဇ္ဈိမ ကိုပြောသည်။

လာမည့်နှစ် ၁၁ တန်းအတွက် သိပ္ပံလိုင်း အမှတ်မီ သော်လည်း တခြား မြို့ရွာများသို့ ကျောင်းသွားတက်ရမည် ဖြစ်ကြောင်း မွေးချင်း သုံးယောက်တွင် အကြီးဆုံးဖြစ်သော သူ့အတွက် ပညာ ဆက်လက် သင်ကြားပေး လိုသော်လည်း စစ်ဘေးရှောင် ဖြစ်သဖြင့် အလုပ်အကိုင်နှင့် ဝင်ငွေ မရှိသော ကြောင့် ပညာ ထူးချွန်သော သမီးအတွက် စိတ်မကောင်း ဖြစ်နေရကြောင်း ဖခင်ဖြစ်သူက ပြောဆိုသည်။

မီဇိုရမ် ပြည်နယ် အစိုးရက မြန်မာ စစ်ဘေးရှောင်များအား ကျောင်းများတွင် ပညာသင်ကြားခွင့်ပြုကြောင်း ဆရာ ၊ ဆရာမ များမှ ဂရုတစိုက် သင်ကြားပေးပြီး အတန်ဖော်များကလည်း ခွဲခြားဆက်ဆံ ခြင်းမရှိ သဖြင့် ယခုကဲ့သို့ အောင်မြင်ခြင်း ဖြစ်ကြောင်း သူမက ဆိုသည်။

Farkawn ကျေးရွာသည် မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ် အနီးရှိ ကျေးရွာဖြစ်ပြီး မြန်မာနိုင်ငံသား စစ်ဘေးရှောင် ဦးရေ ၁,၀၀၀ ကျော် နေထိုင်လျက်ရှိနေကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက် ပြီးနောက် မီဇိုရမ် ပြည်နယ်တွင် မြန်မာ စစ်ဘေးရှောင် ဦးရေ ၄၀,၀၀၀ ခန့် ခိုလှုံနေပြီး ပြည်နယ် အစိုးရ ၊ ဘာသာရေး လူမှုရေး အဖွဲ့အစည်းနှင့် စေတနာရှင်များ၏ ကူညီလှူဒါန်းမှုဖြင့် ရပ်တည်နေရကာ စားဝတ်နေရေး ကျန်းမာရေးနှင့် ပညာရေးများတွင် အခက်အခဲ ကြုံတွေ့ နေရကြောင်း အကူအညီပေးရေး အဖွဲ့အစည်းများထံက သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly