လွှတ်တော်ဥက္ကဌများ ရွေးချယ်သည့်အကြောင်းရင်း ဒေါ်စုရှင်းပြ

လွှတ်တော်ဥက္ကဌများ ရွေးချယ်သည့်အကြောင်းရင်း ဒေါ်စုရှင်းပြ
ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ

နေပြည်တော်(ဖေဖော်ဝါရီ ၃)။ ။ နိုဝင်ဘာ ရွေးကောက်ပွဲရလဒ်အရ NLD အမတ် နေရာအများဆုံးရထားသည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် လွှတ်တော်ဥက္ကဌနှင့် ဒုတိယဥက္ကဌနေရာများကို ရွေးချယ်ထားပြီးဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဌနှင့် ဒုတိယဥက္ကဌတို့ကို ဖေဖော်ဝါရီ ၁ရက်တွင် ရွေးချယ်အတည်ပြုခဲ့ပြီး အမျိုးသားလွှတ်တော်ဥက္ကဌနှင့် ဒုတိယဥက္ကဌနေရာများကို ဖေဖော်ဝါရီ ၃ရက်တွင် ရွေးချယ်အတည်ပြုလိုက်ခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်တွင် ဥက္ကဌအဖြစ် NLDပါတီမှ ဦးဝင်းမြင့်၊ ဒုတိယဥက္ကဌအဖြစ် ကြံ့ခိုင်ရေးပါတီမှ ဦးတီခွန်မြတ်နှင့် အမျိုးသားလွှတ်တော်တွင် ဥက္ကဌအဖြစ် NLDပါတီမှ မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဌအဖြစ် ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်တို့ကို ရွေးချယ်တင်မြှောက်လိုက်ခြင်းဖြစ်သည်။

NLDပါတီက အဆိုပြုသည့် ဥက္ကဌလေးဦးလုံးကို ကန့်ကွက်သူမရှိဘဲ အတည်ပြုနိုင်သည့်အတွက် အခြားပါတီများနှင့် တပ်မတော်သားအမတ်တို့ကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ အဆိုပါ လွှတ်တော်ဥက္ကဌနှင့် ဒုဥက္ကဌများကို မည်သည့်အကြောင်းရင်းကြောင့် ရွေးချယ်တင်မြှောက်သည်ကို ဖေဖော်ဝါရီ ၃ရက်က လွှတ်တော်ကော်မတီဆောင် I12တွင် မဇ္ဈိမသတင်းထောက်အပါအဝင် သတင်းထောက်အချို့နှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်များအား ဖော်ပြလိုက်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်
"အစကတည်းက လွှတ်တော်ဥက္ကဌတို့၊ ဒုဥက္ကဌတို့ ရွေးတဲ့နေရာမှာ
ပြည်သူ့လွှတ်တော်မှာဆိုရင် ဦးဝင်းမြင့်ကို ဥက္ကဌအဖြစ်ရွေးတာဟာ သုံးနှစ်အတွင်းမှာ လွှတ်တော်ထဲမှာ အင်မတန်မှလည်း တာဝန်ကျေတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်တယ်။ ဥပဒေသမားတစ်ယောက်လည်း ဖြစ်တယ်။

ဒုဥက္ကဌအနေနဲ့ ဦးတီခွန်မြတ်ကို ဘာဖြစ်လို့အဆိုပြုသလည်းဆိုတော့ အန်တီတို့ကြည့်လိုက်တော့ ဒုတိယအများဆုံးပါတီဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပါ။ အဲ့တော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တစ်ယောက်လည်း ဖြစ်စေချင်တယ်။ တိုင်းရင်းသားတစ်ယောက်လည်း ဖြစ်ချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အန်တီတို့က တိုင်းရင်းသားတစ်ယောက်လည်း ဖြစ်စေချင်တယ်။ ဒါမှ အန်တီတို့လွှတ်တော်က ပြည်ထောင်စုအသွင်ဆောင်မှာ။ နောက်ပြီးတော့ ဦးတီခွန်မြတ်က အစကတည်းက သူက ဥပဒေကြမ်းပူးပေါင်းကော်မတီမှာ ဥက္ကဌဆိုတော့ အရမ်းကျွမ်းကျင်တယ်။ လွှတ်တော်လုပ်ငန်းတွေရော ကျွမ်းကျင်တယ်။ လွှတ်တော် စည်မျဉ်း၊ စည်းကမ်း၊ ဥပဒေတွေလည်း အင်မတန်ကျွမ်းကျင်တယ်။ အဲ့တော့ ဒီဟာဟာ အင်မတန်သင့်တော်တယ်ဆိုပြီးတော့ အန်တီတို့ ရွေးခဲ့တယ်။

နောက်တစ်ခုက အမျိုးသားလွှတ်တော်ဘက်က ဦးမန်းဝင်းခိုင်သန်းဆိုလို့ရှိရင် လူတွေက သိပ်မသိကြဘူးပေါ့နော်။ အဖွဲ့ချုပ်ထဲမှာလည်း ဝါရင့်ပါတီဝင်တစ်ယောက်တော့ မဟုတ်ဘူး။ ဒါပေမယ့် သစ္စာရှိရှိနဲ့  ဒီမိုကရေစီအတွက်လုပ်မယ်လို့ အန်တီတို့ယုံကြည်တယ်။ နောက်ပြီးတော့ တိုင်းရင်းသားတစ်ယောက်လည်း ဖြစ်တယ်။ နောက်ပြီးတော့ ဥပဒေပညာရှင်တစ်ယောက်လည်း ဖြစ်တယ်။ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာလည်း အင်မတန်မှ အားသာတယ်။ ဒါကြောင့်မို့လို့ အန်တီတို့ ရွေးလိုက်တာ။

နောက်တစ်ခုက ဒုတိယဥက္ကဌ၊ အမျိုးသားလွှတ်တော်မှာဆိုလို့ရှိရင် အများဆုံးပါတီကတော့ ရခိုင်ပါတီပဲ။ အန်တီတို့ ရခိုင်ပါတီက လူကြီးတစ်ယောက်ကို ရွေးချင်တယ်။ ဦးအေးသာအောင်ဆိုတာက ရခိုင်ပါတီက ခေါင်းဆောင်တစ်ဦးသာမက အန်တီတို့နဲ့ နှစ်ပေါင်းများစွာတွဲခဲ့တဲ့ မဟာမိတ်တစ်ယောက်ဖြစ်တယ်။ အန်တီလည်း ခနခနပြောတယ်။ အန်တီတို့ပါတီ တစ်ကယ့် ကျဉ်းထဲ၊ ကြပ်တဲ့ရောက်တဲ့အချိန်မှာ အန်တီတို့ရုန်းကန်ရတဲ့အချိန်မှာ ဝန်းရံထားတာက တိုင်းရင်းသားပါတီတွေပဲ။ အဲ့ဒီတုန်းက ဦးအေးသာအောင်တို့ ALDပါတယ်၊ ဇိုမီးပါတယ်၊ ဦးခွန်ထွန်းဦးတို့ SNLDပါတယ်။ အဲ့တော့ မဟာမိတ်တွေရဲ့ ကျေးဇူးကိုလည်း မမေ့ဘူး။ နောက်ပြီးတော့ အန်တီတို့ အချင်းချင်းကြားမှာလည်း နားလည်မှုက အပြည့်အဝရှိတယ်။ ဒါကြောင့် ဦးအေးသာအောင်က သင့်တော်မယ်ဆိုပြီးတော့ အန်တီတို့ ဒီလိုအဆိုပြုတာ"

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly