ခွန်ဆာလက်အောက်ခံ မူးယစ်ဂိုဏ်းဝင်များ ထိုင်းတွင် ဆေးဝါးများနှင့်အတူ ဖမ်းမိ

ခွန်ဆာလက်အောက်ခံ မူးယစ်ဂိုဏ်းဝင်များ ထိုင်းတွင် ဆေးဝါးများနှင့်အတူ ဖမ်းမိ

ရွှေတြိဂံမူးယစ်ရာဇာဟောင်း ခွန်ဆာလက်အောက်မှ မူးယစ်ဂိုဏ်းတစ်ဂိုဏ်းကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးမိကြောင်း ထိုင်းမူးယစ်ဆေးဝါးနှိမ်နှင်းရေးဗျူရို NSB က ဖေဖော်ဝါရီ ၂ ရက်က ကြေညာသည်။

မြန်မာနိုင်ငံအခြေစိုက် မူးယစ်မှောင်ခိုဂိုဏ်းတစ်ဂိုဏ်းမှ အဖွဲ့ဝင်သုံးဦးကို ယာဘဆေးပြား ငါးသိန်းနှင့် ice ဆေးပြားများ ၃၁ ဒသမ ၈ ကီလိုဂရမ်နှင့်အတူ ဖမ်းဆီးမိခြင်းဖြစ်သည်။
ဖမ်းမိမူးယစ်ဆေးဝါးများ၏ မှောင်ခိုဈေး တန်ဖိုးမှာ ဘတ်ငွေ သန်း ၂၀၀ ခန့်ရှိကြောင်း ခန့်မှန်းထားသည်။

ဖမ်းဆီးမိသူများမှာ ဂျမ်ရတ်ဒန်ပရီချာ(၅၄နှစ်)၊ လက်ဆတ်ဖူရီပန်ယန်နက်(၃၇နှစ်)နှင့် ရှမ်းလူမျိုးတစ်ဦးဖြစ်သည့် ချမ်းဆိုသူတစ်ဦးတို့ဖြစ်သည်။ ဘန်ကောက်ရှိ လက်ဖာရာအိုနှင့် ဘန်ကာပီတို့တွင် ဂျမ်ရတ်နှင့် လက်ဆတ်တို့နှစ်ဦးအား သီးခြားစီ ဖမ်းမိခြင်းဖြစ်ပြီး ချမ်းကိုမူ ဖေဖောဝါရီ ၁ ရက်က ချင်းရိုင်ရှိ မယ်ဆိုင်ခရိုင်အတွင်း ဖမ်းမိခြင်းဖြစ်သည်။

ဘန်ကောက်တွင် မူးယစ်ဆေးဝါးများ တင်သွင်းနိုင်ရန် ချမ်းက ကားစပယ်ယာဘီးအတွင်း မူးယစ်ဆေးများထည့်သွင်းပြီး မြောက်ပိုင်းတွင် ဆေးဝါးဖြန့်နေသူအဖြစ် စုံစမ်းထောက်လှမ်းနိုင်ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း NSB ဌာနခွဲ ၃ အကြီးအကဲ ရဲမှူးချုပ် ပွန်ချိုင်းက ပြောသည်။ မူးယစ်ဆေးဝါးများကို ရဲက အယောင်ဆောင်ဝယ်ယူခဲ့ပြီး ထောင်ထမ်းခဲ့ခြင်းဖြစ်သည်။

ယင်းတွင် လက်ဆတ်ကို အရင်ဖမ်းမိခြင်းဖြစ်ကာ ကြံရာပါတစ်ဦးဖြစ်သည့် ဂျမ်ရတ်၏ အိမ်သို့ စီးနင်းရှာဖွေရာ မူးယစ်ဆေးဝါးအမြောက်အမြားကို ဖမ်းဆီးရမိခြင်းဖြစ်သည်။

ယခုဖမ်းဆီးရမိသူများသည် ရွှေတြိဂံမူးယစ်ရာဇာဟောင်း ခွန်ဆာလက်အောက် ကွန်ရက်မှ ဂိုဏ်းတစ်ဂိုဏ်းဖြစ်ကြောင်း အမျိုးသားရဲဌာနအကြီးအကဲ ရဲချုပ် ချက်သစ်က ပြောသည်။

NSB အကြီးအကဲ ရဲချုပ် ရီဝတ်ကလင်ကီဆောင်ကလည်း ကွင်းဆက်တရားခံကြံရာပါနှစ်ဦးဖြစ်သည့် ချင်းရိုင်တွင် ရွှေဆိုင်နှင့် ငွေလဲလှယ်ရေးဝန်ဆောင်မှုလုပ်ငန်းဖွင့်ထားသည့် ရှမ်းစုံတွဲတစ်တွဲအား ရဲဌာနက ဖမ်းဝရမ်းထုတ်ထားကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly