နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၀ မေ ၂၀၂၂ )

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၀ မေ ၂၀၂၂ )
Photo : CJ

အမျိုးသားညီညွတ်ရေး အစိုးရ

· ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင်မန္တလေးတိုင်း လွှတ်တော်ကိုယ် စားပြု ကော်မတီတို့အကြား တွေ့ဆုံဆွေး နွေးမှုကို မေ ၁၇ ရက်က ပြုလုပ်ခဲ့ကြသည်။

· အမျိုးသားညီညွတ်ရေးအစိုးရ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနနှင့် ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာနတို့အကြား တွေ့ဆုံဆွေးနွေးမှုကို မေ ၁၉ ရက်မှာ ပြုလုပ်ခဲ့ကြသည်။

· အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နယ်မြေစိုးမိုးမှု မဟာဗျုဟာမှာ အ ထောက်အပံ့ဖြစ်ဖို့အတွက် ရည်ရွယ်ပြီး One Day Challenge က အမေရိကန်ဒေါ်လာ ၃သောင်း(မြန်မာကျပ်ငွေ သိန်း ၅၉၄) တန်ဖိုးရှိ ကျည်ဆံ အရေအတွက် ၁၃၅၀၀ ကို ပေးအပ်လှူဒါန်းလိုက်ကြောင်း သိရသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

· ရန်ကုန်မြို့၊ ၈ မိုင်လမ်းဆုံ ရန်ကုန်တိုင်းစစ်ဋ္ဌာနချုပ် ဝင်ပေါက်ကင်းအနီး ယနေ့ မေ ၂၀ ရက်နံနက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး သေနတ်သံကြားရကြောင်း ဒေသခံများက မဇ္ဈိမကိုပြောသည်။

· ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အုတ်ကျင်းမှတ်တိုင်နှင့် ဘုရားလမ်းမှတ်တိုင်အကြား စစ်တပ်ချည်မျှင်နှင့်အထည် စက်ရုံဘေးရှိ လျှပ်စစ်ဓာတ်အားခွဲရုံကို ယနေ့ နံနက် ၉ နာရီကျော်အချိန်တွင် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက် မှုဖြစ်ပွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

· စစ်ကိုင်းတိုင်း ရေဦးမြို့နယ်တွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်း မိုင်းဆွဲခံရပြီး သေဆုံးသွားသော စစ်သား ရုပ်အလောင်းများကို စစ်တပ်က ဖြစ်သလို မီးရှို့ထားခဲ့ကြောင်း ရေဦး ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဥ် တွေ့ရှိခဲ့ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ချီတက်လာသော အင်အား ၁၀၀ ပါ စစ်ကြောင်းသည် ကျေးရွာအမြောက်အမြားကို အကြောင်းမဲ့ သက်သက် မီးရှို့နေကြောင်း ဗိုလ်နဂါးက ပြောသည်။

· စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာ တစ်ရွာတွင် ကျေးရွာလူထုက အကြမ်း ဖက် စစ်တပ်ကို ဆန့်ကျင်ပြီး NUG ကို ထောက်ခံကြောင်း ဆန္ဒပြချီတက်ခြင်းကို မေ ၂၀ ရက်နေ့တွင် ပြုလုပ်ကြသည်။

· မုံရွာမြို့နယ် အခြေခံပညာ ကျောင်းသားများ သမဂ္ဂမှ လူငယ်များ ဦးဆောင်ကာ ယနေ့ မေလ ၂၀ ရက်နေ့တွင် မုံရွာ အ.ထ.က (၁) ကျောင်းရှေ့၌ မင်းအောင်လှိုင်ပုံ မီးရှို့ကာ စစ်ကျွန်ပညာရေး အလိုမရှိကြောင်း စာတန်း ချိတ်ဆွဲ ခဲ့သည်ဟု သိရသည်။

· စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက် စစ်တပ်ကို မေလ ၁၈ ရက်နေ့တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက အကြိမ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ

ထိခိုက်သေဆုံးမှု များပြား ခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေး အဖွဲ့ CSDOM ထံမှ သိရသည်။

· စစ်ကိုင်းတိုင်း ကနီမြို့နယ် ချင်းတွင်းမြစ် အရှေ့ဘက်ခြမ်းရှိ နတ်ကြီးရွာ၊ ရွာသာရွာနှင့် ဝက်ချောင်းရွာတို့ကို အကြမ်းဖက် စစ်တပ်က မေလ ၁၉ ရက်နေ့ ဝင်ရောက် စီးနင်းခဲ့ပြီး နေအိမ် အလုံး ၂ဝဝ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ ပြည်သူများက ပြောသည်။

· မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းရှိ ပန်းတိုင်းတောကျေးရွာကို မေလ ၁၉ ရက် နံနက် ၇ နာရီခွဲခန့်တွင် အကြမ်းဖက်စစ်သားများနှင့် လက်ပါးစေ ပျူစောထီးများ ဝင်ရောက် မီးရှို့ဖျက်ဆီးရာတွင် နေအိမ် ၁၂ လုံးနှင့် ကြက်ခြံ ၁၅ ခြံ မီးလောင်ဆုံးရှုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

· ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဖားကန့် ဆန္ဒပြပြည်သူများ KIA ၊ PDF နှင့် NUG ကိုထောက်ခံကြောင်း နှင့် စစ်အာဏာရှင်ကျဆုံးရေး ချီတက် ဆန္ဒပြ ကြသည်။

· မန္တလေးတိုင်း၊ ညောင်ဦးခရိုင် ၊ညောင်ဦးမြို့နယ်၊ အောက်ညဉ့်ရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စန်းရွှေ ဦးဆောင်၍ ၎င်း၏ နေအိမ်တွင် ပျူစောထီး ၈ ဦးက သွေးသောက်အဖွဲ့ ဖွဲ့စည်းရေး ညှိနှိုင်းဆွေးနွေးစဉ် ဒေသကာကွယ်ရေးတပ်များက ဝင်ရောက် ပစ်ခတ်ရာ ပျူစောထီး ၃ ဦးသေဆုံးသွားကြောင်း သိရှိရသည်။

· ပြည်သူ့ကာကွယ်ရေးတပ်မတော် (မြိတ်ခရိုင်) တပ်ရင်း(၂) ကွပ်ကဲရေးအဖွဲ့တာဝန်ခံ ကိုအောင်ကျော်ဟိန်း ယမန်နေ့ကတိုက်ပွဲ၌ စစ်ကောင်စီကလက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ကျဆုံးခဲ့ကြောင်း ကောလာ ဟလသတင်းထွက်ပေါ်ပြီးနောက် အဆိုပါသတင်းမဟုတ်မှန်ကြောင်း ယနေ့ မေလ ၂၀ ရက်နေ့တွင် ကိုအောင်ကျော်ဟိန်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှ ပြန်လည်ဖြေရှင်းခဲ့သည်။

· အလွတ်တန်းသတင်းထောက်တစ်ဦးဖြစ်သူ ဦးမျိုးမြင့်ဦး(ခ)မောင်မောင်မျိုး(ဇာတ်ဆရာ)ကို စစ်ကောင်စီ တပ်ကဖမ်းဆီးပြီးနောက် ဘားအံမြို့မရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) ဖြင့် အမှုဖွင့်ပြီး ဘားအံအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

· အကြမ်းဖက်စစ်တပ်က ရခိုင်ပြည်နယ်အတွင်းမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေထပ်မံကျူးလွန်ရန်လုပ်ဆောင် နေပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) ၏ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ကပြောကြားလိုက်သည်။

· ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၌ စစ်ကောင်စီတပ်သုံး စစ်ကားတစ်စီးကို ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၁၆) က သိမ်းဆည်း ရခဲ့သည်။

· ကရင်ပြည်နယ် မြဝတီခရိုင် သေ့ဘောဘိုးကျေးရွာအနီးရှိ စစ်ကောင်စီစခန်း သေ့ဘောဘိုးစခန်းကို KNLA, KNDO, PDF ပူးပေါင်းအဖွဲ့မှ မေလ ၁၈ ရက် မွန်းလွဲပိုင်းကတိုက်ခိုက်သိမ်းယူနိုင်ခဲ့သည့် ရုပ်သံထုတ် ပြန်သည်။

· ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF)ရဲ့ တော်လှန်ရေးတစ်နှစ်ပြည့် အ ခမ်းအနားကို မေ ၁၉ ရက်က ပြု လုပ်ခဲ့ရာ CDF မင်းတပ်ကိုယ်စား လှယ်တွေလည်း တက်ရောက်ခဲ့ကြသည်။

· အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/ SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်တို့ ဆွေးနွေးခဲ့ရာ နှစ်ဘက်လုံးက ငြိမ်းချမ်းရေးကို မဖြစ်ဖြစ်အောင် အကောင်အထည်ဖော်သွားရန် တူညီသည့်ဆန္ဒရှိကြောင်း RCSS /SSA ပြောခွင့်ရ ဒုဗိုလ်မှုးကြီး အုမ်ခေးက ဒီဗွီဘီတွင် ပြောဆိုထားသည်။

· တော်လှန်ရေးကာလပြီးဆုံးချိန်တွင် ကရင်နီ(ကယား) ပြည်နယ်တစ်ခုလုံးကို သွားရောက်လည်ပတ်နိုင်သည့် တောင်တန်းဂီတ’ ခရီးသွားလက်မှတ်ကို လွိုင်ကော် PDF ကနေ ရောင်းချသွားမည်ဟု သတင်းထုတ် ပြန်ထားသည်။

စစ်ကောင်စီ

· နေပြည်တော်ကောင်စီနယ်မြေက နိုင်ငံတော်၏ မြို့တော်ဖြစ်တာကြောင့် Green City ၊ Clean City ၊ Smart City အဖြစ် တိုးတက်အောင် ဆောင်ရွက်သွားမည်ဟု အာဏာလုစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ထပ်ပြောပြန်သည်။

· စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ယွက်ဆစ်တို့ မေ ၂၀ ရက်မှာနေပြည်တော်မှာတွေ့ဆုံဖို့ရှိနေသည်။

· စီးပွားရေးလုပ်ငန်းများအပေါ် အခွန်များတိုးမြှင့်ကောက်ခံရန်ပြင်ဆင်နေကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက နေပြည်တော်တွင် မေလ ၁၉ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင် ပြောသည်။

· အကြမ်းဖက်စစ်ကောင်စီ၏ သေ့ဘောဘိုးစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်စဉ် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသူ စစ်သား ၁၁ ဦးနှင့် ပေါ်တာ ၃ ဦးကို ထိုင်းအာဏာပိုင်များက ယမန်နေ့ မေလ ၁၉ ရက်တွင် မြန်မာ နိုင်ငံဘက်သို့ ပြန်ပို့လိုက်ကြောင်း သိရှိရသည်။

· ကရင်ပြည်နယ် မြို့တော် ဘားအံတွင် အခြေစိုက်ထားသော တပ်မ ၂၂ မှ စစ် သား အများစုကို ရခိုင်ပြည်နယ် သို့ ပို့ဆောင်ထားသဖြင့် လက်ရှိတွင် လူမရှိဘဲ ဖြစ်နေသည့်အတွက် တိုက်ခိုက်ရေးမဟုတ်သည့် လက်ရုံးတပ် များနှင့်အတူ အရပ်သားဝန်ထမ်းများကို ဘားအံမြို့ လုံခြုံရေးအတွက် ပူးတွဲ အသုံးပြုနေရကြောင်း စစ်တပ် သတင်းရပ်ကွက်ထံမှ သိရှိရသည်။

· လိုင်စင်မရှိဘဲ ရွှေလုပ်ငန်းလုပ်ကိုင်နေသူ (၇) ယောက်ကို ခေါ်ယူစစ်ဆေးနေကြောင်း စစ်ကောင်စီ ဝါဒဖြန့်ချိရေးခေါင်းဆောင် ဇော်မင်းထွန်းက ပြောသည်။

· ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် KNLA ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီ၏ သေ့ဘောဘိုးစခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် ခလရ ၃၂ မှ ဒု-တပ်ရင်းမှူး ဗိုလ်မှူး အောင်ငြိမ်းချမ်းနှင့် ဗိုလ် ဟန်ဝင်းထွန်းတို့ သေဆုံးသွားကြောင်း KNLA ရှေ့တန်းတပ်ဖွဲ့ဝင်များထံမှ သိရှိရသည်။

· အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ဆက်ဆံနေပြီး အာဏာသိမ်း စစ်ကောင် စီကို အသိအမှတ်မပြုသော မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကို မျောက်ပြ ဆန်တောင်းသူ ထက် အဆင့်မြင့်သော မျောက်လည်ရောင်းသူဟု အကြမ်း ဖက် စစ်ကောင်စီ၏ ပြောခွင့်ရ ဇော်မင်းထွန်းက ယမန်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ခိုင်းနှိုင်းပြောဆိုလိုက်သည်။

မေ ၂၀ ရက် သုံးသပ်ချက်

· အကြမ်းဖက်စစ်ခေါင်းဆောင်နှင့် RCSS/ SSA ခေါင်းဆောင်ရွက်ဆစ်တို့ ယနေ့တွေ့ဆုံရာတွင် ရွက်ဆစ်မှ အကြမ်းဖက်စစ်ခေါင်းဆောင်နှင့်အတူတူ ငြိမ်းချမ်းရေးမဖြစ်မနေ ဖော်ဆောင်သွားမည်ဟု ပြောဆို ခဲ့ သည်။ရွာများကို မီးရှို့ဖျက်ဆီးလုယက်နေသည့် စစ်တပ်ခေါင်းဆောင်ထံမှ ငြိမ်းချမ်းရေးမျှော် လင့်နေ သည်မှာ မဖြစ်နိုင်ဘဲ ကိုပုဂ္ဂလိက ကိုယ်ကျိုးစီးပွားကို ရှေ့ရှုနေသည်နှင့်တူသည်။

· ရက္ခိုင့်တပ်တော် AA ကိုစစ်တပ်မှ စစ်တပ်မှ ပြင်းပြင်ထန်ထန်ပြောဆိုပြီးနောက် ကရင်ပြည်နယ် အခြေ စိုက်တပ်မ ၂၂ မှတပ်သားများကို ရခိုင်ပြည်နယ်ပို့ဆောင်လိုက်ရသည့်အတွက် ဘားအံတွင် လက်ရုံး တပ်များ အရပ်သားဝန်ထမ်းများကို လုံခြုံရေးယူခိုင်းနေရသည်။စစ်တပ်နေဖြင့် ဟန်ပြသက် သက်သာ ရှိပြီး အင်အားနည်းပါချိနဲ့ကာ တပ်ပျက်နေကြောင်း ခန့်မှန်းနိုင်သည်။

· စစ်ကိုင်းမကွေးဘက်တွင်စစ်တပ်မှလူမိုက်ဂိုဏ်းဆန်ဆန် အကြမ်းဖက်စစ်တပ်မှမီးရှို့ဖျက်ဆီး လုယက် မုဒိမ်းကျင့်နေသည့်အတွက် ယင်းဒေသမှ ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များမှ အကြမ်းဖက် စစ်တပ် ကို မြန်မာ့မြေပေါ်မှ အပြီးတိုင်မောင်းထုတ်ရန် ဆုံးဖြတ်ချက်ချထားလိုက်ပြီ ဖြစ်ကြောင်း ဗိုလ်နဂါး က ထုတ်ဖော်ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly