ကန် ဦးဆောင် ပစိိဖိတ်ကုန်သွယ်ရေးစာချုပ် (TPP)ကို ကန့်ကွက်မှုရှိသည့်ကြားမှ လက်မှတ်ရေးထိုး

ကန် ဦးဆောင် ပစိိဖိတ်ကုန်သွယ်ရေးစာချုပ် (TPP)ကို ကန့်ကွက်မှုရှိသည့်ကြားမှ လက်မှတ်ရေးထိုး

အော့က်လန်၊ ဖေဖော်ဝါရီ ၄ ။           ။ ကျယ်လောင်သည့် ဆန့်ကျင်ကန့်ကွက် မှုများရှိနေသော်လည်း အမေရိကန်ဦးဆောင် ပစိဖိတ်ဖြတ်ကျော်မိတ်ဖက်ကုန်သွယ်ရေးစာချုပ် (TPP) ကို ဖေဖော်ဝါရီလ ၄ ရက်နေ့က နယူးဇီလန်တွင် အဖွဲ့ဝင်နိုင်ငံ ၁၂ နိုင်ငံက လက်မှတ်ရေးထိုးသည်။ ယင်းစာချုပ်က သမိုင်းတွင် အကြီးမားဆုံးကုန်သွယ်ရေးသဘောတူညီချက်တစ်ခုလည်း ဖြစ်သည်။

အော့က်လန်မြို့ စကိုင်းစီးတီးကွန်ဗင်ရှင်းစင်တာတွင် ပြုလုပ်သော လက်မှတ်ရေးထိုးပွဲအခမ်းအနားကို နယူးဇီလန်ဝန်ကြီးချုပ် ဂျွန်ကီးနှင့် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် မိုက်ဖရိုမဲန်တို့က ဦးဆောင်ပြုလုပ်စဉ် ကန့်ကွက်သူများက အပြင်ဘက်ရှိ လမ်းများကို ပိတ်ဆို့ခဲ့ကြသည်။ တစ်ကမ္ဘာလုံးစီးပွားရေး၏ ၄၀ ရာခိုင်နှုန်းရှိသော အဖွဲ့ဝင်နိုင်ငံများကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှုအတား အဆီးများကို ဖြိုချပစ်ရန် စာချုပ်က ရည်ရွယ်သည်။

"ဒီကနေ့ဟာ ထူးခြားတဲ့နေ့တစ်နေ့ပါပဲ။ နယူးဇီလန်အတွက်သာမက TPPထဲက အခြား ၁၁နိုင်ငံအတွက်ပါ ထူးခြားတဲ့နေ့ပါ"ဟု ကီးကပြောသည်။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားကလည်း လက်မှတ်ရေးထိုးမှုကို ချီးကျူးဝမ်းမြောက်ကြောင်း ချက်ခြင်းပြောကြားခဲ့ပြီး TPP ကြောင့် အမေရိကန်အနေဖြင့် အခြားဦးဆောင်စီးပွားရေး တရုတ်အပေါ် အသာစီးရနိုင်မည်ဟု ပြောကြားခဲ့သည်။

သို့သော်လည်း ယင်းစာချုပ်ကြောင့် အာရှ-ပစိဖိတ်နိုင်ငံများတွင် အလုပ်အကိုင်များဆုံးရှုံးနိုင်သည့်အပြင် အချုပ်အခြာအာဏာအပေါ်တွင်လည်း ထိခိုက်မှုရှိသည်ဟု ကန့်ကွက်သူများက စောဒကတက် သည်။ လက်မှတ်ရေးထိုးခြင်းက စေ့စပ်ညိနှိုင်းမှုလုပ်ငန်းစဉ် ပြီးဆုံးခြင်း၏ အမှတ်အသားဖြစ်သော်လည်း အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စာချုပ်အသက်မဝင်သေးမီ ပြည်တွင်း၌ အတည်ပြုချက် ရယူရန် နှစ်နှစ် အချိန်ရဦးမည်ဖြစ်သည်။

သဘောတူညီချက်ကြောင့် ကမ္ဘာလုံးဆိုင်ရာဂျီဒီပီ၏ ၃၆ ရာခိုင်နှုန်းရှိ TPP အဖွဲ့ဝင်နိုင်ငံများတစ်ဝန်း လူဦးရေးသန်း ၈၀၀ကျော်အတွက် ပိုမိုကောင်းမွန်သော ကုန်စည်နှင့် ဝန်ဆောင်မှုများ ရရှိနိုင်မည်ဖြစ် သည်ဟု ကီးက ပြောသည်။ သဘောတူညီချက်ကို သြစတြေးလျ၊ ဘရူနိုင်း၊ ကနေဒါ၊ ချီလီ၊ ဂျပန်၊ မလေးရှား၊ မက္ကဆီကို၊ နယူးဇီလန်၊ ပီရူး၊ စင်ကာပူ၊ အမေရိကန်နှင့် ဗီယက်နမ်တို့က လက်မှတ်ရေးထိုး ခဲ့သည်။ TPP သို့ဝင်ရောက်ရန် စိတ်ဝင်စားကြောင်း အခြားနိုင်ငံများကလည်း အချက်ပြနေကြသည်ဟု ကီးက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly