ပြည်မြို့က ဒုရဲအုပ်၏ သေနတ်ကိုယူဆောင်သည်ဟု စွပ်စွဲခံရသူ KTVဆိုင်ဝန်ထမ်း စစ်ကြောရေးတွင် သေဆုံး

ပြည်မြို့က ဒုရဲအုပ်၏ သေနတ်ကိုယူဆောင်သည်ဟု စွပ်စွဲခံရသူ KTVဆိုင်ဝန်ထမ်း စစ်ကြောရေးတွင် သေဆုံး

မေလ ၂၁ ရက်

ပဲခူးတိုင်း၊ ပြည်မြို့တွင် ဒုရဲအုပ်ထံမှ သေနတ်နှင့်ဖုန်း ခိုးယူသွားသည်ဟု စွပ်စွဲခံရသူ အမျိုးသား မေလ ၁၉ရက်နေ့တွင် စစ်ကြောရေး၌ သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ဒုရဲအုပ် အောင်မွန်ဟိန်းဆိုသူသည် မြို့ရှောင်လမ်းဘေးရှိ Spider KTVဆိုင်တွင် မေလ ၁၅ ရက်နေ့ည၌ အရက်မူးပြီး အိပ်ပျော်ရာမှ ခြောက်လုံးပြူးသေနတ် တစ်လက်၊ ကျည် ခြောက်တောင့်၊ငွေသားအချို့နှင့်ဖုန်း တစ်လုံးပျောက်ဆုံးသွားခဲ့ပြီး ၎င်းဆိုင်မှ ဝန်ထမ်းတစ်ဦးကို သံသယဖြင့် လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“၁၆ရက်နေ့မနက်မှ သေနတ်ပျောက်တာသိတယ် ဝန်ထမ်းတွေကိုခေါ်စစ်တော့ ဝေယံစိုးဆိုတဲ့ ဝန်ထမ်းပျောက်နေလို့ လိုက်ရှာတာ၊ ဧရာဝတီတိုင်းက ရေကြည်မြို့မှာ ၁၈ရက်နေ့က မိတယ်၊ ပြည်ကိုပြန်ပို့ပြီး စစ်ကြောရေးမှာစစ်တော့ ၁၉ရက်နေ့မှာ သေသွားတယ်ဗျ သက်သေခံပစ္စည်းကို လိုက်ပြခိုင်းရင်း မြွေကိုက်လို့သေတာဆိုပြီး သတင်းလွှင့်ထားတယ် သေနတ်က ပြန်မရသေးဘူး”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးမှ ပြောသည်။

သေဆုံးသူ ၂၇နှစ်အရွယ် ဝေယံစိုးသည် စစ်ကြောရေးတွင် သေနတ်ဖွက်ထားသည့်နေရာကို သုံးကြိမ်တိုင်ထွက်ဆိုခဲ့ပြီး ရဲတပ်ဖွဲ့မှ လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့၍ စစ်ကြောရေးထဲတွင် နှိပ်စက်ခံရကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

သေနတ်ပျောက်ဆုံးသွားသည့် ဒုရဲအုပ်အောင်မွန်ဟိန်းသည် အချုပ်ကျခံနေရပြီး သေနတ်ကို အပူတပြင်းလိုက်လံရှာဖွေနေကြောင်းသိရသည်။

ပြီးခဲ့သည့် မေလ၁၉ရက်နေ့တွင်လည်း ပေါင်းတည်မြို့နယ် NLDပါတီဝင်တစ်ဦးကို စစ်ကောင်စီမှ စစ်ကြောရေးတွင် သတ်ဖြတ်ခဲ့သေးသည်။

စစ်ကောင်စီအဖွဲ့သည် ပြည်သူလူထုကို အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးနေပြီး စစ်ကြောရေးတွင် စစ်ဆေးစဉ် ၎င်းတို့လက်ချက်ကြောင့် သေဆုံးသွားသည့် သူများကို ရောဂါကြောင့်သေဆုံးသည်ဟု အကြောင်းပြလေ့ရှိပြီး အလောင်းကို မိသားစုထံပြန်မပေးဘဲ သင်္ဂြိုဟ်လိုက်သည့် ဖြစ်ရပ်များ ဖြစ်ပွါးနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly