အာရှယူ-၁၉ချန်ပီယံရှစ်ခြေစစ်ပွဲဝင်မည့် ယူ-၁၈အသင်း ဇူလိုင်လတွင် စတင်ပြင်ဆင်မည်

အာရှယူ-၁၉ချန်ပီယံရှစ်ခြေစစ်ပွဲဝင်မည့် ယူ-၁၈အသင်း ဇူလိုင်လတွင် စတင်ပြင်ဆင်မည်
အာရှခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၁၈ အသင်း။ (ဓာတ်ပုံ- မိုးဝေ)

ဇွန် ၂၆၊ ရန်ကုန်။     ။   အာရှ ယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်းကို ဇူလိုင်လအတွင်း ပြင်ဆင်မှုများ စတင်ပြုလုပ်သွားမည် ဟု လက်ရှိ နည်းပြချုပ် ဦးသန်းထိုက်က ပြောသည်။

မြန်မာ့လက်ရွေး ယူ-၁၈ အသင်းကို လက်ရှိတွင် နည်းပြချုပ် အဖြစ် ဦးသန်းထိုက် က တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကစားသမား ၃၀ ကျော်ဖြင့် မြန်မာနေရှင်နယ်လိဂ် လူငယ်အသင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကာ အာရှခြေစစ်ပွဲ အတွက် ယူ-၂၀ နည်းပြ ဂတ်ဇီဆီကို တာဝန်ပေးရန် စီစဉ်လျက်ရှိသည်။

“ ယူ-၂၀ နည်းပြ မစ္စတာဂတ် လာမယ်လို့ သိထားပါတယ်။ လူစာရင်းက အပြောင်းအလဲရှိနိုင်ပါတယ်။ လက်ရှိကစားသမားတွေရဲ့ အရည်အချင်းကို သူ့ကို ချပြမယ်။

ဒါ့အပြင် လိဂ်ပွဲတွေ သူကိုယ်တိုင်လည်း လိုက်ကြည့်ပြီး ထူးချွန်တဲ့ကစားသမားလေးတွေ ထပ်ပေါင်းပါမယ်။ လူအများကြီးတော့ မဟုတ်ပဲ အားနည်းတဲ့နေရာလေးတွေမှာ ထပ်ဖြည့်မယ့် သဘောပါ။ သူရောက်လာပြီး မနှစ်ကလို ကမ္ဘာ့ဖလားဝင်ခွင့်ရနိုင်အောင် လုပ်ပေးနိုင်ရင် ပိုကောင်းလာမှာပါ။ သူက တကယ့်ကို လေးစားဖို့ကောင်းတဲ့ နည်းပြကောင်းတစ်ယောက်ပါ ” ဟု ဦးသန်းထိုက် က ပြောသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်းသည် အာရှခြေစစ်ပွဲမတိုင်မီ တရုတ်၊ ဗီယက်နမ်၊ ထိုင်း အစရှိသည့် လူငယ်လက်ရွေးစင် အသင်းများနှင့် ခြေစမ်းပွဲ ကစားခွင့်ရရန် ကြိုးပမ်းလျက်ရှိသည်။

၂၀၁၆ အာရှ ယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲတွင် မြန်မာအသင်းသည် ဗီယက်နမ်၊ ဟောင်ကောင်၊ ဘရူနိုင်း၊ တီမော အစရှိသည့် အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိပြီး အုပ်စုပထမရရှိသောအသင်းမှာ တိုက်ရိုက်ခြေစစ်ပွဲအောင်မည်ဖြစ်ကာ ဒုတိယ ရအသင်းမှာ အကောင်းဆုံးအုပ်စုဒုတိယဖြင့် ခြေစစ်ပွဲအောင်ရန် မျှော်လင့်နိုင်မည်ဖြစ်သည်။

အာရှယူ-၁၉ချန်ပီယံရှစ်ခြေစစ်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပရန်လည်း လျှောက်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly