နန်းထိုက်အောင်စစ်ဆင်ရေး အစိတ်အပိုင်းတစ်ခုအဖြစ် သပြေကန်ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်

21 May 2022
နန်းထိုက်အောင်စစ်ဆင်ရေး အစိတ်အပိုင်းတစ်ခုအဖြစ် သပြေကန်ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်ရှိ သပြေကန်ရဲစခန်းကို နန်းထိုက်အောင်စစ်ဆင်ရေး အစိတ် အပိုင်းတစ်ခုအဖြစ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန် ရှိသူထံမှ သိရသည်။
သန်လျင်မြို့နယ် သပြေကန်ရဲစခန်းကို သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့ မေလ ၂၀ ရက် ည ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ မနေ့က ည ၁၁ နာရီ ၂၀ မိနစ်ဝန်းကျင်မှာ ပျောက်ကြားအနေနဲ့ သပြေကန်ရဲစခန်းကို နန်းထိုက်အောင် စစ်ဆင်ရေး အစိတ်အပိုင်းတစ်ခုအဖြစ် အလစ်အငိုက်အလျှင်အမြန်ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။ သူတို့ ခေါင်းမဖော်နိုင်အောင် ပြန်လှန်ခုခံချိန်မပေးခဲ့ပါဘူး။ ထိခိုက်သေဆုံးမှုကိုတော့ ဆက်လက်စုံစမ်းနေပါ တယ်” ဟု ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
သပြေကန်ရဲစခန်းတွင် စစ်ကောင်စီအင်အား အယောက် ၂၀ ဝန်းကျင်ခန့်ရှိကာ ဘန်ကာများပြုလုပ်ထား သော်လည်း ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် အထိအခိုက်အသေအဆုံးရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

သန်လျင်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက ဆိုင်ကယ်စီခွင့်ပိတ်ထားခြင်းအပါအဝင် နည်း မျိုးစုံဖြင့် ပြည်သူများကို ဒုက္ခပေးနေခြင်းကြောင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်မဲ့ပြည်သူ များကို ဒုက္ခပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် အပေါင်းအပါများကို အမြစ်ပြတ်သည်အထိ တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ကြောင်းလည်း သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောကြားထား သည်။
သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ယမန်နေ့ မေလ ၂၀ ရက် ည ၇ နာရီ ၂၀ မိနစ်ကလည်း သန်လျင်မြို့မစျေးအနီးတွင်ရှိသည့် ကြံ့ခိုင်ရေးရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရ သည်။

#Mizzima
#နန်းထိုက်အောင်စစ်ဆင်ရေး
#သန်လျင်မြို့နယ်
#သပြေကန်ရဲစခန်း
#သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#ပစ်ခတ်တိုက်ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly