လူငယ်တွေ မတွေဝေကြပါနဲ့လို့ ဆော်သြလိုက်တဲ့ ဦးဌေးအောင်

04 February 2016
လူငယ်တွေ မတွေဝေကြပါနဲ့လို့ ဆော်သြလိုက်တဲ့ ဦးဌေးအောင်

Orchid Hotel  ပိုင်ရှင် ဦးဌေးအောင်ရဲ့ဘဝဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။  

သူဟာ ငယ်စဉ်ကတည်းက စီးပွားရေးကို စိတ်ဝင်စားခဲ့ပြီး သူနေထိုင်တဲ့ ရွာလေးမှာ ၇တန်းကျောင်းသား ဘဝက စလို့ ကုန်သည်အလုပ်ကို စတင်လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ Orchid Hotel   အပါအဝင် ဟော်တယ်လုပ်ငန်းတော်တော်များများကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ သူဟာ ကံတရားရဲ့ အလှည့်အပြောင်းကြောင့် ဘဝတစ်ကွေ့မှာ အကျဉ်းထောင်အတွင်း ၈လလောက် ရောက်ရှိခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စိတ်ဓာတ်မကျပဲ လောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့တာကြောင့် ယခုအချိန်မှာတော့ ဟော်တယ်လုပ်ငန်း အပါဝင် စီးပွားရေးလုပ်ငန်းတော်တော်များများကို ဦးဆောင်နေသူ ဖြစ်ပါတယ်။

ငယ်စဉ်အချိန်ကတည်းက စီးပွားရေးလုပ်ငန်းနဲ့ အကျွမ်းတဝင်ရှိခဲ့တဲ့ သူ့ဘ၀ တစ်စိတ်တစ်ပိုင်းကို ဦးဌေးအောင်က အခုလိုစတင် ပြောပြပါတယ်။

မှတ်မှတ်ရရ အသက် ၁၃ နှစ် ၁၄ နှစ်အရွယ်လောက်မှာ စီးပွားရေးလို့ ခေါ်ရမလား အဲဒီခေတ်ကာလရဲ့ ကျပန်းအလုပ်မျိုးကို ကျွန်တော်တို့ စလုပ်ခဲ့ရပါတယ်။

အဲဒီခေတ်ကာလရဲ့ စီးပွားရေးစနစ်က ဆိုရှယ်လစ် စီးပွားရေး စနစ်ပါ ခင်ဗျ။ ကျွန်တော်တို့ အစိုးရကပဲ လူသုံးကုန်ပစ္စည်းတွေ ဖြန့်ဖြူးပေးတဲ့အခါမှာ မလုံမလောက်မှုတွေ ဖြစ်လာတဲ့အခါကျတော့ နယ်စပ်တွေကနေ တရားမဝင် ကုန်သွယ်ရေးတွေ စလုပ်တဲ့ အချိန်အခါပေါ့နော်။ မှောင်ခိုဆိုတဲ့ ဝေါဟာရတောင် မပေါ်သေးပါဘူး။ ကျွန်တော်တို့ ငယ်စဉ်က မှောင်ခိုစီးပွားရေး စနစ်ဆိုတာ ဒီဘက် ၇၀ ခုနှစ်နောက်ပိုင်းပေါ့။ ကျွန်တော်မှတ်မှတ်ရရ ကျွန်တော်အသက် ၁၄ နှစ် ၁၉၇၀ ခုနှစ်ပါ။ ကျွန်တော်အခု ၆၀ ပြည့်ပါပြီ။

ဒီ ၇၀ ခုနှစ် ဝန်းကျင်လောက်မှာ ကျွန်တော်တို့က ပဲခူးမြို့မှာနေကြတာဆိုတော့ မော်လမြိုင်ဘက်ကိုသွားပြီးတော့ လူသုံးကုန်ပစ္စည်းတွေ ယူပြီးတော့ ကိုယ့်မြို့ ကိုယ့်ရွာကို ယူလာပြီးတော့ ရောင်းတဲ့အခါကျရင် တစ်ညအိမ် နေ့ချင်းပြန် ခရီးတစ်ခုလောက်နဲ့ ငွေကျပ် ၅၀/ ၁၀၀ ရှာဖွေနိုင်တဲ့ အနေထားရှိပါတယ်။ အဲဒီခေတ်ကာလရဲ့ အလုပ်ကြမ်း အလုပ်သမားတစ်ယောက်ရဲ့ ဝင်ငွေဟာ ၃ကျပ်ပဲ ရှိပါတယ်။

အဲဒီလို အခြေနေမှာ ကျွန်တော်တို့က ငွေ ၅၀/၁၀၀ ရှာဖွေနိုင်တော့ စာဖတ်လို့ကို မရတော့ဘူး။ ကျွန်တော်တို့က ပိုက်ဆံရှာမယ်ဆိုတဲ့ အတွေးပဲ ဝင်နေတာပေါ့နော်။ ကျောင်းဆရာရဲ့ လစာ ကျွန်တော်တို့ အတန်းပိုင်ဆရာ အင်မတန်ရင်းနှီးပါတယ်။ ကျွန်တော်တို့ လည်း အိမ်မှာ ကျုရှင်ခေါ်ပေး နဲ့ဆိုတော့ အတော်ရင်းနှီးတယ်။ ဆရာလစာ ဘယ်လောက်များ ရပါသလဲလို့ မေးကြည့်တဲ့အခါမှာ ၂၂၀ လို့ပြောပါတယ်။ တစ်ခုခုတော့မှားနေပြီ။ ငါတို့က တစ်ညအိမ်ခရီးတစ်ခုသွားလိုက်တာနဲ့ ၁၀၀ လောက်မြတ်တယ်။ ဆရာက တစ်လလုံး တို့ကို စာသင်ပေးတာတောင်၂၀၀ ပဲရတယ်။ ခေတ်ကြီးအကြောင်းတော့ နားမလည်ပါဘူး။ငယ်ရွယ်သေးတော့ တစ်ခုခုတော့ မှားနေပြီဆိုတာ သိလိုက်ပါတယ် ခင်ဗျ။

ကလေးတစ်ယောက်အနေနဲ့ စလုပ်တယ်ဆိုတော့ ဒီကိစ္စဟာ ဒါမှောင်ခိုရယ်လို့လဲ မသိခဲ့လို လုပ်ခဲ့တာလား အန်ကယ်အနေနဲ့လည်း ဘယ်လိုမျိုး လုပ်ဖြစ်သွားတာလဲ။

ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော်ပြောပြပါမယ်။ ကျွန်တော်တို့ ၇တန်းကျောင်းသား ဘဝမှာ ကျွန်တော်တို့အတန်းထဲမှာ ကျွန်တော်တို့ထက် အသက်အရွယ်ကြီးတဲ့ အစ်ကိုကြီးတွေ ရှိပါတယ်။ သူတို့တွေဟာလည်း ဒီလိုပဲ ကျောင်းပိတ်ရက် တစ်ခါတလေလည်း ကျောင်းမတက်ပဲနဲ့ ခွင့်တင်ပြီးတော့ သွားလုပ်နေကြတာပါ။  ကျွန်တော်တို့က သူတို့နဲ့ အဖော်လိုက်သွားရင်းနဲ့ ဒီလိုင်းကို တွေ့တာပါ။ ကိုယ့်ဟာကိုယ် တီထွင်ခဲ့တာတော့ မဟုတ်ပါဘူး။

နောက်တစ်ခုက ဘယ်သူမှ အားမပေးပါဘူး။ ကျွန်တော်အိမ်မှာဆို အရိုက်ခံရပါတယ်။ အဲဒီကလေးတွေနဲ့ လိုက်သွားပြီးတော့ အဲဒီကုန် ကူးနေတယ်ဆိုလို့။ နောက်တစ်ခု ကျောင်းဆရာကလည်း ဒီလိုလုပ်ငန်းတွေဟာ ခိုး၊ဆိုး၊ဝှက်တဲ့ အနေထားလောက်ထိ ဂုဏ်သိက္ခာမရှိတဲ့လုပ်ငန်းမျိုးတွေ ဖြစ်လို့ ဘယ်သူမှ အားမပေးပါဘူး ခင်ဗျ။ ငယ်ရွယ်သူတွေ မို့လို့သာ ခေတ်ကာလကလည်း ဖြစ်ပေါ်နေတော့ ဒါကို သွားလုပ်မိတာပါ။ အမျှော်အမြင်ကြီးစွာနဲ့တော့ ဒါကြီးကိုလုပ်လာရင် ဒီလိုဖြစ်လာမယ်လို့  မဟုတ်ပါဘူး။ အသက် ၁၄နှစ်ဆိုတာ တကယ့်ကို ငယ်ပါသေးတယ်။ အတွေးအခေါ် ဒီလောက်လည်း မရှိပါဘူး။

အဲအချိန်က အဲဒီအခါတုန်းက အန်ကယ်က အခြားကျောင်းသားတွေလိုမျိုး ကျောင်းမှာ တစ်ချို့ဆိုရင် ဆရာဝန်ကြီး ဖြစ်ချင်တယ်လို့ အင်ဂျင်နီယာကြီးဖြစ်ချင်တယ်လို့ ရည်မှန်းချက်တွေ ရှိကြတာပေါ့လေ။ အဲအချိန်အဲအခါက အန်ကယ်ရဲ့ရည်မှန်းချက်က ဘာဖြစ်မလဲ။

ကျွန်တော်အဲဒီလို တစ်ခါမှ မတွေးမိဘူးပါဘူး ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်မျက်လုံးထဲမြင်တာ ကျွန်တော့်အတန်းပိုင်ဆရာက အကြီးဆုံးပဲ။ ကျွန်တော်က အတန်းပိုင်ဆရာနဲ့လည်း ရင်းနှီးတဲ့အခါကျတော့ ငါစာတတ်လာတဲ့ တစ်နေ့မှာလည်း ဆရာဖြစ်နိုင်တယ်လို့ ကျွန်တော့်ကို ကျွန်တော်တွေးမိပါတယ်။ အဲဒီအတွေးလေးတော့ တွေးတဲ့အခါမှာ အခုနက ပြောတဲ့ ဝင်ငွေကို သွားကြည့်တဲ့အခါကျတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီအခွင့်အခါလေးကိုတော့ ဘယ်ရွေ့ဘယ်မျှ ဘယ်အတိုင်းတာထိ လုပ်ရမယ်လို့တော့ မသိခဲ့ဘူး။ သို့ပေမယ့် ကျွန်တော် အဲဒီလုပ်ငန်းကို ရွေးခဲ့တာပါ ခင်ဗျ။

ငယ်စဉ်ကတည်းက ဘဝပေးအခြေနေအရ ပညာရေး တစ်ပိုင်းတစ်စနဲ့ စီးပွားရေး လောကထဲရောက်ရှိ ခဲ့ပေမယ့်လည်း မိမိလုပ်တဲ့အလုပ်ကို တစ်စိုက်မတ်မတ်လုပ်ခဲ့တာကြောင့် ငွေးကြေးအရင်းအနှီးတစ်ခုလည်း စတင်စုမိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူရဲ့ဘဝမှာ နောက်ထပ်လုပ်ငန်းတစ်ခု စတင်လုပ်ကိုင်ဖို့အတွက် အကြောင်းဖန်လာခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ အန်ကယ်အနေနဲ့ အခြားဘယ်စီးပွားရေးကို ပြောင်းပြီးတော့ လုပ်ဖြစ်ခဲ့လဲခင်ဗျ။

ကျွန်တော့်ဘဝ ကုသိုလ်လို့ပဲ ပြောရမလား။ ခေတ်စနစ်တွေပဲ ပြောရမလား မသိဘူး ခင်ဗျ။ ကျွန်တော်တို့ လုပ်ငန်းတစ်ခုကိုတော့ သိပ်စွဲစွဲလန်းလန်း လုပ်လို့မရအောင် ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၈၈ နောက်ပိုင်းမှာ ဒီလိုလုပ်ငန်းတွေ လုံးဝ ရပ်ဆိုင်းသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စီးပွားရေးစနစ်က ပြောင်းလဲသွားပါတယ်။ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေကို အားပေးတဲ့ခေတ်ရောက်လာပါတယ်ခင်ဗျ။ ၈၈ ပြီးတော့ မ.ဝ.တ ခေတ်ပေါ့နော်။ ဆိုတဲ့အခါမှာ သူတို့က ကော်မတီတွေ တည်ထောင်ခွင့်ပြုပါတယ် ခင်ဗျ။ စီးပွားရေးလုပ်ငန်းတွေကို တရားဝင် လုပ်ကိုင်ခွင့်ပြုလာတဲ့ အခါကျတော့ ကျွန်တော်တို့ အခုနကလို မှောင်ခို စီးပွားရေး စနစ်ဆိုတာ ဖျက်သိမ်းစရာ မလိုပဲ အလိုလို ရပ်ဆိုင်းသွားတာပါ ခင်ဗျ။

ကျွန်တော်တို့ စက်လှေတွေဟာ ထင်းအဖြစ်နဲ့ပဲ ရောင်းပစ်လိုက်ရတာပါ။ ဘယ်သူမှလဲ ဝယ်မယ့်သူ မရှိတော့ဘူး။ အင်ဂျင်ဆိုတာလည်း သံရည်ကျိုစက်တွေကနေပြီးတော့ အရည်ကျိုလိုက်ကြပြီးတော့လေ။ ကျွန်တော်အပါဝင် အစီး ၂၀ ကျော်ပေါ့။ ကျွန်တော်တို့ အဲဒီလုပ်ငန်း သိမ်းတဲ့အချိန်မှာ ဖြစ်နေပါတယ်။ ဖြစ်တော့ အစုစပ်တွေပါ။ အားလုံးကအစုစပ်တွေ ကြီးပဲ။ ကျွန်တော်က ထွက်ခွင့် ပထမဆုံးတင်တာပါ။ ဘယ်လိုထွက်လဲဆိုတော့ ကျွန်တော့်အစုလေးကိုတော့ ကျန်တဲ့သူတွေ ခွဲဝေ ယူလိုက်ပါတော့ ကျွန်တော်တော့ ဒီအလုပ်က ထွက်ပြီဆိုတဲ့အချိန်မှာ ဘယ်သူကမှ မယုံကြည်ပါဘူး။ ဒီလုပ်ငန်းက ဒီလိုရပ်သွားလိမ့်မယ်လို့။ ကျွန်တော် ပဲ ဗေဒင်ပညာတတ်လို့ ထွက်တာ မဟုတ်ပါဘူး။ ခေတ်ကာလပြောင်းလာရင် လုပ်ငန်းပြောင်းရတော့မယ်ဆိုတာ ယေဘုယျ ကျွန်တော်တွက်မိနေပါပြီ။

အဲတော့ တွယ်ဖက်ထားတဲ့သူ တစ်ချို့ရှိပါတယ်။ ဒီလှေတွေကို နောက်ဆုံးထိ ကိုင်ထားအုံးမယ်။ ခေတ်ဆိုတာ ပြောင်းနိုင်သေးတယ်ဆိုတဲ့ သူတွေက အဲဒီမှာပဲ ကျန်ခဲ့ပါတယ်။ အခုနပြောတဲ့ လှေတစ်စီးကို ၁၀ သိန်းလောက်တန်တယ်ဆိုတဲ့ လှေတွေက တစ်သိန်းတောင် မရတော့ပါဘူး။ ထင်းဈေး နဲ့ရောင်းရတာပါ။ လှေတွေက သစ်သားတွေ ဖြစ်တဲ့အတွက် ဘာတန်းဖိုးမှ မရှိတော့ပါဘူး။ သူတို့လည်း ပြုလွယ်ပြောင်းလွယ်တဲ့ စိတ်မျိုးမဟုတ်တဲ့အခါကျတော့ အဲဒီမှာပဲ တစ်စိုက်မတ်မတ်နေလိုက်ပြီးတော့ မပြောင်းလဲမိတဲ့ သူတွေရဲ့ ကျဆုံးခန်းပေါ့နော်။ အဲလိုပြောလို့ရပါတယ်။ 

အဲဒီလုပ်ငန်းကနေ နောက်တစ်ခုပြောင်းတယ်ဆိုတော့ ဘယ်လုပ်ငန်းကိုစတင်လုပ်ကိုင် ဖြစ်တာလဲ။

လှေတွေဖြုတ်လိုက်ပြီးတော့ ပြောရလို့ရှိရင် ငွေစလေး နည်းနည်းပိုက်ပြီးတော့ ဘာလုပ်ရင်ကောင်းမလဲလို့ ထိုင်နေတုန်းမှာ ကျွန်တော်ဒီမြေဝယ်ဖို့ ဖြစ်ပေါ်လာပါတယ် ခင်ဗျ။ အခု ထိုင်နေတဲ့ အဆောက်အဦ မြေနေရာ ဝယ်ဖို့ ဖြစ်ပေါ်လာပါတယ် ခင်ဗျ။ အခုနကပြောသလိုပေါ့။ လုပ်ငန်းက ဘာလုပ်ရမှန်းမသိဘူး။ သို့ပေမယ့် လုပ်ငန်းကလည်းခေတ်ကပြောင်းနေတယ်ဆိုတဲ့ ကာလမှာ ကျွန်တော်ဒီမြေဝယ်ဖို့ ဖြစ်ပေါ်လာတာ ကံတရားတစ်ခုပါပဲ။

ကျွန်တော် မြေလုပ်ငန်းလည်း နားမလည်ပါဘူး။ မကျွမ်းကျင်ပါဘူး ခင်ဗျ။ ရောင်းတဲ့သူက ဦးပွင့်ကောင်းပါ။ ဒီနေ့ ရွှေပုဇွန် အုပ်စုက ဥက္ကဋ္ဌကြီးပါ။ ရောင်းတယ်ဆိုပေမယ့် ဗိုက်နာရောင်းတာမျိုး သူမလိုချင်လို့ ရောင်းတာမျိုး မဟုတ်ပါဘူး။ တကယ်တမ်းပိုင်တာတော့ ဒေါ်သန်းဆိုတဲ့ အမေသန်းက ပိုင်တာပါ။ တရားအားထုတ်ရင်းနဲ့ ဒါကြီးကို လှူမယ်ဆိုတော့ ဦးပွင့်ကောင်းက ကိုင်ထားတာပေါ့လေ။ ကိုင်ထားတော့ ကျွန်တော့်ကို မြသိန်းတန် ဆရာတော်ကြီးကနေပြီးတော့ မင်းလိုချင်ဝယ်ချင်တယ်ဆိုရင် ငါမိတ်ဆက်ပေးမယ် ဆိုပြီးတော့ ကျွန်တော်တို့ မြသိန်းတန်ကျောင်းမှာပဲ အရောင်းအဝယ်လုပ်ကြတာပါ။

အဲဒီမှာ ကျွန်တော့်ကို ဦးပွင့်ကောင်း ပြောခဲ့တဲ့ စကားတစ်ချို့ ကျွန်တော် အမှတ်တရ ပြောခဲ့ချင်ပါတယ်။ ဒါစံနမူနာ ယူထိုက်တဲ့ ပုဂ္ဂိုလ်ဆီက စကားတွေ မို့လို့ပါ။ ကလေးလို့ ခေါ်ပါတယ် ကျွန်တော့်ကို။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန် အသက် ၃၀ ဝန်းကျင်ပဲ ရှိပါသေးတယ်။ အဘက အဲဒီအချိန်မှာ ၇၀ ကျော်ပါပြီ။ သူကလေးခေါ်တာလည်း မှန်ပါတယ်။ ကျွန်တော့်ကို ကြည့်ပြီးတော့ မင်းတိုင်ပင်သင့်တဲ့သူနဲ့ တိုင်ပင်ပါအုံး။ သိန်း (၅၀) ဆိုတဲ့ ပိုက်ဆံဟာ နည်းနည်း မဟုတ်ပါဘူး။ နောက်မှတော့ ပြင်လို့မရဘူး။ ဒီနေရာမှာ စကားဟာ ကတိတည်ရမှာ ဖြစ်ပါတယ်။ ဆိုတော့ ကျွန်တော်လက်ကလေး နောက်ပစ်ပြီးတော့ ပြောတာပါ။ အဘ ကျွန်တော်တစ်ဦးတည်း ဝယ်မှာပါ။ ကျွန်တော်တိုင်ပင်စရာ ဘယ်သူမှ မရှိပါဘူး။ အဲလိုပြောတဲ့အခါမှာ သူဘာမှ ဆက်မပြောတော့တာပေါ့လေ။

အမှန်တော့ သူဝယ်ဖို့ ရည်ရွယ်ထားတယ်လို့ နောက်မှ သိရတာပါ ခင်ဗျ။ ဘာလို့အဲလိုပြောချင်လည်းဆိုတော့ သူကျွန်တော့်ကို မရောင်းချင်ပါဘူး။ မရောင်းချင်ဘူး သူ ဝယ်မယ်လို့ ရည်ရွယ်ထားတဲ့ နေရာကို ကျွန်တော် ဘာဈေးမှလည်း မဆစ်ပါဘူး။ ဒီဈေး၊ ဒီဈေးဆိုတာကို ကျွန်တော်ဝယ်ပါ့မယ်ပြောပြီး ကျွန်တော်ဝယ်လိုက်တာပါ။ ဘဝရဲ့ အလှည့်အပြောင်းကြီးတစ်ခုနဲ့လည်း သက်ဆိုင်နေလို့ ကျွန်တော်ပြောပြချင်တာပါ ခင်ဗျ။

ဒါဆိုရင် အခုနက အန်ကယ်ပြောသွားတဲ့ အထဲမှာ ခေတ်တစ်ခုနဲ့တစ်ခု အပြောင်းအလဲကာလမှာ စီးပွားရေးတွေလည်း လိုက်ပြီး ပြောင်းလဲတယ်ဆိုတော့လေ။ အန်ကယ်အနေနဲ့ အဲဒီအချိန်တုန်းက ဘယ်လိုမျိုးကြိုတွေးပြီး ဒီလုပ်ငန်းကို ရပ်မယ်။ အခြားလုပ်ငန်းကို စမယ်လို့ စဉ်းစားခဲ့တာလဲ။ အန်ကယ်အတွေ့အကြုံကြောင့်လား ဒါမှမဟုတ်ရင် အန်ကယ်က ခေတ်တစ်ခေတ်ကို ဘယ်လိုမျိုး အမြဲတမ်း တွေးလေ့ရှိလဲ။

ကျွန်တော်ပြောပြီးပါပြီ ကျွန်တော်ရဲ့ ပညာအဆင့်က အလယ်တန်းအဆင့် ၇တန်းလောက် အောင်တာ ဖြစ်တဲ့အတွက် ကျွန်တော့်မှာ သိပ်အမျှော်မြင်တော့ မရှိပါဘူး ခင်ဗျ။ သို့သော် Trend  ဆိုတာလေး တစ်ခုတော့ အဲဒီပေါ်မှာနေရင် တွေ့ရတတ်ပါတယ် ခင်ဗျ။ အဲဒီ Trend  ကို ကျွန်တော် ဘယ်လိုပြောရမလဲ။ တာစူနေတာပေါ့။ တစ်ဖက်ဖက်ကို တာစူ နေကြတယ်။ လူတွေက ဘယ်သူတွေက အုပ်ချုပ်မှာလဲ။ ဘယ်သူတွေက ခေါင်းဆောင် ဖြစ်မှာတုန်း 99 election ဆိုတာ လာတော့မယ်။ ပြုမယ်ဆိုတဲ့ အခါကျတော့ Focus  လုပ်နေသူတွေအတွက်တော့ မြင်သာပါတယ် ခင်ဗျ။ ဒီကနေ့ ကာလနဲ့တော့ သိပ်မခြားပါဘူး ခင်ဗျ။ အခုအစိုးရသစ်တစ်ခုကို ပြောင်းမယ့်ကာလနဲ့ ကျွန်တော်ပြောနေတဲ့ ၁၉၈၈နဲ့ က ခပ်ဆင်ဆင်ခင်ဗျ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့တော့ မှန်တဲ့ဘက် ရွေးမိသွားတယ်လို့ပဲ ပြောချင်ပါတယ်။ အမျှော်အမြင်ရှိတာ တွက်ချက်တတ်တာလို့ပြောရင် ကြွားရာပဲ ရောက်ပါလိမ့်မယ်ခင်ဗျ။

အန်ကယ်ဘဝမှာ ကိုယ့်က ရဲရဲဝံ့ဝံ့နဲ့ လုပ်ငန်းတွေကို လုပ်ခဲ့တယ်။ အဲဒီအပေါ်မှာလည်း ဆုံးဖြတ်ချက်ချတဲ့အပေါ်မှာလည်း မှန်ခဲ့တယ်ပေါ့နော်။ ဒါကြောင့်လည်း ကိုယ့်က ဘဝအချိုးအကွေ့တွေ အများကြီးပြောင်းခဲ့တယ်ဆိုတော့ အခုလိုမျိုး ရှေ့ဆက်ပြီးတော့ အလုပ်တွေ တစ်ခုပြီး တစ်ခု လုပ်ချင်နေအောင် အန်ကယ်ကို ဘယ်ကိစ္စက ဘယ်လိုအကြောင်းအရာက အန်ကယ်ကို တွန်းအား အမြဲပေးခဲ့တာလဲ။

အင်မတန်ကောင်းတဲ့ မေးခွန်းပါ။ လုပ်တိုင်းမှန်ခဲ့တာတော့ မဟုတ်ပါဘူး ခင်ဗျ။ ဒီကြားထဲမှာလည်း အမှားယွင်းလေးတွေ ဘဝမှာ ကြီးမားစွာပေးဆပ်ခဲ့ရတဲ့ အမှားတွေ ကျွန်တော်မှာ အများကြီး ရှိပါတယ်။ ကံယုံပြီးတော့ ဆူးပုံနင်းလို့ မရပါဘူး ခင်ဗျ။ ဆူးက ဆူးကို ဆူးမှာပဲ ။ အဲတော့ ဘာလေး တစ်ခုတော့လိုတယ်ဆိုတော့ အမှားတွေ လုပ်ထားတာကို အတွေ့အကြုံအဖြစ်နဲ့ ပြောင်းလဲပြီးတော့ အမှား ၁၀ခု လုပ်တယ်။ ဒီအမှားကိုပဲ ပြန်မလုပ်လို့ရှိရင် ဒါ သင်ခန်းစာ အထပ်ထပ်ယူပြီးတော့ ကျောက်တစ်ပွင့်ကို ကြည့်ပြီးတော့ အကဲဖြတ်သလိုမျိုးပါပဲ ခင်ဗျ။ အမြဲတမ်းကြည့်နေရင် ကျွမ်းကျင်သွားတာပဲ။ ကျွန်တော်လည်း အဲလိုပဲ အမှားတွေ အများကြီးလုပ်လို့ အမှန်တစ်ခု ဆုံးဖြတ်နိုင်ခဲ့တယ်လို့  ကျွန်တော်ပြောချင်ပါတယ်။

အန်ကယ်ဘဝမှာ အခုနက အမှားတွေ လုပ်ခဲ့တယ်ဆိုတော့ ဘဝမှာ ကြီးကြီးမားမား အမှားလို့ ကိုယ်အမြဲတမ်း သတိရနေတဲ့ ဒုက္ခလို့ ပြောမယ်ဆိုရင် အန်ကယ် ဘယ်လို ကိစ္စကို ပြေးမြင်မိမလဲ။

ကျွန်တော်စီးပွားရေး အရမ်းအောင်မြင်နေတဲ့ အချိန်မှာ စားအုံးဆီလုပ်ငန်းလုပ်ပါတယ် ခင်ဗျ။ အဲဒီတစ်ချိန်တည်းမှာပဲ ကျွန်တော့်မှာ ရေနံထွက် ပစ္စည်းတွေလည်း လုပ်ပါတယ် ခင်ဗျ။ အဲကာလက မြန်မာနိုင်ငံမှာ နိုင်ငံတော် အဖွဲ့စည်းတွေကသာလျှင် လုပ်ကိုင်လျှက်ရှိတဲ့ စားအုံးဆီကို ကျွန်တော် ရောင်းပေးနေတာပါ။ စီးပွားရေး ဦးပိုင်လီမိတက်တို့၊ တပ်မတော်ထောက်ပံ့ရေးတို့ ဆိုတဲ့ ဌာနကြီးတွေကို ရောင်းတာပါ။ ပုဂ္ဂလိက ပိုင်းက ဝယ်ယူခွင့်ရတာဟာ အဲဒီအချိန်မှာ နိုင်ငံခြားနဲ့ ဖက်စပ်လုပ်နေတဲ့ ကုမ္ပဏီ တစ်ခုပဲ ငါးနှစ်ကောင် ဆီလုပ်ငန်းက ဝယ်ယူလို့ ရနေတာပါ။

ကျွန်တော်က အဲအချိန်မှာ နိုင်ငံခြားမှာ  သွားပြီးတော့ အထိုင်ကျနေပါပြီ။ ကျွန်တော်နိုင်ငံခြားမှာ သွားပြီးတော့ ကုမ္ပဏီ ဖွင့်ပြီးတော့ ပြည်တွင်း ဆီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတဲ့ အဆင့်ကို ရောက်နေပါပြီ ခင်ဗျ။ မြန်မာပြည်က တစ်လကို တန်ချိန် သုံးသောင်းလောက် ဝယ်ယူတဲ့ ကာလမှာ ကျွန်တော်က တန်ချိန် တစ်သောင်းလောက် ကျွန်တော့်ကိုတာ ရှိထားပါတယ်။ ကျွန်တော့်ရဲ့ ရောင်းအားက တန်ချိန်တစ်သောင်းလောက် ရောက်နေတဲ့ ကာလမှာ ကျွန်တော် အဲဒီအမှားကြီး တစ်ခုကို လုပ်မိခဲ့ပါတယ်။ အဲတာကတော့ အခုကပြောသလို ပုဂ္ဂလိကကို ရေနံထွက်ပစ္စည်းတွေ တင်သွင်းခွင့်ပြုလိုက်တဲ့ အချိန်မှာ စားအုံးဆီက ပိတ်ထားတယ် ခင်ဗျ။ ပိတ်ထားတော့ နှစ်ခုစလုံးက ဆီပဲလေ။ ဆီပဲဆိုတော့ ကျွန်တော့်ဆီက ဝယ်တဲ့သူတွေက စားအုံးဆီ ဝယ်ပြီးတော့ ဒီရေနံထွက် ပစ္စည်းတွေနဲ့ ကပ်ပြီးတော့ သွင်းကြတာပေါ့။ သွင်းလာတဲ့ အခါကျတော့ အရေအတွက်က နည်းနည်း မဟုတ်ပါဘူး။ သင်္ဘော အစင်းလိုက် သွင်းကြတာပါ ခင်ဗျ။ တန်ချိန် ထောင်ဂဏန်းချီတဲ့ သင်္ဘောအစင်းလိုက် သွင်းတာ။ ကံအားလျော်စွာ ကွန်တိန်နာ ဆယ်လုံးလောက် ပီပါ အလုံး ၉၀၀ ကျော်ဟာ တန်အားဖြင့် တွက်မယ်ဆိုရင် တန် ၂၀၀/ ၃၀၀ လောက်ပဲ ရှိတဲ့ အရေအတွက်တစ်ခုကို ဆိပ်ကမ်းမှာ ဖမ်းမိသွားပါတယ်။

အဲဒီအချိန်ထိလည်း ကျွန်တော် လက်လှမ်းမိပါတယ်။ ဒီမှာ ကျွန်တော်လုပ်နေတဲ့ လုပ်ငန်းတွေက နိုင်ငံတော် အကြီးကဲတွေနဲ့ လုပ်ရတာပါ။ အဲဒီအချိန်မှာ စစ်ထောက်ချုပ်တို့လို ကျွန်တော်တို့ ဦးပိုင်မှာဆိုရင်လည်း အဲတုန်းက S3  တို့က ကိုင်တွယ်နေတာ ခင်ဗျ။ ပြဿနာ ဖြစ်သွားပြီဆိုတော့ ကျွန်တော်က အခုနကပြောတာ မြန်မာပြည်ကို သုံးချိုးတစ်ချိုးလောက် တင်ပို့နေတာ ဆိုတော့ ကျွန်တော်လည်း စာရင်းတွေ အလွတ်မရဘူး။ ဝန်ထမ်းတွေ လုပ်နေတာကိုး။ ဖမ်းမိသွားပြီး ဒီမှာဆိုတော့ လှမ်းမေးတယ် ကျွန်တော်ကို ဒီက ဖမ်းဆီးရေး အဖွဲ့က မေးတာပါ။ ဦးဌေးအောင်ရေ ခင်ဗျား နာမည်တွေ ပါနေတယ်။ ဟောဒီမှာ ကျွန်တော်မဟုတ်ပါဘူး။ လုံးဝ ကျွန်တော်နဲ့ ဘယ်လိုမှ မပတ်သက်ပါဘူး။ အမှန်တကယ်လည်း အဲဒီအတိုင်းပါပဲ။ ဒါပေမယ့် ပို့တဲ့သူက ကျွန်တော်ကုမ္ပဏီပေါ့။ စင်ကာပူ ကုမ္ပဏီ လက်ခံမယ့်သူက ဝယ်ယူမယ့်သူ ဖြစ်ပေမယ့် ဘယ်ဟာတွေနဲ့ သုံးထားလည်း ဆိုတော့ ကျွန်တော်တို့ အမည်ခံထားဖူးတဲ့ သူနဲ့ ဟာတွေနဲ့ ပြဿနာ ဖြစ်လာမယ့် အချိန်မှာ ပစ်မှတ်တွေ လဲပြီးတော့ ကျွန်တော်တို့ကို ပြဿနာဖြစ်အောင် လုပ်ခဲ့တာ။ နှစ်ပေါင်း ဆယ်နှစ်လောက်ကြာပါတယ်။ အဲတာကို မနေ့တစ်နေ့ကမှ သွားရောက် ရှင်းလင်းနိုင်ခဲ့ပါတယ်။ အကျဉ်းထောင်ထဲမှာ ၇ လတိတိ နေခဲ့ရပါတယ်။ အဲတာကတော့ ကျွန်တော့်ဘဝမှာ အမေ့နိုင်တဲ့ အောင်မြင်တဲ့ကြားထဲကနေပြီးတော့ မမျှော်လင့်ပဲနဲ့ ဖြေရှင်းပေးခဲ့ရတဲ့ အကြီးဆုံးသော ကျွန်တော်ခေါင်းအကိုက်ရဆုံး ကိစ္စတစ်ခု အဲတာ ကျွန်တော် ပြောပြချင်ပါတယ်။

ဦးဌေးအောင်ဟာ သူ့ဘဝမှာ မထင်မှတ်တဲ့ ရိုက်ခတ်မှုနဲ့ ကြုံရပေမယ့်လည်း စိတ်ဓာတ်ကျမသွားအောင် အားတင်းနိုင်ခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ ဘဝ ဒုက္ခရောက်နေတဲ့ အချိန်မှာ စိတ်ညစ်နေမယ့် အစား ရှေ့ဆက်လုပ်ဆောင်ရမယ့် ခြေလှမ်းတွေကို ကြိုတင် စဉ်းစားပြီးတော့ တဖြေးဖြေးနဲ့ ပြဿနာတွေ ကြားထဲကနေ ပြန်လည် ရုန်းထွက်နိုင်ခဲ့သူ ဖြစ်ပါတယ်။

အန်ကယ် အဲတာဆိုရင် အန်ကယ် အခုပြောသွားသလိုမျိုးပဲပေါ့နော်။ ဖြေရှင်းရခက်တဲ့ ပြဿနာတွေ ကြုံတွေ့ခဲ့ရတဲ့ အခါမျိုးမှာ အန်ကယ်အနေနဲ့ ဒီပြဿနာကို ဘယ်လိုမျိုး ကျော်လွှားလေ့ ရှိလဲ ခင်ဗျ။

ကျွန်တော်တို့ စီးပွားရေး အစပိုင်းက ရည်ရွယ်သလိုပါပဲ။ အမြဲတမ်း တစ်ကပြန်စမယ်လို့ ရယ်စရာ မောစရာ ပြောတဲ့ စကားတစ်ခွန်း ရှိပါတယ် ခင်ဗျ။ အဲတာကတော့ ဆုံးရှုံးမှုတွေရှိလာတိုင်း တို့အရင်က ဘာရှိတာမှတ်လို့ ငါတစ်ကနေပြန်စတာပေါ့ဆိုတာမျိုးပါ ခင်ဗျ။ အခုတော့ ဒီအသက်အရွယ်မှာ အဲဒီစကားပြောဖို့ ဒီအသက်အရွယ်မှာ စဉ်းစားမိပါတယ်။ တစ်ခါတလေ ပြန်စနိုင်ပါ့မလားဆိုတာမျိုး ဒါပေမယ့် မူကတော့ မပျောက်သေးပါဘူး အခုထက်ထိ ဇွဲကို အဲလို ကျွန်တော်မွေးပါတယ်။

အဲတော့ ဒီစီးပွားရေးလောကမှာ ဦးအနေနဲ့ ရေရှည်ရပ်တည်နိုင်ဖို့ပေါ့နော်။ ကြာကြာရပ်တည်နိုင်ဖို့အတွက်ဆိုရင်ဘယ်လိုအချက်တွေက အရေးအကြီးဆုံး ဖြစ်မလဲ။

ကျွန်တော်တို့ ဖတ်မှတ်ဖူးခဲ့တာပေါ့နော်။ ဇွဲ၊ လုံးလ၊ ဝီရိယ ရှိရမယ်။ လုပ်ငန်းတွေကို လုပ်ကိုင်တဲ့အခါမှာလို့ ရေဘုယျ မှတ်သားဖူးပါတယ်။ ကျွန်တော့် ဘဝမှာ ကြုံတွေ့ရတာတွေနဲ့ ဖြည့်စွက် ပြောရမယ်ဆိုရင် ကတိရယ်၊ ယုံကြည်မှုရယ် ပေါင်းစပ်ဖို့ လိုပါလိမ့်မယ် ခင်ဗျ။ အခုလိုကာလမှာ ကျွန်တော်တို့က ကတိတွေ အများကြီးပါပဲ။ ကျွန်တော်တို့ ရထားတာ ရှိသလို ကျွန်တော်တို့ကလည်း ပေးထားတာတွေ ရှိပါတယ် ခင်ဗျ။ အဲတာတွေ အကောင်အထည် မဖော်နိုင်တဲ့ အခါမှာ ရှုးသလို ပေါသလိုနဲ့ နေသွားတဲ့ သူတွေလည်း တွေ့ရပါတယ်။ အင်မတန်မှ နာမည်ကျော် ပုဂ္ဂိုလ် တစ်ချို့တောင် ဘာမှ အဖြေမပေးတော့ဘူး။ ဒီအရာကြီးကို ယုံကြည်မှုတစ်ခုလို ကျော်လွှားရပါတယ်။ ဟုတ်တယ်။ ဒီပုဂ္ဂိုလ်တွေကတော့ ငါတို့ငယ်ငယ်ကတည်းက သိတယ်။ သူတို့ မိဘတွေကိုတောင် ငါတို့သိတယ်။ ဘယ်တုန်းကမှ နာမည်ပျက် မရှိခဲ့ကြဖူးဆိုတဲ့ ယုံကြည်ချက် တစ်ခုဟာ တော်တော်ကြီးမားပါတယ်။ အခုနက ကတိဆိုတာ စာချုပ်စာတမ်းကို ဆိုလိုတာ မဟုတ်ပါဘူး။ စာချုပ်ကြီးမှာ လက်မှတ်ထိုးထားမှ ကတိဖြစ်တာ မဟုတ်ပါဘူး။ နှုတ်ကတိပေးထားခြင်းမျိုး လက်ဆွဲနှုတ်ဆက်လိုက်ပြီးတော့ agree  လို့ပြောလိုက်တဲ့ဟာ စာချုပ်စာတမ်းထက်တောင် ခိုင်မာတဲ့ သန္နိဌာန်မျိုး မျှရပါလိမ့်မယ်။ အဲတာ ကျွန်တော်ဖြည့်စွတ်ချင်ပါတယ် ခင်ဗျ။

အန်ကယ်အနေနဲ့ ဒီလိုလုပ်ငန်းတွေမှာ စွန့်စားမှုတွေလည်း အများကြီးယူခဲ့တယ်။ ဆုံးဖြတ်ချက် ကတော့ အများစု မှန်ခဲ့တာပေါ့နော်။ ဒါပေမယ့် တစ်ခါတလေ ကိုယ်က ဆုံးဖြတ်ချက်မှားသွားတဲ့အခါမှာ အဲဒီအပေါ်မှာ ဘယ်လိုမျိုး စိတ်ကို ဖြည့်လေ့ရှိလဲ။

ကျွန်တော်ပြန်ပြီး ပြောရမယ်ဆိုရင် အခုနက တစ်ကပြန်စမယ်ပဲ ပြောရပါလိမ့်မယ် ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် မိဘအမွေယူခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တရားရနေတယ်လို့ ပြောလို့ ပြောတာလဲ မဟုတ်ဘူး။ ပစ္စည်းစွဲလန်းမှုလည်း တော်တော်နည်းပါတယ် ခင်ဗျ။ နောက်နမှုနာလေးတွေနဲ့ ပြရမယ်ဆိုလို့ရှိရင်လေ ကျွန်တော် အဲဒီစားအုံးဆီ အမှုကြီး ဖြစ်တဲ့အချိန်မှာ ကျွန်တော်ရဲ့ မြန်မာပြည်မှာ ပိုင်ဆိုင်မှုတွေ အားလုံ သိမ်းဖို့ရာအတွက် စီရင်ချက် ချပြီးသားပါ။ လူကြီးတစ်ယောက်ရဲ့ ကျေးဇူးနဲ့ ဒါတွေဟာ သူအခွန်အပြည့်အဝ ထမ်းဆောင်ထားတဲ့ နေရာတွေ ဖြစ်တယ်။ နောက်အမှုနဲ့လည်း အစောကြီးကတည်းက သူပိုင်ဆိုင်တာတွေ ဖြစ်တယ်ဆိုပြီးတော့ ကျွန်တော့်ကို ချန်ထားပေးခဲ့လို့ ကျန်ခဲ့တာပါ။ ဒါလေးကို ကြည့်ချင်အားဖြင့် ကျွန်တော့်စိတ်ထဲမှာ ကျွန်တော် ယုံကြည်သွားတာ တစ်ခုကလည်း ကိုယ်နဲ့ထိုက်တဲ့ဟာဆိုရင် ရှိနေမှာပဲ ဗျ။ ကိုယ်မထိုက်တန်တာ တစ်ခုကို လုယူထားမယ်။ မတရားသဖြင့် ယူထားမယ်ဆိုရင်လည်း ကြိုက်တာနဲ့ကာ သဘာဝဘေးအန္တရာယ်နဲ့ပဲ ဖြစ်ဖြစ် ပျက်စီးဆုံးရှုံးသွားမှာပဲ။ ဒီအတွက်ကြောင့်မို့လို့ ပစ္စည်းသင်္ခါရ လူသင်္ခါရလို့ တရားရနေတဲ့ တောရ ပုဂ္ဂိုလ်တော့ မဟုတ်ပါဘူး။ သို့ပေမယ့်လို့ ကျွန်တော်သိပ်လည်း သံယောဇဉ်တော့ မထားပါဘူး  ခင်ဗျ။

မိမိရဲ့လုံးလ ဝီရီယနှင့် ရှာဖွထားတဲ့ ပစ္စည်းဥစ္စာတွေကသာ အမှန်တကယ်တည်မြဲမယ်လို့ ယုံကြည်ထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ယခုအချိန်ထိ အမြဲတမ်း မိမိကိုယ့်ကိုယ် အားကိုးပြီးတော့ စီးပွားရေးလုပ်ငန်းတွေကို  ဦးဆောင်လာခဲ့တာဟာ အောင်မြင်မှုရဲ့ အဓိက အချက်ဖြစ်တယ်လို့ ခံယူထားသူ တစ်ဦး ဖြစ်ပါတယ်။

ကျွန်တော်တို့ ဒီအစီစဉ်ကို ကြည့်နေတဲ့ လူငယ်တွေထဲမှာလည်း အန်ကယ်တို့လို့ တစ်ချိန်ကျ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို ဦးဆောင်ချင်တဲ့သူလည်း ရှိပါတယ်။ ဒါပေမယ့် တစ်ချို့က ယူဆထားတာက စီးပွားရေးလုပ်ချင်တယ်။ ဒါပေမယ့် ငါ့မှာ အရင်းအနှီးမရှိဘူး အဲဒီလိုမျိုးတွေလည်း ပြောသံကြားပါတယ်။ ဒီလိုမျိုးကြိုးစားနေတဲ့ လူငယ်တွေကို အန်ကယ်အနေနဲ့ ဘယ်လိုမျိုး ပညာပေးချင်လည်း ခင်ဗျ။

ဒီတီဗွီကိုကြည့်တဲ့အခါ တစ်တိုင်းပြည်လုံး ကြည့်ကြပါလိမ့်မယ်။ အသက်အရွယ်ကြီးရင့်သူတွေ ပညာတတ်တွေ ကျွန်တော် လူငယ်တွေကိုပဲ ပစ်မှတ်ထား ပြောချင်ပါတယ်။ ကျွန်တော့်မှာ တစ်ဦးတည်းသော သမီး အသက် ၃၀ အရွယ် ရှိပါတယ်။ ကျွန်တော်နေ့စဉ်လိုလိုပြောလို့ အလွတ်ရနေပြီလို့ ပြောတဲ့ စကားလေး တစ်ခုပါပဲ ခင်ဗျ။ အဲတော့ လူငယ်တွေ ပုံပြင်လေးတစ်ခုနဲ့ မှတ်သားလောက်အောင် ပြောချင်ပါတယ်။ လူကြီးတွေကတော့ ဒါသိပြီးသား ဖြစ်မှာပါ။

သူဆင်းရဲတစ်ယောက်ဟာ ဘုရားမှာ ဆုတောင်းတယ်။ သူဆင်းရဲသားဘဝက လွတ်ရပါလို့၏ ဆိုပြီးတော့ ဘုရားကလည်း ရက်ရက်ရောရောနဲ့ ရတနာ စီချယ်ထားတဲ့ ရွှေခွက်ကြီးကို ပေးလိုက်တယ်။ ပုံပြင်ထဲမှာပါ။ ဒီသူဆင်းရဲက အဲဒီရွှေခွက်ကြီးကို ကိုင်ပြီးတော့ အရပ်လှည့်ပြီးတောင်းစားပါတော့တယ်။ ဇာတ်လမ်းလေးက အင်မတန်မှ အဓိပ္ပာယ်ရှိပါတယ်။ ဒါကို သေသေချာချာ စဉ်းစားကြည့်မယ်ဆိုရင်လေ ဒီဟာလေ အဲတော့ လူတိုင်းမှာ ဒီနေ့ဟာ ခေတ်ပြောင်း စနစ်ပြောင်းမယ့် အစိုးရပြောင်းမယ့် အချိန်အခါလေးမို့ လူတိုင်း ပါးစပ်ဖျားမှာ သမ္မတ ဘယ်သူဖြစ်မယ်။ ဝန်ကြီးဘယ်သူ ဖြစ်မယ်။ ဒါပဲ ဝေဖန်လေကန်နေကြတာ။ ကိုယ်လုပ်ရမယ့် အလုပ်ကြတော့ နည်းနည်း မေ့မြောနေကြတာမျိုး ရှိပါတယ်။ လူငယ် တွေကို ကျွန်တော်ပြောတာပါ ခင်ဗျ။ လူကြီးတွေကတော့ အလုပ်လုပ်နေတာပါ။

လူငယ်တွေက အခုနက ရွှေခွက်နဲ့တူတဲ့ ကံကောင်းခြင်းတွေ အခုအစိုးရသစ်က ချပေးပါတော့မယ်။ အဲတော့ လူငယ်တွေ ဆက်ပြီးတော့ ဘာလုပ်ချင်တယ်ဆိုတာ ပုံပြင်လေးက အတိုင်းပဲလား။ ကိုယ့်ဟာကိုယ် တီထွင်ပြီးတော့ ဘာတွေလုပ်ကြမလဲ။ အခုလူငယ်တွေဆိုတာလဲ အထင်သေးလို့ ပြောတာ မဟုတ်ပါဘူး။ ပညာတတ်တွေ နိုင်ငံတကာ အတွေ့အကြုံတွေ အခုခေတ်ပေါ်နေတဲ့ အင်မတန်ထူးခြားတဲ့ ဟာတွေဆို ကျွန်တော် လိုက်လို့တောင် မမှီပါဘူး။ ကျွန်တော့်အသက် ၆၀ နဲ့ ကျွန်တော့်မှာ ဖေ့ဘုတ်အကောင့်လည်း မရှိဘူး။ အဲတာ သူတို့တွေ ပြောနေတာတွေ စက္ကန့်ပိုင်းအလိုက်ကို သတင်းမီဒီယာတွေရဲ့ သတင်းအချက်လက်တွေ ရနေတဲ့ ခေတ်ကြီးမှာ တွေဝေမနေကြစမ်းပါနဲ့။ အလုပ်နဲ့ ပတ်သက်ပြီးတော့ ကြိုးစားလုပ်ကြည့်ပါ တိုင်းပြည်အတွက်လည်း ဖြစ်တယ်။ ကိုယ့်အတွက်လည်း ဖြစ်တယ်။ ကျွန်တော် အဲဒီအပိုဒ်လေးနဲ့ နိဂုံးချုပ်ချင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly