ရာမို့စ်အတွက် မန်ယူ၏ ပေါင်၃၅သန်းဖြင့်ကမ်းလှမ်းမှုကို ရီးယဲလ်ပယ်ချ

ရာမို့စ်အတွက် မန်ယူ၏ ပေါင်၃၅သန်းဖြင့်ကမ်းလှမ်းမှုကို ရီးယဲလ်ပယ်ချ

ဇွန် ၂၆၊ မက်ဒရစ်။       ။ ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်း၏အဓိကနောက်ခံလူ ရာမို့စ်အတွက် မန်ယူအသင်းမှ ပေါင် ၃၅ သန်းဖြင့် ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် မန်ယူဂိုးသမား ဒီဂီရာ ကိုခေါ်ယူရန်ကြိုးပမ်းမှုများပြုလုပ်နေပြီးနောက် မန်ယူကလည်း ရာမို့စ် ကို ပြန်လည်ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်း၏သတင်းထုတ်ပြန်ချက်တွင် ရာမို့စ်၏အနာဂတ်အတွက် ဇူလိုင် ၁၀ရက်တွင်စတင်မည့် သြစတြေးလျနှင့် တရုတ်ခရီးစဉ်များမတိုင်မီ၌အသင်းအမှုဆောင်ဒါရိုက်တာချုပ် ဂျို့စ်အိန်ဂျယ်ဆန်းချက်ဇ် နှင့်တွေ့ဆုံဆွေးနွေး မည်ဟုဖော်ပြထား သည်။

အသက် ၂၉နှစ်အရွယ်ရှိ စပိန်လက်ရွေးစင်နောက်ခံလူမှာ ရီးယဲလ်တွင် တစ်နှစ်လုပ်ခလစာ ပေါင်လေးသန်း ရရှိနေသူဖြစ်ပြီး လစာ ပေါင် ၆.၅သန်းအထိ တိုးမြှင့်ပြီး စာချုပ်သစ်ချုပ်ရန် တောင်းဆိုထားသည်။

ရီးယဲလ်နည်းပြသစ် ဘင်နီတက်ဇ်အနေဖြင့်လည်း အဓိကကစားသမားများကို ထုတ်ရောင်းရန်ဆန္ဒမရှိသော်လည်း မန်ယူမှ တစ်နှစ်လစာ ပေါင် ၇.၈ သန်းဖြင့် ကမ်းလှမ်းထားသောကြောင့် ကာယကံရှင်က မန်ယူသို့ပြောင်းရွှေ့ရန် ဆန္ဒရှိနေသည်။

မန်ယူအသင်းမှ မူလက ဒီဂီရာ၏အပြောင်းအရွှေ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် ရာမို့စ်ကို ကမ်းလှမ်းခဲ့သော်လည်း ရီးယဲလ် ကလက်မခံခဲ့သဖြင့် နောက်ပိုင်းတွင် သီးသန့်ကမ်းလှမ်းမှုများပြုလုပ်လာခြင်းဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly