ကျားတော့ကျား၊ ဒါပေမဲ့ စက္ကူကျား  (အပိုင်း၂-ဖြည့်တင်းရေး) 

By စိုးမိုးနိုင်
21 May 2022
ကျားတော့ကျား၊ ဒါပေမဲ့ စက္ကူကျား  (အပိုင်း၂-ဖြည့်တင်းရေး) 

မေ ၂၁  

အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်မတော်တည်ဆောက်ရေးနဲ့ ပြင်ဆင် တိုးချဲ့ရေးတွေမှာ ဖွဲ့စည်းရေးကဏ္ဍ၊ ဖြည့်တင်းရေးကဏ္ဍ၊ လက်နက် တပ်ဆင်ရေးကဏ္ဍ၊ လေ့ကျင့်ရေးကဏ္ဍ၊ စိတ်ဓာတ်နဲ့စည်းကမ်း တည်ဆောက်ရေးကဏ္ဍ၊ ဆိုပြီး ကဏ္ဍကြီး ငါးရပ် ရှိပါတယ်။

 စွမ်းရည်ထက်မြက်ပြီး အင်အားတောင့်တင်းတဲ့ ခေတ်မီ တပ်မတော် တစ်ရပ်ကို ပိုင်ဆိုင်ရရှိနိုင်ဖို့အတွက် ဖွဲ့စည်းပုံနဲ့အညီ လိုအပ်တဲ့အင်အား အရေအတွက်ကို ဖြည့်တင်းနိုင်ဖို့ကလည်း အလွန်အရေးကြီးပါတယ်။

ဗိုလ်နေဝင်းရဲ့ လက်ထက်ကလည်း ၁၉၆၂ ဇူလိုင် ၇ ရက် လူသတ်ပွဲလို သွေးချောင်းစီးလူသတ်ပွဲကို ရန်ကုန်တက္ကသိုလ်ရင်ပြင်မှာ ပြောင်ပြောင် တင်းတင်း ကျူးလွန်ပြခဲ့ပေမဲ့ တစ်ပြည်လုံးကို နိုင်ငံတကာနဲ့အဆက်ဖြတ်၊ တံခါးပိတ်၊ အမှောင်ချပြီး အုပ်ချုပ်နိုင်ခဲ့တဲ့အတွက် အလုပ်အကိုင်မရှိ၊ ဆင်းရဲမွဲတေပြီး ဦးတည်ချက်ရည်မှန်းချက် ပျောက်ဆုံးနေကြတဲ့ လူငယ် လူရွယ်တွေဟာ ရွေးချယ်စရာလမ်းသိပ်မရှိဘဲ စစ်တပ်ထဲကို မလွှဲမရှောင် သာ ဝင်ရောက်ခဲ့ကြရတာကြောင့် “ဖြည့်တင်းရေးကဏ္ဍ” မှာ ပြာဿနာ ပေါ်ခဲ့တာ မတွေ့ကြရပါဘူး။

ဗိုလ်သန်းရွှေတို့ခေတ်မှာတော့ ရန်ကုန်ကလမ်းမတွေပေါ်မှာသာမက နိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ မြို့ကြီးမြို့ငယ်တွေမှာပါ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုနေကြတဲ့ ပြည်သူလူထုကို လူကြီးလူငယ်မရွေး ထောင်နဲ့ချီပြီး ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ပြခဲ့တဲ့အတွက် လူငယ်တွေ အများ အပြားဟာ စစ်တပ်ကို အကြီးအကျယ်စိတ်နာပြီး တောခိုသူကခို၊ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် နိုင်ငံတကာကိုထွက်သူထွက်နဲ့ ဖြစ်ကုန်ကြ တာမို့ စစ်တပ်ထဲကို ဝင်ရောက်လိုတဲ့ လူငယ်အရေအတွက်ဟာ အလွန် အမင်း ကျဆင်းသွားခဲ့ရပြီး ဖြည့်တင်းရေးကို အကြီးအကျယ် ထိခိုက်ခဲ့ရပါ တယ်။

ဗိုလ်နေဝင်းလက်ထက်က စစ်သားစုဆောင်းရေးတပ်နဲ့တပ်ဆွယ်တွေ တည်ရှိရာမြို့တွေမှာ “သင့်ကို တပ်မတော်မှ အလိုရှိသည်”ဆိုတဲ့ ဆိုင်းဘုတ် ချိတ်ထားရုံနဲ့တင် တပ်သားသစ်တွေကို အလုံအလောက် စုဆောင်းရရှိခဲ့ သေးတာ တွေ့ရပါတယ်။ စစ်ထဲဝင်မဲ့သူတွေကို ဆေးစစ်ရာမှာလည်း ကုန်းပြရတာ၊ လှန်ပြရတာတွေ၊ အပါအဝင် စစ်ဆေးနည်းမျိုးစုံနဲ့ အသေးစိတ်စစ်ဆေးပြီးမှ စိတ်ကြိုက် ရွေးချယ်ယူနိုင်ခဲ့တာ တွေ့ရပါတယ်။

ဒါပေမဲ့ ၁၉၈၈နောက်ပိုင်းကစပြီး စည်းပျက်ကမ်းပျက် လက်နက်ကိုင် လူသတ်နေတဲ့ ကြေးစားတပ်ထဲကို စဉ်းစားဉာဏ်ရှိတဲ့ ဘယ်လို လူငယ် လူရွယ်တွေကမှ မဝင်ချင်ကြတော့တာကြောင့် အတင်းအကျပ် စုဆောင်း တဲ့နည်း၊ ငွေပေးသွေးဆောင် စုဆောင်းတဲ့နည်း၊ မက်လုံးအမျိုးမျိုးပြပြီး လိမ်ညာစုဆောင်းတဲ့နည်း၊ စတဲ့ နည်းမျိုးစုံနဲ့ စုဆောင်းခဲ့ကြရပါတယ်။

ဗိုလ်သန်းရွှေတို့ခေတ်မှာ စစ်သားစုဆောင်းရေးတပ်တွေကို ငါးရင်း အထိ တိုးချဲ့ခဲ့ရတဲ့အပြင် အဲဒီတပ်ရင်းတွေရဲ့အောက်မှာလည်း နယ်လှည့် စုဆောင်းရေးအဖွဲ့တွေနဲ့ တပ်ဆွယ်တွေကို အများအပြား ထပ်မံဖွင့်လှစ်ပြီး တစ်နိုင်ငံလုံးအနှံ့ တပ်သားသစ်တွေကို ရှာဖွေစုဆောင်းကြတာ တွေ့ရပါ တယ်။

စစ်အစိုးရရဲ့ ဝါဒဖြန့်ချိရေးသတင်းစာတွေထဲမှာလည်း တပ်သားသစ် တစ်ဦးဆိုရင် ကနဦးလစာ ဘယ်လောက်ရမယ်၊ နောက်ထပ် ဘာတွေ ထပ်ဆောင်းရရှိဦးမယ်၊ ဘယ်လိုခံစားခွင့်တွေ ရရှိနိုင်မယ်၊ အနာဂါတ် တိုးတက်လမ်းတွေအဖြစ် ဘယ်လိုအချက်တွေ ရှိသေးတယ်၊ စတဲ့ မက်လုံး မျိုးစုံပါတဲ့ စာမျက်နှာပြည့် ကြော်ငြာရှည်ကြီးတွေကို နေ့စဉ်ရက်ဆက် ထည့်သွင်းဖေါ်ပြပြီး အသည်းအသန် သွေးဆောင်စည်းရုံးမှုတွေကို ပြုလုပ် ခဲ့ကြရပါတယ်။

ဒါတောင် စစ်ထဲကိုဝင်ရောက်သူ နည်းလွန်းတဲ့အတွက် စစ်သား စုဆောင်းရေးတပ်တွေနဲ့တင် မလုံလောက်တော့ဘဲ သက်ဆိုင်ရာ တပ်ရင်း တပ်ဖွဲ့တွေကိုယ်တိုင်ကလည်း လေးလပတ်အလိုက် တစ်ရင်းကို တပ်သား သစ်ဦးရေ ဘယ်လောက်နှုန်းနဲ့ စုဆောင်းကြရမယ်ဆိုပြီး ခွဲတမ်းချတဲ့စနစ် ကို ထပ်ပြီး တီထွင်ဖန်တီးခဲ့ရပြန်ပါတယ်။

တပ်အသီးသီးက နှစ်ကြီးစီနီယာရဲဘော်တွေနဲ့ အကြပ်တွေ မိဘရပ် ထံ ခေတ္တပြန်ဖို့ခွင့်တင်ရင်လည်း လူသစ်ဘယ်လောက်ရ‌အောင် စုဆောင်း လာခဲ့ပါ့မယ်ဆိုတဲ့ ကတိကဝတ်ရရှိမှ ခွင့်ပြုပေးပါတယ်။ တပ်ရင်းတွေ အလိုက် တပ်သားသစ်တစ်ဦးရရင် ငွေကြေးဘယ်လောက်ပေးမယ်ဆိုတဲ့ စျေးပြိုင်စနစ်ကြောင့် အရာရှိတွေကိုယ်တိုင်ဦးဆောင်တဲ့ တပ်သားသစ် စုဆောင်းရေးအဖွဲ့တွေ ဖွဲ့စည်းခဲ့ကြပြီး နယ်ထွက်စုဆောင်းမှုတွေကို အပြိုင် အဆိုင် ပြုလုပ်ခဲ့ကြရပါတယ်။

ကျေးလက်တောရွာတွေမှာ ခြိမ်းခြောက်အကျပ်ကိုင်ပြီး ခွဲတမ်းချ လူတောင်းတာတွေ၊ မက်လုံးဆွယ်လုံးတွေနဲ့ လှည့်ဖြားစည်းရုံးတာတွေ၊ ကြားပွဲစားတွေသုံးပြီး ငွေပေးဝယ်ယူတာတွေကို ပြုလုပ်ခဲ့ကြတာကိုလည်း တွေ့ကြရပါတယ်။

မိဘမဲ့ကလေးတွေနဲ့ နယ်စွန်နယ်ဖျားဒေသတွေက တိုင်းရင်းသား ကလေးငယ်တွေကို ကောက်ယူမွေးစားပြီး အရွယ်ရောက်တာနဲ့ တပ်ထဲကို ဆွဲသွင်းဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ “ရဲညွန့်” သင်တန်းကျောင်းတွေနဲ့ “တိုင်းရင်းသားလူငယ် ဖွံ့ဖြိုး‌ရေးသင်တန်းကျောင်း” တွေက ကလေးတွေနဲ့ မိဘအများစုကလည်း ဗိုလ်သန်းရွှေတို့ခေတ်မှာ တပ်ထဲဝင်ဖို့ ငြင်းဆန် လာကြတာကြောင့် ကြံရာမရဖြစ်လာတဲ့ နအဖစစ်အစိုးရဟာ ထိုင်းနိုင်ငံကို အလုပ်လုပ်ကိုင်ဖို့ သွားရောက်မဲ့သူတွေနဲ့ ထိုင်းနိုင်ငံကဖမ်းဆီးပြီး ပြန်ပို့ခံရ သူတွေကိုပါ ခြိမ်းခြောက်အကျပ်ကိုင်ပြီး စစ်သားအဖြစ်စုဆောင်းတာတွေ ပြုလုပ်ခဲ့ကြရပါတယ်။

တပ်သားစုဆောင်းရေးတပ်ဆွယ်တွေနဲ့ နယ်လှည့်စုဆောင်းရေးအဖွဲ့ တွေက အသက်မပြည့်တဲ့ ကလေးတွေကိုပါ တွေ့တဲ့နေရာမှာ ခြိမ်းခြောက် ဖမ်းဆီးပြီး အတင်းအကျပ် တပ်သားသစ်စုဆောင်းခဲ့ကြပေမဲ့ နောက်ပိုင်း မှာ မိဘဆွေမျိုးတွေက တိုင်တာတောတာတွေ ပြုလုပ်လာကြတဲ့အပြင်  ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာကလေးသူငယ်များရန်ပုံငွေအဖွဲ့ (UNICEF) ကလည်း ဖိအားပေးလာတာကြောင့် စစ်အုပ်စုဟာ မလွှဲမရှောင်သာတော့ဘဲ “အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီးထိန်းသိမ်းရေးကော်မတီ” တွေဖွဲ့စည်းပြီး စုဆောင်းထားတဲ့ကလေး တွေနဲ့ ကလေးစစ်သားတွေကို တပ်ကထွက်ခွင့် ပေးခဲ့ရပါတယ်။

တပ်သားသစ်စုဆောင်းတာကို လေးလပတ်စီခွဲပြီး စီမံကိန်းချ ဆောင် ရွက်ခဲ့ကြပေမဲ့ တပ်ရင်းအများစုက ပြည့်မှီအောင် မစုဆောင်းနိုင်ကြတဲ့ အတွက် နောက်ထပ်လေးလပတ်တိုင်းမှာ အရင်ကြွေးကျန်အင်အားကိုပါ ထည့်ပေါင်းပြီး စုဆောင်းပေးကြရပြန်ပါတယ်။

ဥပမာ တောင်ပိုင်းရှမ်းပြည် လွိုင်လင်မှာ အခြေစိုက်တဲ့ စကခ(၂)မှာ ပထမလေးလပတ်အတွင်း စုဆောင်းပေးရမယ့် တပ်သားသစ်ဦးရေခွဲတမ်း ထဲက ၁၄၄ဦးစုဆောင်းဖို့ အကြွေးတင်ကျန်နေတဲ့အတွက် ဒုတိယလေးလ ပတ်အတွင်းစုဆောင်းရမယ့် တပ်သားသစ်ဦးရေ ၇၆ဦးနဲ့ပေါင်းပြီး သြဂုတ်လကုန်မှာ စုစုပေါင်း ၂၂၀ဦးရအောင် စုဆောင်းပေးရမယ်ဆိုပြီး (ကက/အင်) လို့ခေါ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာန တပ်အင်အားဖြည့်တင်း ရေးညွှန်ကြားရေးမှူးရုံးက ညွှန်ကြားချက် ထုတ်ပြန်ခဲ့တာမျိုး ဖြစ်ပါတယ်။

စကခ(၂)ကလည်း အဲဒီဦးရေအတိုင်းရရှိအောင် လက်အောက်ခံ တပ်ရင်း ၁၀ရင်းကို ထပ်မံခွဲတမ်းချပြီး အတင်းအကျပ် စုဆောင်းခိုင်းခဲ့ ပြန်ပါတယ်။ တပ်တွေအလိုက် တစ်နှစ်အတွင်း စုဆောင်းပေးရမဲ့ခွဲတမ်းကို နှစ်ကုန်ရင် အားလုံးအပြည့်ရအောင် ဖြစ်တဲ့နည်းနဲ့ စုဆောင်းပေးကြရတဲ့ သဘော ဖြစ်ပါတယ်။

အခုလို တပ်ရင်းတပ်ဖွဲ့တွေကိုယ်တိုင် တပ်သားသစ်စုဆောင်းကြရ တာဟာ ကက/ကြည်း တစ်ခုတည်းမှာတင်လား ဆိုတော့ မဟုတ်ပါဘူး။ ကက/ရေ နဲ့ ကက/လေ တို့အပြင် ပြည်ထဲရေးဝန်ကြီးဌာနအောက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့မှာလည်း အလားတူ ဖွဲ့စည်းပုံမပြည့်တဲ့အတွက် အတင်းအကျပ် စုဆောင်းမှုတွေ ပြုလုပ်ကြရပါတယ်။

နမ့်စန်လေတပ်စခန်းမှာဆိုရင် ၂၀၀၆ခုနှစ် ဇူလိုင်လအတွက် စုဆောင်း ပေးရမဲ့ တပ်သားသစ် တစ်ဦးမှမရခဲ့တာကြောင့် ထုချေလွှာ အတောင်းခံခဲ့ ရပါတယ်။

နမ့်စန်လေတပ်စခန်းဌာနချုပ်မှူးကလည်း သူ့နယ်မြေအတွင်းမှာရှိတဲ့ ကျေးရွာတွေက လူငယ်တွေဟာ မိရိုးဖလာတောင်ယာလုပ်ငန်းတွေကိုသာ စိတ်ဝင်စားပြီး မြန်မာစကားကိုလည်း ကျွမ်းကျင်အောင် ပြောတတ်၊ ရေး တတ်တဲ့သူ အလွန်နည်းပါးကြောင်း၊ တိုင်းရင်းသားပညာတတ်လူငယ်တွေ အနေနဲ့လည်း စစ်မှုထမ်းလိုစိတ်မရှိဘဲ အရောင်းအဝယ်၊ စီးပွားရေးနဲ့ ကိုယ်ပိုင်လုပ်ငန်းတွေကိုသာ စိတ်ဝင်စားနေကြလို့ ဘယ်လိုပဲ ပညာပေး စည်းရုံးမှုတွေလုပ်နေပေမဲ့ စည်းရုံးလို့မရကြောင်း၊ စီကာပတ်ကုံး ပြန်လည်ထုချေ တင်ပြခဲ့ကြတာကို တွေ့ရပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့တပ်တွေ ဖွဲ့စည်းပုံမပြည့်ရခြင်းရဲ့ ဒုတိယ အကြောင်းရင်းကတော့ ပြုန်းတီးအင်အားတွေ အဆမတန် များပြားနေလို့ ဖြစ်ပါတယ်။ ပေါက်ကြားလာတဲ့ လေးလပတ်အစည်းအဝေးမှတ်တမ်းတွေ အရ နအဖ စစ်အစိုးရလက်ထက် လေးလပတ်အလိုက် ပြုန်းတီး အင်အားစာရင်းဟာ ၈,၀၀၀ကျော်အထိရှိတာကို တွေ့ရပါတယ်။

ပြုန်းတီးအင်အားစာရင်း ငါးမျိုးမှာ၊ ကျဆုံး၊ သေဆုံး၊ ခွင့်မဲ့ပျက်ကွက် (စစ်ပြေး)၊ ထုတ်ပယ်(ရှုတ်ချပစ်တင်)နဲ့ ထိခိုက်ဒဏ်ရာရ၊ ဆိုပြီး ပါဝင်ပါတယ်။ အဲဒီအချိန်က တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အများစုနဲ့ အပစ်အခတ်ရပ်စဲ ထားချိန်ဖြစ်လို့ ကျဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရတဲ့သူ အရေအတွက်က အနည်းငယ်သာရှိပေမဲ့ ခွင့်မဲ့ပျက်ကွက်ဆိုတဲ့ စစ်ပြေးအရေအတွက်က ပြုန်းတီးအင်အားစုစုပေါင်းရဲ့ ၇၀ရာခိုင်နှုန်းနဲ့ ပထမအများဆုံးဖြစ်နေပြီး ရှုံ့ချပစ်တင်အရေးယူထုတ်ပယ်ခံခဲ့ရတဲ့ အရေအတွက်က ဒုတိယအများဆုံး ဖြစ်နေတာကို တွေ့ရပါတယ်။

တပ်ကထွက်ပြေးသူအရေအတွက်နဲ့ တပ်သားသစ်စုဆောင်းရရှိမှု အချိုးကို ယှဥ်ကြည့်ရင် “ဘဲစားဘဲချေ” ဖြစ်နေတာကို  တွေ့ရပါတယ်။ ၂၀၀၆ခုနှစ် သြဂုတ်လ ၁ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ စကခ(၃) လက်အောက်ခံ တပ်ရင်း ၁၀ရင်းရဲ့ တပ်သားသစ်ဆောင်းရရှိမှုဟာ ၁၁ဦး ရှိပြီး အဲဒီကာလအတွင်း အဲဒီတပ်ရင်း ၁၀ရင်းက ထွက်ပြေးသူ စစ်ပြေး ဦးရေကလည်း ၁၀ဦး ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် နအဖ တပ်တွေရဲ့ တပ်သားသစ်စုဆောင်းရေးစီမံချက်ဟာ “အိတ်ပေါက်နဲ့ ဖားကောက်”သလို ဖြစ်ခဲ့ရပါတယ်။

တတိယအများဆုံးပြုန်းတီးအင်အားကတော့ HIV/AIDS, Hepatitis B&C စတဲ့ ကူးစက်ရောဂါတွေကြောင့် သေဆုံးသူတွေနဲ့ ဆေးပင်စင်ယူရသူ တွေဖြစ်ပါတယ်။ ဆေးပင်စင်ယူသူတွေထဲမှာ အမှန်တကယ်ရောဂါဖြစ်တဲ့ သူကနည်းပြီး လာဘ်ထိုး ဆေးလက်မှတ်ယူကာ အောက်ဆိုက်ကောင်းတဲ့ အရပ်ဘက်ဝန်ကြီးဌာနတွေကို ပြောင်းချင်တဲ့ အရာရှိအရေအတွက်က ပိုများတာကို တွေ့ရပါတယ်။

“ရေဗူးပေါက်တာမလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ်” ဆိုတဲ့ စစ်အာဏာရှင်တွေရဲ့ တစ်ယူသန်အမိန့်တွေကြောင့် သက်ဆိုင်ရာ တပ်ရင်း/ တပ်ဖွဲ့မှူးတွေအနေနဲ့ ကိုယ့်တပ်ကိုယ် ဖွဲ့စည်းပုံပြည့်ရင်ပြီးရောဆိုပြီး စာအုပ်ကြီးထဲမှာပါတဲ့ “စံချိန်စံညွှန်း” ဆိုတာတွေကို ဂရုမစိုက်နိုင်ကြတော့ ပါဘူး။

စွေ၊ စောင်း၊ ကောက်၊ ကွေး၊ တွေကအစ ရသမျှသိမ်းကြုံးပြီး အတင်း အကျပ် စုဆောင်းကြရတဲ့အတွက် တပ်ပြေး သုံးလေးထပ်ကွမ်းတွေ (စစ်တပ်အခေါ် စစ်ကုန်ကူးသူတွေ)၊  ခါးပိုက်နှိုက်တွေ၊ သူခိုးဂျပိုးတွေ၊ ဒုစရိုက်သမားတွေနဲ့ ‌အရက်/ဘိန်း/ဆေး/ စွဲနေသူတွေ၊ HIV ပိုးစွဲနေသူတွေ ပါ တပ်မတော်ထဲကို ရောက်ရှိလာကြရတာ ဖြစ်ပါတယ်။

၂၀၂၁ ဖေဖေါ်ဝါရီလမှာ အာဏာသိမ်းခဲ့တဲ့ ဗိုလ်မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်အုပ်စုလက်ထက်မှာတော့ တပ်အင်အားဖြည့်တင်းရေး ကဏ္ဍဟာ အဆိုးဆုံးအခြေအနေတွေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

မင်းအောင်လှိုင်နဲ့ သူ့ရဲ့စစ်အုပ်စုဟာ တိုင်းရင်းသား တော်လှန်‌ရေး အင်အားစုတွေကိုသာမက တစ်ပြည်လုံးအနှံ့ လက်နက်ကိုင် ခုခံဆန့်ကျင်လာ ကြတဲ့ ဗမာလူမျိုးစုအပါအဝင် ပြည်သူလူထုကြီးတစ်ရပ်လုံးနဲ့ ရင်ဆိုင်တိုက် ခိုက်နေရပြီး နေ့စဉ် ရာနဲ့ချီ ထိခိုက်သေဆုံးနေကြရပါတယ်။ တပ်တွင်းမှာ လည်း ခွဲခြားဖိနှိပ်အုပ်ချုပ်မှုတွေကြောင့် အချင်းချင်း ပစ်ခတ်သတ်ဖြတ်မှု တွေလည်း တိုးပွားလာနေတာ တွေ့ရပါတယ်။ တရားဝင်ထုတ်ပြန်ခြင်း မပြုပေမဲ့ COVID -19 ရောဂါကူးစက်မှုကြောင့် သေဆုံးရတဲ့စစ်သည် အရေ အတွက်ကလည်း အလွန်များပြားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒုဗိုလ်မှူးကြီးအဆင့်တွေကအစ ထောင်နဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေဟာ စစ်အုပ်စုကို ကျောခိုင်းပြီး ပြည်သူ့ရင်ခွင်ကို (လက်နက်မဲ့/လက်နက် ဖြင့်)ခိုဝင်လာနေကြသလို၊ တချို့ကလည်း တပ်ကိုစွန့်ခွာထွက်ပြေးတာတွေ၊ တိုက်ပွဲမှာ အစုလိုက်အပြုံလိုက် လက်နက်ချတာတွေ၊ အများအပြား ဖြစ်ပေါ်နေတာ တွေ့မြင်နေရပါတယ်။

အကြမ်းဖက်စစ်အုပ်စုအဆက်ဆက်ရဲ့ တပ်သားသစ်ရေသောက်မြစ် ဟာ ဆင်းရဲနွမ်းပါးလွန်းတဲ့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေက အများစုဖြစ်ပါတယ်။ အခုအချိန်မှာ အဲဒီဒေသတွေ အားလုံးက စစ်အုပ်စုကို လက်နက်စွဲကိုင်ပြီး ရှေ့တန်းကဦးဆောင် ခုခံတိုက် ခိုက်နေကြတာမို့ ကြေးစားစစ်တပ်ထဲကိုဝင်တဲ့သူ မရှိသလောက်ဖြစ်နေကြ ပါတယ်။

မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်အုပ်စုက အဲဒီဒေသက ကျေးရွာ တွေကို ပစ်မှတ်ထားပြီး မြေလှန်မီးရှို့ သတ်ဖြတ်နေကြတာကြောင့် လက်ရှိ ကြေးစားတပ်ထဲမှာ အမှုထမ်းရွက်နေကြဆဲ ဒေသခံ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားတွေအားလုံးကလည်း စစ်အုပ်စုအပေါ် မကျေနပ်မှုတွေ ပိုမိုတိုးပွားလာပြီး တပ်ကိုစွန့်ခွာသူတွေ ပိုမိုများပြားလာနေပါတယ်။

မင်းအောင်လှိုင်လက်ထက်မှာ တပ်သားသစ်စုဆောင်းရေးမှာသာမက အရာရှိတွေကို လေ့ကျင့်မွေးထုတ်ပေးနေတဲ့ စစ်တက္ကသိုလ်တွေကိုတောင် တက်ရောက်မယ့်သူ မရှိသလောက်ဖြစ်လာနေတဲ့အတွက် စံချိန်စံညွှန်းနဲ့ သင်တန်းစည်းကမ်းကို လျှော့ပေါ့ပေးရတာတွေ၊ မက်လုံးပေးရတာတွေကို ပြုလုပ်နေရပြီ ဖြစ်ပါတယ်။
အခုအခါ တပ်သားသစ် လုံးဝ စုဆောင်းမရတော့တာကြောင့် စစ်မှု ထမ်းဆောင်နေတဲ့ကာလအတွင်း လူသတ်မှု၊ မုဒိမ်းမှု၊ ဓားပြမှု၊ လုယက်မှု၊ ခိုးမှု၊ စတဲ့ ပြစ်မှုမျိုးစုံနဲ့ ပြစ်တင်ရှုတ်ချ အရေးယူ ထောင်ချထားရတဲ့ စစ်မှုထမ်း ဟောင်းတွေကိုပါ လွတ်ငြိမ်းချမ်းသာခွင့်တွေ အကြိမ်ကြိမ်ပေးပြီး ရဲဘက် စခန်းတွေနဲ့ အကျဉ်းထောင်တွေထဲက ပြန်လည်ခေါ်ထုတ် အသုံးပြုနေရတဲ့ ဘဝ၊ အငြိမ်းစားစစ်မှုထမ်းဟောင်းတွေကို နေ့တွက်ခပေးပြီး ခေါ်ယူ အသုံးပြုနေရတဲ့ဘဝကို ရောက်ရှိနေရပြီဖြစ်ပါတယ်။     ။

(စိုးမိုးနိုင်)
၂၀၂၂ မေလ (၂၁)ရက်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required