ကုလ စုံစမ်းစစ်ဆေးမှုတွင် ရှုံးနိမ့်ခဲ့ပါက ၀ီကီလိခ်၏ အဆန်း အီကွေဒေါသံရုံးမှ ထွက်ခွာပြီး အဖမ်းခံမည်

ကုလ စုံစမ်းစစ်ဆေးမှုတွင် ရှုံးနိမ့်ခဲ့ပါက ၀ီကီလိခ်၏ အဆန်း အီကွေဒေါသံရုံးမှ ထွက်ခွာပြီး အဖမ်းခံမည်

လန်ဒန်၊ ဖေဖော်ဝါရီ - ၄ ။          ။ ဝီကီလိခ် (Wikileaks)တည်ထောင်သူ ဂျူလီယံ အဆန်းမှာ ဆွီဒင်သို့ လွှဲပြောင်းအပေးခံရမည့် အရေးကို ရှောင်ကျဉ်ရန် ၂၀၁၂ခုနှစ် ဇွန်လကတည်းက ၎င်းခိုလှုံနေရာ လန်ဒန်ရှိ အီကွေဒေါသံရုံးမှ ထွက်ခွာတော့မည်ဖြစ်ပြီး၊ အကယ်၍ သူ့အမှုကို စုံစမ်းစစ်ဆေးနေသည့် ကုလသမဂ္ဂအဖွဲ့က သူ့တွင် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါက သောကြာနေ့တွင် ဖမ်းဆီးမှုကို လက်ခံ မည်ဟု ကြေညာချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။

၂၀၁၂ခုနှစ်က မုဒိမ်းမှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲချက်များအတွက် စုံစမ်းစစ်ဆေးရန် ဆွီဒင်က အလိုရှိနေသည့် အဆန်း (၄၄နှစ်)ကမူ အမှုကို မကျူးလွန်ခဲ့ကြောင်း ငြင်းဆန်ထားသည်။

‘ကုလသမဂ္ဂက မနက်ဖြန်မှာ ယူကေနဲ့ ဆွီဒင်တို့က စွဲဆိုထားတဲ့ အမှုမှာ ကျနော်ရှုံးကြောင်း ကြေညာခဲ့ရင် နောက်ထပ် အယူခံနိုင်တဲ့ အလားအလာမရှိတော့လို့ သောကြာနေ့ နေ့လယ်မှာ သံရုံးက ထွက်လာပြီး ဗြိတိသျှရဲရဲ့ အဖမ်းကို ခံပါ့မယ်’ဟု အဆန်းက ဝီကီလိခ် တွတ်တာအကောင့်တွင် လွှင့်တင်လာသည့် ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

‘ဒါပေမယ့်လည်း ကျနော် အနိုင်ရခဲ့ပြီး၊ ကျနော့ကို စွပ်စွဲနေတဲ့ နိုင်ငံတွေဟာ ဥပဒေမဲ့ပြုမှုနေကြောင်း တွေ့ရှိရတယ်ဆိုရင် ကျနော့်ရဲ့ နိုင်ငံကူးလက်မှတ်ကို ချက်ချင်းပြန်ပေးပြီး ကျနော့်ကို ဖမ်းဆီးဖို့ ကြိုးစားမှုမှန်သမျှကိုလည်း ချက်ချင်းရပ်ပေးဖို့ မျှော်လင့်ပါတယ်’ဟု အဆန်းက ပြောကြားခဲ့သည်။

အဆန်းမှာ ဆွီဒင်က သူ့ကို အမေရိကန်ပြည်ထောင်စုသို့ လွှဲပြောင်းပေးမည်ကို စိုးရိမ်လျှက်ရှိသည်။ အမေရိကန်တွင်မူ အဆန်းမှာ အမေရိကန်သမိုင်းတွင် အကြီးမားဆုံး သတင်းပေါက်ကြားမှုဖြစ်သည့် လျှို့ဝှက် စစ်ရေးနှင့် သံတမန်ရေး အချက်အလက်များကို ဝီကီလိခ်က ပုံနှိပ်ထုတ်ဝေခဲ့မှုဖြင့် ခုံရုံးတင် စစ်ဆေးခံရနိုင်သည်။  

အဆန်းက ၎င်း၏ လျှောက်လဲချက်တွင် သံရုံးတွင် နေထိုင်ခဲ့ရသည့် ကာလမှာ တစ်ဖက်သတ် ဖမ်းဆီးထိန်းသိမ်းခံရမှု မြောက်သည်ဟု စောဒကတက်ထားရာ ၎င်း၏ လျှော့ပေါ့ရေး မေတ္တာရပ်ခံချက်ကို ကုလသမဂ္ဂ၏ တစ်ဖက်သတ် ဖမ်းဆီးချုပ်နှောင်မှုဆိုင်ရာ အလုပ်အဖွဲ့က စဉ်းစားလျှက်ရှိသည်။

အဆန်းက ၎င်းအနေဖြင့် အခြေခံလွတ်လပ်ခွင့်များ ကင်းမဲ့နေကာ၊ နေရောင်နှင့် လေကောင်းလေသန့်ကိုလည်း မထိတွေ့ရသလို၊ လုံလောက်သော ဆေးဝါးကုသမှုလည်း မရရှိသည့်အပြင် ဥပဒေကြောင်း အရ မလုံခြုံမှုကိုလည်း ခံစားနေခဲ့ရသည်ဟု စောဒက တက်ခဲ့သည်။

အဆန်းမှာ ၂၀၁၀ခုနှစ် စောပိုင်းက ဘဂ္ဂဒက်တွင် ရိုက်တာ သတင်းထောက်နှစ်ယောက်အပါအဝင် လူတစ်ဒါဇင်ခန့်ကို သတ်ဖြတ်ခဲ့သည့် အပါချီရဟတ်ယာဉ်များ၏ တိုက်ခိုက်မှုကို ဖော်ပြသည့် အမေရိကန်စစ်တပ်၏ လျှို့ဝှက်ဗွီဒီယိုကို ဝီကီလိခ်က ထုတ်ဝေလိုက်သည့်အခါတွင် နိုင်ငံတကာမြင်ကွင်းတွင် ထင်ရှားလာခဲ့သည်။

ထိုနှစ်နှောင်းပိုင်းတွင် ဝီကီလိခ်အုပ်စုက အာဖဂန်နစ္စတန်တွင် အမေရိကန် ခေါင်းဆောင်သည့် စစ်ဆင်ရေးကို အသေးစိတ်ဖော်ပြထားသည့် စာရွက်စာတန်းပေါင်း ၉၀၀၀၀ကျော်ကို ထုတ်ဝေဖြန့်ချိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags