ထိုင်းငါးအအေးခန်းစက်ရုံတွင် မြန်မာ ၁၆ ဦး ကာဗွန်အဆိပ်သင့်မှုဖြစ်

ထိုင်းငါးအအေးခန်းစက်ရုံတွင် မြန်မာ ၁၆ ဦး ကာဗွန်အဆိပ်သင့်မှုဖြစ်

ထိုင်းနိုင်ငံ မောင်းခရိုင်အတွင်းရှိ ငါးအအေးခန်းစက်ရုံတစ်ရုံတွင် ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက ကာဗွန်အဆိပ်သင့်မှုဖြစ်ပွား၍ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၆ ဦး ဆေးရုံတင်ပို့လိုက်ရသည်။

ရီနင်းစက်ရုံတွင် ကာဗွန်အဆိပ်သင့်မှုဖြစ်ပွားခြင်းဖြစ်ပြီး စက်ရုံအတွင်းမှ အလုပ်သမားများ ကြောက်လန့်တကြားထွက်ပြေးကြကြောင်း မောင်းရဲဌာန ရဲမှူး ကစ်တီပွန်ကပြောသည်။

ဆေးရုံတင်ပို့ရသူအားလုံးမှ မြန်မာနိုင်ငံသားများဖြစ်ကြပြီး ကာဗွန်အဆိပ်ငွေ့များ အများအပြားရှုရှိုက်မိ၍ မေ့လဲကျခဲ့ကြခြင်းဖြစ်သည်။

အလုပ်သမားများ အအေးပေးခန်းအတွင်း အလုပ်လုပ်ကိုင်နေကြစဉ် အအေးပေးစနစ်အတွင်းမှ လေအိတ်ပေါက်ကွဲခြင်းဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး အင်စီးက ပြောသည်။

ဆေးရုံတင်ပို့ထားသူ မြန်မာ ၁၆ ဦးတွင် ၁၃ ဦးကို Chalerm Prakiart ဆေးရုံသို့ နောက်ပိုင်းတွင် ပြောင်းရွှေ့တင်ပို့ထားသည်။ ကျန်သုံးဦးက အထိအခိုက်နည်းပြီး ရနောင်းဆေးရုံတွင် ဆက်လက်တင် ထားဆဲဖြစ်သည်။ ၎င်းတို့ ၁၆ ဦးအား ဆရာဝန်များက သွေးနမူနာယူကာ သွေးတွင်း ဓာတုပျော်ဝင်မှု မည်မျှရှိသည်ကို တိုင်းတာပြီး ဆေးဝါးဆက်လက်ကုသပေးလျက်ရှိနေသည်။

ရဲဌာနက ၎င်းမြန်မာ ၁၆ ဦး၏ သွေးစစ်ချက်အဖြေကို စောင့်ဆိုင်းနေသည်။ ဖြစ်ပွားသည့် စက်ရုံအား တရားရေးအရ အရေးယူခြင်း မလုပ်မီ လုံခြုံရေးစနစ် လိုက်နာခြင်းရှိမရှိကိုလည်း ပြည်နယ်စက်မှုရုံး၏ စစ်ဆေးအစီရင်ခံချက်ကိုလည်း ရဲဌာနက စောင့်ဆိုင်းလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly