အိန္ဒိယအတွက် လေယာဉ်တင်သင်္ဘောပူးတွဲ တည်ဆောက်ရေးဆွေးနွေးပွဲများ တိုးတက်မှုရရှိနေဟု အမေရိကန်ပြော

အိန္ဒိယအတွက် လေယာဉ်တင်သင်္ဘောပူးတွဲ တည်ဆောက်ရေးဆွေးနွေးပွဲများ တိုးတက်မှုရရှိနေဟု အမေရိကန်ပြော

နယူးဒေလီ၊ ဖေဖော်ဝါရီ ၄ ။           ။ အိန္ဒိယအတွက် လေယာဉ်တင်သင်္ဘောပူးတွဲတည်ဆောက်ရေးဆွေးနွေးပွဲများ တိုးတက်မှုရရှိနေပြီဖြစ်ကြောင်း အမေရိကန် ထိပ်တန်းရေတပ်ဗိုလ်ချုပ်က ဖေဖော်ဝါရီ ၃ တွင်ပြောသည်။ ယင်းသို့တည်ဆောက်မှုမှာ နိုင်ငံကြား အကြီးမားဆုံးစစ်ရေးပူးပေါင်းဆောင်ရွက်မှုဖြစ်နိုင်ဖွယ်ရှိသည်။

ဒေသတွင်း တရုတ်၏စစ်အင်အားချဲ့ထွင်လာမှုကို ချိန်ခွင်လျှာမျှရေးအတွက် ဆက်ဆံရေးခိုင်မာရန် လွန်ခဲ့သည့်နှစ်က အမေရိကန်သမ္မတဘားရက်အိုဘားမား အိန္ဒိယသို့လာရောက်စဉ် လေယာဉ်တင် သင်္ဘောနည်းပညာ၊ ဂျက်အင်ဂျင်တို့နှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံကြားသဘောတူညီမှုရရှိခဲ့သည်။ ဒီဇိုင်းမှသည် တည်ဆောက်ရေးအထိ အိန္ဒိယ၏ နောက်မျိုးဆက် လေယာဉ်တင် သင်္ဘောနှင့် ပတ်သက်သော ကိစ္စရပ်များစွာကို နှစ်နိုင်ငံကြား ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု အိန္ဒိယသို့ရောက်ရှိနေသည့် အမေရိကန်ရေတပ်စစ်ဆင်ရေးအကြီးအကဲ ဂျွန်ရစ်ချတ်ဆင်က ပြောသည်။

အဆိုပြုထားသော အိန္ဒိယလေယာဉ်တင်သင်္ဘော၏ ဒီဇိုင်း၊တည်ဆောက်ထုတ်လုပ်မှုတို့နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်ပူးပေါင်းဆောင်ရွက်ရေးအတွက် အစည်းအဝေးများစွာ၏ အစိတ်အပိုင်းအဖြစ် အဆင့်မြင့်အမေရိကန်-အိန္ဒိယပူးတွဲလုပ်ငန်းအဖွဲ့၏ အစည်းအဝေးကို ယခုလနောက်ပိုင်း နယူးဒေလီတွင် ကျင်းပရန်စီစဉ်ထားသည်။

"ကျွန်တော်တို့ တိုးတက်မှုတွေရရှိနေပါပြီ။ ဒီကနေ့အထိ တိုးတက်မှုတွေရတာ အလွန်ပဲကျေနပ်မိပါတယ်။ အနာဂါတ်မှာ ပိုပြီးလုပ်နိုင်မယ်လို့ အကောင်းမြင်ပါတယ်" ဟုရစ်ချတ်ဆင်က နယူးဒေလီတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

အိန္ဒိယသည် ၂၀၁၄ခုနှစ်က ရုရှားထံမှ လေယာဉ်တင်သင်္ဘောဟောင်းတစ်စင်းရရှိထားသည်။ သက်တမ်းရင့် ဗြိတိန် လေယာဉ်တင်သင်္ဘောတစ်စင်းလည်း ယခုနှစ်တွင် အနားယူရန်ရှိသည်။ အိန္ဒိယသည် ၂၀၁၈-၂၀၁၉တွင် စတင်တာဝန်ထမ်းဆောင်နိုင်မည်ဟု မျှော်လင့်ထားသည့် ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘောတစ်စင်းကို တည်ဆောက်လျက်ရှိသည်။

သို့သော်လည်း တတိယမြောက်နှင့် အကြီးဆုံးလေယာဉ်တင်သင်္ဘောကို အမေရိကန်၏ အကူအညီဖြင့် နောက်ဆုံးပေါ်နည်းပညာသုံးကာ တည်ဆောက်ရန် စီစဉ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly