မန္တလေး ဆေးတက္ကသိုလ် ကျောင်းသားကို စစ်ကောင်စီတပ် ပစ်သတ်

မန္တလေး ဆေးတက္ကသိုလ် ကျောင်းသားကို စစ်ကောင်စီတပ် ပစ်သတ်

မေ ၂၁

မန္တလေး ဆေးတက္ကသိုလ် ကျောင်းသား ကိုကျော်ညီဇင်သည် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော ကျည်ဆန် ထိမှန်ပြီး ယမန်နေ့ မေလ ၂၀ ရက် နေ့လယ်ပိုင်းတွင် သေဆုံးသွားသည်။

ယမန်နေ့ နံနက်ပိုင်းတွင် ချောင်းဦး-မုံရွာ ကားလမ်းပေါ် မောင်းနှင်နေသည့် ကိုကျော်ညီဇင်တို့ မိသားစုကားကို စစ်ကောင်စီက ရုတ်တရပ် ရပ်တန့်ခိုင်းရာ ကားအရှိန်ကြောင့် ချက်ချင်း မရပ်တန့် ခဲ့၍ ပစ်ခတ်ခံရခြင်း ဖြစ်သည်။

“ ချောင်းဦး-မုံရွာလမ်းမှာ မိသားစုဝင်တွေနဲ့ သွားလာနေတုန်း စစ်ကောင်စီတပ်က ဝီစီမှုတ် ရပ်ခိုင်းတာကို ချက်ချင်း ရပ်မပေးလို့ သူတို့ အိမ်စီးကားကို ပစ်လိုက်တာမှာ ကိုကျော်ညီဇင် ခေါင်း ထိသွားတာပါ။ ကားက အရှိန်နဲ့မို့ ချက်ချင်း ရပ်လို့ မရတာကို မစောင့်ဘဲနဲ့ ပစ်လိုက်တာပါ ” ဟု မန္တလေးဆေး တက္ကသိုလ် ကြားကာလ ယာယီတက္ကသိုလ် ကောင်စီမှ တာဝန်ရှိသူက ပြောသည်။

ဦးခေါင်းကို ထိမှန်ပြီးနောက်တွင် မုံရွာဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သော်လည်း ဦးခေါင်းတွင် ရရှိသော ဒဏ်ရာကြောင့် နေ့လယ်ပိုင်းတွင် ဆုံးပါးသွားခဲ့သည်။ ကိုကျော်ညီဇင်၏ ရုပ်လောင်းကို မန္တလေးသို့ ပြန်ယူဆောင်ခဲ့ပြီး ဂူသွင်း မြှပ်နှံ သင်္ဂြိုဟ်သွားမည် ဖြစ်သည်။

စစ်ကောင်စီသည် လက်ရှိတွင် နိုင်ငံတဝန်း လက်နက်ကိုင် စစ်ဆေးရေးဂိတ်များ ထားရှိပြီး ပြည်သူများကို စစ်ဆေးခြင်း၊ ပစ္စည်းများကို စစ်ဆေးခြင်းနှင့် လက်ကိုင်ဖုန်းများကို စစ်ဆေးခြင်းများ ပြုလုပ်နေသည်။ ကိုကျော်ညီဇင်ကဲ့သို့ပင် ကားရပ်ရန် မလွယ်ကူသည့် အတွက် ပစ်ခတ် ခံလိုက်ရပြီး သေဆုံးခဲ့ရသူများလည်း ရှိသည်။

ကိုကျော်ညီဇင်သည် ဆေးတက္ကသိုလ် တတိယနှစ် ကျောင်းသား ဖြစ်ပြီး CDM ပြုလုပ်ထားသူ ဖြစ်သည်။

ကိုကျော်ညီဇင် သေဆုံးခဲ့ရခြင်းနှင့် ပတ်သက်ပြီး ယာယီတက္ကသိုလ် ကောင်စီက ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ထားပြီး စစ်ကျွန်ပညာရေးကို သပိတ်မှောက်ခဲ့သည့် ကျောင်းသားတစ်ဦး အဖြစ် မှတ်တမ်း တင်သွားမည်ဟု ဆိုသည်။

#Mizzima

#ချောင်းဦး-မုံရွာကားလမ်း

#မန္တလေးဆေးတက္ကသိုလ်ကျောင်းသား

#ကိုကျော်ညီဇင်

#ကြားကာလယာယီတက္ကသိုလ်ကောင်စီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly