မြန်မာနိုင်ငံက လာအိုထံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူတင်သွင်းရန်ရှိ

မြန်မာနိုင်ငံက လာအိုထံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူတင်သွင်းရန်ရှိ

လာမည့်နှစ်အနည်းငယ်တွင် မြန်မာနိုင်ငံက လာအိုထံမှ လျှပ်စစ်ဓာတ်အား မီဂါဝပ် ၃၀၀ ကို ဝယ်ယူတင်သွင်းရန်ရှိကြောင်း သည်နေးရှင်းသတင်းတွင် ဖေဖော်ဝါရီ ၃ ရက်က ဖော်ပြသည်။ လာမည့်လအနည်းငယ်အတွင်း ဗီယက်နမ်သို့လည်း လာအိုက လျှပ်စစ်ဓာတ်အား ပိုမိုတင်ပို့ပေးရဖွယ်ရှိနေသည်။

“လွန်ခဲ့တဲ့ နှစ်လလောက်က လျှပ်စစ်ဓာတ်အား တင်သွင်းရေးစီမံကိန်းကို မြန်မာအစိုးရဖက်က အဆိုပြုခဲ့တာပါ။ အခု ကျွန်တော်တို့က ဒီစီမံကိန်းကို ပိုပြီး အသေးစိတ်လေ့လာနေပါပြီ။ ဓာတ်အားလိုင်း တည်ဆောက်ပေးပို့မှုတွေနဲ့ ဘယ်လိုနေရာတွေမှာ အသုံးပြုမှာတွေ အပါအဝင် အသေးစိတ်လေ့လာသုံးသပ်နေပါတယ်။” ဟု လာအိုစွမ်းအင်နှင့် သတ္တုတွင်းဌာန ဒုတိယ ဝန်ကြီး ဗီရာပွန်ဗီရာဗွန်က Vientiane Times သတင်းသို့ ဖေဖော်ဝါရီ ၂ ရက်က ပြောကြားသည်။

မကြာသေးမီက ကျင်းပပြီးစီးသည့် ၁၀ကြိမ်မြောက် ပါတီညီလာခံတွင် စွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီးဌာန အတွင်းဝန် ဒေါက်တာခမ်မာနီက လာအိုနိုင်ငံအနေဖြင့် ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လျှပ်စစ်ဓာတ်အား တင်ပို့နိုင်ရေးကို စတင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကနဦးတင်ပို့မှုအနေဖြင့် လာအိုက Luang Namtha ပြည်နယ်အနီး မြန်မာနိုင်ငံတွင်းက ကျေးရွာအနည်းငယ်အတွက် အသုံးပြုနိုင်အောင်လောက်သာ ဓာတ်အားပမာဏကို စတင်မည်ဖြစ်ကြောင်း ဗီရာပွန်က ရှင်းလင်းပြောကြားသည်။ ဗီယက်နမ်သို့ တင်ပို့မှုအတွက် ယခုနှစ်အတွင်း ဓာတ်အားပေး စက်ရုံသစ်တည်ဆောက်ကာ စတင်တင်ပို့သွားမည်ဖြစ်ကြောင်းလည်း ယင်းဝန်ကြီးဌာန စွမ်းအင်မူဝါဒနှင့်စီမံကိန်းဌာန ညွန်ကြားရေးမှူး ဒေါက်တာ ဒါအိုဗောင်က ပြောသည်။

လာအိုနိုင်ငံသည် အာဆီယံစွမ်းအင်ကွန်ရက် APG အောက်မှ ဒေသတွင်း ဓာတ်အားထုတ်လုပ်မှုအရင်းအမြစ်များ ဖြန့်ဝေသုံးစွဲခြင်းတွင် မညီမမျှမှုများအား ကိုင်တွယ်ဖြေရှင်းရေး လုပ်ဆောင်လျက် ရှိနေသည်။

APG သည် ဓာတ်အားလိုအပ်ချက်ရှိနေသည့် နိုင်ငံများနှင့် ပိုလျှံထွက်ရှိသည့်နိုင်ငံများကြား ဆက်သွယ်ပေါင်းကူးမှုတစ်ရပ်ဖြစ်သည်။ ၂၀၂၀ မကုန်မီ အာဆီယံဆယ်နိုင်ငံကြား လျှပ်စစ်ဓာတ်အားလိုင်း ချိတ်ဆက်မှုကို တည်ဆောက်သွားနိုင်ရေး ရည်မှန်းထားသည်။

လာအိုက အာဆီယံနိုင်ငံများ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ထုတ်လွှတ်ပေးသည့် ဇီဝလောင်စာသုံးစွဲခြင်းများ လျှော့ချနိုင်ရေးအတွက် အထောက်အပံ့ပြုပြီး လျှပ်စစ်ဓာတ်အားထောက်ပံ့မှု တည်ငြိမ်မှုရှိရေး အာဆီယံနိုင်ငံများအား ကူညီဖြည့်ဆည်းပေးနိုင်သည့် ရေအားလျှပ်စစ်အရင်းအမြစ်ကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly