ရှားရှားပါးပါး မြန်မာကာတွန်းဆရာမ သက်စုအကြောင်း တစေ့တစောင်း

03 February 2016
ရှားရှားပါးပါး မြန်မာကာတွန်းဆရာမ သက်စုအကြောင်း တစေ့တစောင်း

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀လောက်က ကလေးငယ်တွေ စွဲစွဲလမ်းလမ်း ငှားရမ်း ဖတ်ရှုခဲ့ကြတဲ့ စာအုပ်တွေဆိုတာ  ဇာတ်ကောင်အမျိုးမျိုးနဲ့ ကာတွန်းစာအုပ်တွေပါ။ ဒီကာတွန်း ဇာတ်ကောင်လေးတွေဟာ ကလေးတွေရဲ့ စိတ်ကူးအမျိုးမျိုးကို သက်ဝင် စေခဲ့ကြပါတယ်။ အဲဒီအချိန်က ကလေးတွေအပေါ် လွှမ်းမိုးခဲ့တဲ့ ကာတွန်းဇာတ်ကောင်တွေ အများကြီးပေါ်ထွက်ခဲ့တယ်ဆိုတာကလည်း မငြင်းနိုင်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီလိုကာတွန်း ဇာတ်ကောင်တွေထဲမှာ ကလေးတွေ စွဲလမ်းရတဲ့ ချစ်ချစ်၊ပေါက်ပေါက်၊ ကိုတူး စတဲ့ကာတွန်းဇာတ်ကောင်လေးတွေကို အမျိုးသမီး ကာတွန်းဆရာမ သက်စုက ရေးဆွဲပေးခဲ့တာ ဖြစ်ပါတယ်။

ကာတွန်းပုံတွေ စတင်ဆွဲခဲ့တဲ့ ငယ်စဉ်ဘဝကအစ ကာတွန်းလောကထဲရောက်ရှိလာပုံကို ကာတွန်းဆရာမ သက်စု က အခုလို ရှင်းပြပါတယ်။

ငယ်ငယ်ကတည်းက ပုံဆွဲတာကို ဝါသနာပါတာ။ ကလေးဘဝက ၅နှစ် ၆နှစ် အဲဒီအရွယ်ကတည်းက အရမ်းကို ပုံဆွဲတာပဲ။ ဆွဲစရာ စာရွက် မရှိရင်တောင် ဒီလို မြေကြီးမှာလေ တုတ်ချောင်းနဲ့ ပုံတွေ ဆွဲတာပေါ့နော်။ ရေလေးဖြန်းပြီးတော့ မြေကြီးပေါ်မှာ ကိုယ်ကြိုက်သလောက် ပုံတွေ ဆွဲတာ ငယ်ငယ်ကတည်းက ပုံဆွဲတဲ့ အကျင့်ရှိတယ်။ ဝါသနာပါတယ်။ ဆရာ ကာတွန်း ဦးအောင်ရှိန်ရဲ့ ကြေးမုံခင် အဲသလိုဇာတ်ကောင်တွေကို ကြည့် ပြီးတော့ ဆွဲဖြစ်တာ အများဆုံးပဲပေါ့နော်။ ဆယ်တန်း ရောက်တဲ့အခါကျတော့လည်း ကာတွန်းဦးအောင်ရှိန်ရဲ့ လူရည်မွန်တို့ နောက်တစ်ခါ ကာတွန်းဦးမောင်မောင် ထုတ်တဲ့ ရွှေမိ ကာတွန်း စာအုပ်တွေမှာ ပုံလေးတွေကို ဝါသနာရှင် ကဏ္ဍကနေပြီးတော့ ပုံလေးကို ပို့လိုက်တယ်။ ပို့ရင် ကိုယ့်ပုံတွေကတော့ ပယ်တဲ့ပုံတွေကလည်း များတာပေါ့နော်။ ကိုယ်ကလည်း ဇွဲမလျော့ဘူး ထပ်ထပ်ပို့ဆိုတော့ နောက်ဆုံးတော့လည်း အရွေးခံရတာ့တာပဲပေါ့။ အရွေးခံရတော့ အဲမှာတင် ပုံဆွဲမယ်ပေါ့။ အဲလိုမျိုးလုပ်ဖြစ်သွားတာ။ ကျောင်းပြီးသွားရင်လည်း အစိုးရ ဝန်ထမ်း အလုပ်ကို မလုပ်ချင်ဘူးပေါ့နော်။ နေ့စဉ် ပုံမှန်သွားရတယ်။ ပုံမှန်ပြန်ရတယ်။ အဲဒီလိုမျိုး ဘောင်ကျဉ်းကျဉ်းလေးကို မလုပ်ချင်ဘဲနဲ့ ကိုယ်က လွတ်လွတ်လပ်လပ် ကိုယ်စိတ်ကြိုက် လှုပ်ရှားလို့ရတဲ့ အဲဒီ ကာတွန်း လောကထဲကိုပဲ ဝင်မယ်ပေါ့။

ဆရာမသက်စုရဲ့ အမည်အရင်းကတော့ ချစ်ချစ်ပါ။ ပုံဆွဲဝါသနာကို အရင်းခံပြီး ဇွဲရှိရှိနဲ့ ကြိုးစားခဲ့တဲ့ ဆရာမဟာ ၁၉၆၉ ခုနှစ်မှာပဲ ကာတွန်းမောင်မောင် ဦးစီးထုတ်ဝေတဲ့ ရွှေမိကာတွန်းမှာ ချစ်ချစ်အမည်နဲ့ ကာတွန်းတွေ စဆွဲဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လိျှု့ဝှက်သဲဖို မဂ္ဂဇင်း၊ အိုးဝေဂျာနယ်၊ သတင်းထောက်ကာတွန်း၊ ရွေရိုးကာတွန်းတွေမှာ လက်ရာကောင်းကောင်း စိတ်ကူးကောင်းကောင်းနဲ့ ကာတွန်းတွေ ရေးဆွဲခဲ့ပါတယ်။ ဒီလို နဲ့ အောင်မြင်တဲ့ ကာတွန်းဇာတ်ကောင်တွေ မွေးထုတ်ရေးဆွဲလာနိုင်ခဲ့တာကိုလည်း အခုလို ပြောပြပါတယ်။

လက်ဦးဆရာကတော့ ကာတွန်း ဦးမောင်မောင်ပေါ့နော်။ ကျန်တာတွေကတော့ သင်ဆရာတွေ မြင်ဆရာတွေ ကြားဆရာတွေပေါ့။ လက်ရေးတွေကလေ ခပ်ဝိုင်းဝိုင်းပဲ ရေးတတ်တာပေါ့နော်။ ခပ်ဝိုင်းဝိုင်းပဲ ရေးတတ်တော့ လုံးချင်းမှာတော့ သိပ်ပြဿနာ မရှိဘူး။ ဂရပ်ကာတွန်းတွေ ဘာတွေနဲ့ဆိုရင် မလှတာတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် စိတ်ဝင်စားစရာ မကောင်းဘူးပေါ့။ အဲဒီမှာ လက်ရေးစပြီးတော့ ပြောင်းလိုက်တာ။. လုံးချင်းဆွဲတဲ့ လက်ရေးမျိုးတော့ မဟုတ်တော့ဘူး နောက်ပိုင်း လက်ရေးက တစ်မျိုးဖြစ်သွားတယ်။

ပထမဦးဆုံးကတော့ ပေါက်ပေါက်ဆွဲတာပေါ့နော်။ ပေါက်ပေါက်တစ်ယောက်တည်း အပြင် နောက်ထပ် ကိုတူးကိုပါ ထည့်ပြီးတော့ ပေါက်ပေါက်နဲ့ ကိုတူး ဇာတ်ကောင် နှစ်ယောက်ဆွဲတယ်။ အဲဒါကတော့ ကလေးအရွယ်လေးတွေပေါ့နော်။ ဟို ၇နှစ် ၈နှစ် အဲလိုအရွယ်တွေပေါ့နော်။ အဲလိုပုံစံမျိုး ထားပြီးတော့ ဆွဲတယ်။ နောက်တစ်ခါ ချစ်ချစ်ဆိုပြီးတော့ ဇာတ်ကောင်တစ်ယောက် ထပ်တိုးလိုက်သေးတယ်။ ဆယ်ကျော်သက်လေးပေါ့။ နောက်တေဇတို့ တေဇမှာ ဆိုလို့ရှိရင် ပုံပုံနဲ့ အဖွ့ဲဆိုပြီးတော့ ကလေးဇာတ်ကောင်တွေ ရှိတယ်။ တေဇမှာ ဆွဲလို့ရှိရင် အဲပုံနဲ့ ဆွဲတာ များတယ်။ နောက်တစ်ခါ ဒို့ကျောင်းသား စာစောင်မှာ ဆွဲတာဆိုရင် ပုစု ဆိုတဲ့ ကလေး။ သူကတော့ တော်တော်လေးကို ငယ်တယ်။ ကျောင်းမနေသေးတဲ့ အရွယ်လောက်လေးပေါ့နော်။ မူကြိုလောက် အဲဒီဇာတ်ကောင်လေးကိုမှန်းပြီးတော့ အဲတာလေးကို ဆွဲထားတယ်။

ဆရာမဟာ ချစ်ချစ်အမည်နဲ့ ကာတွန်း ရေးဆွဲရာကနေ ၁၉၇၆ ခုနှစ်မှာတော့ ကလောင်နာမည် အသစ်တစ်ခုဖြစ်တဲ့ သက်စုအမည်နဲ့ ရုပ်ပြ ကာတွန်းလုံးချင်းတွေ စပြီး ရေးဆွဲခဲ့ပါတယ်။ ဒါကြောင့်လည်း မြန်မာကာတွန်း သမိုင်းမှာ တစ်ကွက်ကာတွန်းတွေ အမြောက်အများ ရေးခဲ့ယုံသာမက လုံးချင်းကာတွန်း ၇ အုပ်ထိ ထုတ်ဝေခဲ့တဲ့ ပထမဆုံးတော့ အမျိုးသမီး ကာတွန်းဆရာမ တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

ချစ်ချစ်နဲ့ ပထမဆုံးတုန်းက ရွှေမိတို့ ဘာတို့မှာ ဆွဲခဲ့တယ်။ နောက်ပိုင်း ၇၆ နောက်ပိုင်း လုံးချင်းတွေလည်း ဆွဲတဲ့အချိန်ကျတော့ သက်စုဆိုတဲ့ နာမည်နဲ့ ဆွဲတယ်။ နောက် ၇၆ မှာ မှောင်ခိုကာတွန်းလို့ ခေါ်မှာပေါ့နော်။ ထုတ်ဝေခွင့်လည်း မရှိဘူး။ စာပေစီစစ်ရေးကိုလည်း မတင်ဘဲနဲ့လေ။ အဲလိုမျိုး ထုတ်တာ ရှိတယ်။ အဲဒီမှာစပြီးတော့ ဆရာဦးမောင်မောင်က ဆက်သွယ်ပေးလို့ မှောင်ခိုကာတွန်း တစ်အုပ်နှစ်အုပ်လောက်တော့ ထုတ်ဖြစ်တယ်။ နောက်ပိုင်းကျတော့ ထုတ်ဝေခွင့်နဲ့ စာပေစီစစ်ရေးကို တင်ရတယ်။ တင်ရတဲ့ အဲဒီနောက်ပိုင်း ထုတ်ဝေခွင့်နဲ့ တရားဝင် ထုတ်တာတွေ ရှိတယ်။ အားလုံးပေါင်းတော့ (၁၃) အုပ်လောက် ရေးဖြစ်ခဲ့တယ်။

ဆရာမသက်စုဟာ အသက်ငယ်ငယ်လေးနဲ့ ကာတွန်းဆရာမ ဖြစ်လာခဲ့သူ ဖြစ်တဲ့အတွက် သူဘယ်လိုဇာတ်လမ်းမျိုးတွေ လုံးချင်းထွက်ခဲ့သလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါ။

မိဘမေတ္တာအကြောင်းတို့ပေါ့နော်။ ကလေးတွေ အလတ်တွေက မေတ္တာငတ်တဲ့ အကြောင်းပေါ့နော်။ အဲတော့ မိဘတွေအပေါ်မှာ သူတို့ အထင်လွဲပြီးတော့ မိဘတွကို အထင်အမြင်မှားပြီးတော့ အပြင်ကို သွားချင်တဲ့ စိတ်တွေနဲ့လေ တစ်ခါတည်း အိမ်ကထွက်ပြေးတဲ့ အကြောင်းတို့ နောက်ပြီးတော့ အပြင်မှာ ဒုက္ခတွေရောက် နောင်တတွေ တွေ့ သင်္ခန်းစာတွေ ရပြီးတော့ မိဘမေတ္တာကို ပြန်သတိရတဲ့ အကြောင်းအရာမျိုးကို အဲတာမျိုးတွေ ရေးဖြစ်တယ်ပေါ့။ စွန့်စားတဲ့ ဟာမျိုး ကလေး  စပ်စုတဲ့ဟာတေ၊ွ အဲလိုအကြောင်းအရာမျိုးတွေ စွန့်စားတဲ့ဟာ အဲလိုမျိုးတွေ ရေးတယ်။ အချစ်အကြောင်းကတော့ အဲဒီထဲမှာပါတဲ့ နောက်ခံက လူကြီးတွေမှာပဲ နည်းနည်းပါးပါး ထည့်ထားတာပါ။

ကလေးတွေကတော့ ဟာသရယ် စွန့်စားတာရယ် အဲလိုမျိုး ပညာပေးတာ များပါတယ်။ မူကြိုအရွယ်ဆို မူကြိုရဲ့ ကလေးအရွယ် အတွေးတွေပေါ့နော်။ အိမ်မှာကလည်း အဲလိုမျိုး အရွယ်တွေ တူတွေ တူမတွေကလည်း ရှိနေတော့ သူတို့ဆီကနေ အိုက်ဒီယာရပြီးတော့ ကြည့်ပြီးတော့ အဲလိုမျိုး ဟာသလေးတွေ ပေါ့နော်။ သူတို့အရွယ်တွေ ပြောတတ်တယ်။ သူတို့ရဲ့ အတွေးအခေါ်ပေါ့နော်။ ကလေးကြီးတွေကို မဖြစ်သေးတော့လေ သူတို့ရဲ့ အာတီအာတနဲ့ ပြောလိုက်ရင် ပုံမကျ ပန်းမကျနဲ့ ဖြစ်နေတာပေါ့နော်။ အဲဒီရဲ့ အတွေးလေးတွေကို ခံစားပြီးတော့ အဲလိုမျိုး ဆွဲတာပေါ့နော်။ ကျွန်မရဲ့ အောက်က ညီမ ခင်လေးသက် သူကလည်း စာရေးတာ တော်တော် ဝါသနာပါတယ်။ အဲတော့ သူ့ဆီကနေလည်း ဇာတ်လမ်းတွေ ရတာ။ သူရဲ့ အိမ်နာမည်က ပေါက်ပေါက် ဒါကြောင့် ကာတွန်းဇာတ်ကောင်ထဲမှာ ပေါက်ပေါက်ရယ် ကိုတူးရယ်ဆိုတာ မောင်ရယ် ညီမရယ် နာမည်ပဲ။

နှစ်ပေါင်း ၃၀ ကျော် ကာတွန်းဆရာမ တစ်ဦးအဖြစ်ရပ်တည်ခဲ့တဲ့ ဆရာမ သက်စုဟာ ကျန်းမာရေး အခြေနေအရ ၂၀၀၆ ခုနှစ်မှာပဲ ကာတွန်းလောကကနေ အပြီးတိုင် အနားယူခဲ့ပါတယ်။ အခုတော့ သူမနေထိုင်ရာ ကံကော်ရိပ်မြုံလို့ အမည်ပေးထားတဲ့ အိမ်လေးမှာ အမေကို ပြုစုရင်း တစ်ချိန်က သူ့ဇာတ်ကောင်တွေ ဖြစ်ခဲ့ကြတဲ့ မောင်လေး ညီမလေး တူလေး တူမလေး နဲ့အတူ အေးအေးချမ်းချမ်း နေထိုင်နေပါတယ်။ ကာတွန်းစာအုပ်တွေ အပေါ်မှာ သံယောဇဉ် ကြီးလှတဲ့ ဆရာမဟာ ကာတွန်းတွေဟာ ကလေးတွေအပေါ် ဘယ်လောက် နွေးထွေးမှု ရှိလဲဆိုတာကို တမ်းတမ်းတတ ပြောပြခဲ့ပါသေးတယ်။

ပညာပေးတဲ့သဘော၊ ယဉ်ကျေးအောင် သွန်သင်တယ်။ နောက် ကိုယ့်ကျင့်တရား၊ ကိုယ်ချင်းစာစိတ်ပေါ့နော်။ အဓိကတော့ ကိုယ်ချင်းစာစိတ်ပေါ့နော်။ အဲဒီကိုယ်ချင်းစာစိတ်ကို သူတို့ကို များများရစေချင်လို့ စာတွေတော့ ဖတ်စေချင်တယ်။ ဂိမ်းတွေကစား၊ တီဗွီတွေကြည့် ဖုန်းတွေ နှိပ်နေတာဟာ အဲမှာ မရဘူးလားဆိုတော့ လည်း မဟုတ်ပါဘူး ။ ရတဲ့အပိုင်းတော့ ရှိမှာပေါ့လေ။ ဒါပေမယ့် စာပေမှာ ပိုပြီးတော့ များမယ်လို့ ထင်ပါတယ်။ အဲကြောင့် စာတွေ ဖတ်စေချင်တယ်။မိဘတွေကလည်း အဲဒီဘက်ကို ဂိမ်းကစားတာတွေ အဲဒီ ဖုန်းနှိပ်တာတွေကို လျော့ ပြီးတော့ စာအုပ်ဖတ်စေချင်တာပေါ့နော်။

ကျွန်မတို့ ငယ်ငယ်တုန်းက ဆိုလို့ရှိရင် ကျောင်းပိတ်ချိန်တို့ အားလပ်ရက်တွေ များတဲ့ အချိန်ဆိုလို့ ရှိရင် စာအုပ်ဖတ်ဖို့ ကာတွန်းဖတ်ဖို့ဆိုတာ တော်တော်လေးကို အားသန်တာပေါ့နော်။ ကိုယ်ရည်ရွယ်ထားတာ ဘာစာအုပ်တွေတော့ ငါဖတ်လိုက်အုံးမယ်ဟဲ့ ဆိုပြီးတော့ အဲလိုမျိုး။ အခုဟာကျတော့ သူတို့က အဲလိုမျိုးတော့ စာတွေ သိပ်မဖတ်ကြတော့ဘူး။ အမျိုးသမီးတွေ ကာတွန်း ဝါသနာပါတဲ့ သူတွေကို ပြောချင်တာကတော့ နည်းနည်းတော့ ဇွဲရှိရှိလေးနဲ့ပေါ့နော်။ အခက်ခဲ နည်းနည်းပါးပါး ကြုံရင်လည်း နောက်မတွန့်သွားပဲနဲ့ ဆက်ပြီးတော့ ကြိုးစားပြီးတော့ ဆွဲစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကာတွန်းမှာ အမျိုးသမီးတွေ တော်တော်လေးကို နည်းပါတယ်။ နည်းတဲ့အတွက် နောက်ပိုင်းလုံးဝ မရှိမှာလည်း စိုရိမ်ပါတယ်။ အဲတာကြောင့်မို့လို့ အမျိုးသမီးတွေ ကာတွန်း ဝါသနာပါလို့ ရှိရင် ကြိုးစားပြီးတော့ ဆွဲစေချင်ပါတယ်။

ဒါပေမယ့် အခုလို နည်းပညာတွေ တိုးတက်လာတဲ့ ခေတ်မှာတော့ ကာတွန်းစာအုပ်တွေရဲ့ အခန်းကဏ္ဍဟာ မှေးမှိန်နေခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒီလိုပါပဲ ကလေးစာပေ ဖွံ့ဖြိုးတိုးတက်မှုဟာလည်း မြန်မာနိုင်ငံမှာ နှေးကွေးနေပါသေးတယ်။ တကယ်တော့ ကလေးအရွယ်စုံကို ကိုယ်စားပြုနေတဲ့ ကလေးဇာတ်လိုက်တွေ ပါဝင်နေတဲ့ ကာတွန်း စာအုပ်တွေဟာ ကလေးတွေရဲ့ စိတ်ကူးကို အသက်ဝင်စေတဲ့ အရာတွေ ကလေးဘဝကို အဓိပ္ပာယ်ရှိစေတဲ့ အရာတွေ လူကြီး လူကောင်းဖြစ်အောင် သင်ကြားပေးတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ဒီလိုအကျိုးပြုတဲ့ ကာတွန်းဇာတ်ကောင်တွေ ကာတွန်းဇာတ်လမ်းတွေကို မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် လက်ဆင့်ကမ်း သွားမယ့် မျိုးဆက်သစ် ကာတွန်းဆရာမတွေ ပေါ်ထွက်လာဖို့ကို ဝိုင်းဝန်းကြစေချင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly