ထိုင်းနိုင်ငံတွင် အာဏာသိမ်းစစ်အစိုးရ၏ ပြုပြင်ပြောင်းလဲရေးများ အားပျော့လာ

ထိုင်းနိုင်ငံတွင် အာဏာသိမ်းစစ်အစိုးရ၏ ပြုပြင်ပြောင်းလဲရေးများ အားပျော့လာ

အာဏာရှင်ဥပဒေအသုံးပြုမှု မြင့်မားလျှက်ရှိ

ဘန်ကောက်၊ ဖေဖော်ဝါရီ - ၄ ။           ။ ထိုင်း စစ်အာဏာသိမ်းခေါင်းဆောင် ပရာယွတ် ချန်းအိုချာမှာ လူကြိုက်မများသည့် ပေါ်လစီများကို ပြဌာန်းရန်နှင့် တန့်အီနေသည့် ပြုပြင်ပြောင်းလဲမှုများကို စတင်ရန် အာဏာရှင့်ဥပဒေဟု ခေါ်နေကြသည့် လုပ်ခြုံရေး ပြဌာန်းချက်များအပေါ်တွင်သာ တိုး၍ မှီခိုလာနေရာ ထိုအခြေအနေကို စစ်အုပ်ချုပ်ရေးကို နောက်ထပ် ဆန့်ကျင်မှုများအား မီးထိုးပေးနေ သည်ဟု ဝေဖန်သူများက သတိပေးပြောကြားခဲ့ကြသည်။

ဝန်ကြီးချုပ် ပရာယွတ် ချန်းအိုချာက ပုဒ်မ ၄၄ဟု လူသိများသည့် ပြဌာန်းချက်ကို အသုံးပြု၍ ဓာတ်အားပေးရုံများမှသည် အထူးစီးပွားရေးဇုန်များအထိ စီမံကိန်းများကို ခြေရာခံနေသလို၊ တက်ကြွလှုပ်ရှား သူများနှင့် ပြည်သူအချို့၏ ဆန့်ကျင်မှုများကိုလည်း နောက်ယောင်ခံနေသည်။

ဘန်ကောက်အခြေစိုက် ဥပဒေရေးရာ စောင့်ကြည့်အုပ်စု iLawမှ နာရုန်ဆက် ရီယမ်ဆောင်း၏ ပြောကြားချက်အရ ၂၀၁၄ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက ပရာယွတ်က ပုဒ်မ ၄၄ကို အကြိမ်ပေါင်း ၅၀ကျော် အသုံးပြခဲ့ပြီဖြစ်သည့်အပြင် ယမန်နှစ် နှစ်လယ်နောက်ပိုင်းတွင် တိုး၍ အသုံးပြုလာနေသည်ဟု ဆိုသည်။

‘ဒီပုဒ်မက သူ့ကိုပဲ အာဏာ အလွန်အကျွံအပ်နှင်းထားပြီး၊ အပြန်အလှန် ထိန်းကျောင်းမှု ကင်းမဲ့နေသလို တာဝန်ခံမှုလည်း မရှိဘူး’ဟု နရုန်ဆက်က ပြောကြားခဲ့သည်။   

အားလုံး၏ အကျိုးအတွက် ကတိပြုထားသည့် ၂၀၁၇ ရွေးကောက်ပွဲမတိုင်မီ အမှုကိစ္စများကို ပိုမိုမြန်ဆန်စွာ ဆောင်ရွက်ပြီးစီးနိုင်ရန် ပရာယွတ်က ပုဒ်မ ၄၄ကို မကြာခဏ အသုံးပြုနေခြင်းဖြစ်ကြောင်း စစ်အစိုးရ၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

လွန်ခဲ့သည့်လက ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်သောကများ ထွက်ပေါ်နေသည့်ကြားကပင် နိုင်ငံနှင့်အဝန်းတွင် ဓာတ်အားပေးရုံ ၁၄ရုံ တည်ဆောက်ရန် အမိန့်များကို တက်ကြွ လှုပ်ရှားသူများက ဆန့်ကျင်ခဲ့ကြသည်။

လွန်ခဲ့သည့်လကပင် ပရာယွတ်က အစိုးရ ကျန်းမာရေးမြှင့်တင်ရေးဖောင်ဒေးရှင်းမှ အရာရှိ ၇ယောက်ကို လာဘ်စားသည်ဟုဆိုကာ ပုဒ်မ၄၄ဖြင့်ပင် ရာထူးမှ ဖယ်ရှားပစ်ခဲ့သည်။ သို့ရာတွင် ဆရာဝန်များက ဝင်ရောက်စွက်ဖက်မှုကို မကျေနပ်ကြောင်း ပြောဆိုလာသည့်အခါတွင် ပရာယွတ်က တောင်းပန်ခဲ့ပြီး အဂတိလိုက်စားမှု စွဲချက်ကိုလည်း ရုပ်သိမ်းပေးခဲ့ရသည်။

‘သူ ဒီလိုလုပ်လေ လူ့အဖွဲ့အစည်းနဲ့ ကင်းကွာလာလေ ဖြစ်လိမ့်မယ်’ဟု ဘဏ္ဍာရေးဝန်ကြီးဟောင်းနှင့် ဒီမိုကရတ် ပါတီမှ အကြီးတန်းပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည့် ခွန် ချာတီကာဝါနီက ပြောကြားခဲ့သည်။

ပရာယွတ်မှာ အခွန်နှင့် ပညာရေးစနစ်များကို ပြုပြင်ပြောင်းလဲမည်၊ စွမ်းအင်နှင့် တယ်လီကွန်းကဏ္ဍကို ပြောင်းလဲဖွဲ့စည်းမည်၊ ရဲနှင့် တရားရေးဌာနများကို တိုးတက်ကောင်းမွန်စေပြီး အကျင့်ပျက်ခြစားမှု၊ လူကုန်ကူးမှုနှင့် အခြားပြဿနာများကို ကိုင်တွယ် ဖြေရှင်းမည်ဟူသော ကတိကဝတ်များဖြင့် ၂၀၁၄ခုနှစ်တွင် အာဏာသိမ်းယူခဲ့သည်။

သို့ရာတွင် ယခုလက်ရှိ ထိုင်းစီးပွားရေး လေးကန်ထစ်ငေါ့နေပြီး အဓိကကျသည့် ဌာနများ၊ ကဏ္ဍများမှာလည်း မပြုမပြင် နဂိုအတိုင်း ကျန်ရှိနေသေးကာ အစီအစဉ်များမှာ ရည်မှန်းချက်ကြီးမား ပုံရသော်လည်း စစ်အစိုးရ၏ ခြစားမှုတိုက်ဖျက်ရေးမှာ ထိရောက်မှုမရှိဟုပင် သံသယများ ထွက်ပေါ်လာနေလျှက် ရှိသည်။

၂၀၁၅ခုနှစ်တွင် ဘာလင်အခြေစိုက် နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ကြီးက ထုတ်ပြန်ခဲ့သည့် ခြစားမှုညွှန်းကိန်းတွင် ထိုင်းနိုင်ငံမှာ အရင်တစ်နှစ်ကနည်းတူပင် ၁၆၈နိုင်ငံအနက် ၇၆နေရာတွင် မပြောင်းမလဲ မြဲနေခဲ့သည်။

ပရာယွတ်မှာ ရလဒ်ကောင်းကို ထုတ်ပြရန် ဖိအားပေးခံနေရသောကြောင့်လည်း ပုဒ်မ၄၄ကို မှီခိုလွန်းနေရခြင်းဖြစ်သည်ဟု အနောက်နိုင်ငံ သံတမန်တစ်ဦးက မှတ်ချက်ပြု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly