၂၀၁၆ စီးပွားရေးလွတ်လပ်ခွင့် အညွန်းကိန်းတွင် မြန်မာနိုင်ငံက ရမှတ်တက်လာသော်လည်း အောက်ဆုံးအဆင့် ၂၀ တွင် ရောက်ရှိနေ

၂၀၁၆ စီးပွားရေးလွတ်လပ်ခွင့် အညွန်းကိန်းတွင် မြန်မာနိုင်ငံက ရမှတ်တက်လာသော်လည်း အောက်ဆုံးအဆင့် ၂၀ တွင် ရောက်ရှိနေ

Heritage Foundation နှင့် Wall Street Journal တို့က မကြာသေးမီက ထုတ်ပြန်သည့် ၂၀၁၆ စီးပွားရေးလွတ်လပ်ခွင့်အညွန်းကိန်းတွင် မြန်မာနိုင်ငံသည် ရမှတ်တက်လာသော်လည်း နိုင်ငံ ၁၇၈ နိုင်ငံတွင် ၁၅၈ နေရာ၌ရှိနေရာ အောက်ဆုံးအဆင့် ၂၀ တွင် ရောက်ရှိနေခြင်းဖြစ်ကြောင်း တွေ့ရသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးလွတ်လပ်ခွင့်အညွန်းကိန်းသည် ၁ ဒသမ ၈ မှတ်တက်ခဲ့ပြီး ၄၈ ဒသမ ၇ မှတ်ရှိရာ လာအိုနိုင်ငံက ၁ ဒသမ ၆ မှတ်ကျဆင်းခဲ့သော်လည်း အညွန်းကိန်း ၄၉ ဒသမ ၈ မှတ်ရရှိ၍ နိုင်ငံအဆင့် ၁၅၅ နိုင်ငံမြောက်တွင် ရပ်တည်နေခြင်းကြောင့် မြန်မာနိုင်ငံ၏ အထက် အဆင့်သုံးဆင့်ကွာလျက်ရှိသည်။

၂၀၁၆ စီးပွားရေးလွတ်လပ်ခွင့်အညွန်းကိန်းကို ရမှတ် ၁၀၀ နှင့် ၈၀ ကြားကို စီးပွားရေးအလွတ်လပ်ဆုံး၊ ၇၉ ဒသမ ၉ မှ ၇၀ ကြားကို လွတ်လပ်မှုများများရှိသော၊ ၆၉ ဒသမ ၉ မှတ်မှ ၆၀ ကို အတော်အသင့်လွတ်လပ်သော၊ ၅၉ ဒသမ ၉ မှတ်မှ ၅၀ ကြားက မလွတ်လပ်သော၊ ၄၉ ဒသမ ၉ မှတ်မှ ၄၀ ကြားကို ဖိနှိပ်မှုများ ရှိသော အစုများဖြင့် ပိုင်းခြားသတ်မှတ်ထားရာ မြန်မာနိုင်ငံသည် ဖိနှိပ်မှုများ ရှိသောအစုတွင် ပါဝင်နေဆဲဖြစ်သည်။

အဆိုပါ အညွန်းကိန်းတွင် စီးပွားရေးလွတ်လပ်မှု အများဆုံး ဆယ်နိုင်ငံအဖြစ် ဟောင်ကောင်၊ စင်ကာပူ၊ နယူးဇီလန်၊ သြစတြေးလျ၊ ကနေဒါ၊ ချီလီ၊ အိုင်ယာလန်၊ အက်စတိုနီးယားနှင့် ဗြိတိန်နိုင်ငံတို့ကို အစဉ်လိုက် သတ်မှတ်ထားသည်။ အမေရိကန်က အဆင့် ၁၁ နေရာတွင် ရပ်တည်နေပြီး ဆယ်စုနှစ်တစ်ခုအတွင်း ရှစ်ကြိမ်မြောက် အလွတ်လပ်ဆုံး ဆယ်နိုင်ငံတွင် မပါဝင်ခြင်းဖြစ်သည်။

တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလွတလပ်ခွင့်အညွန်းကိန်းကမူ အတော်အသင့် မြင့်တက်လာခဲ့သည်။ မြန်မာ၊ ပိုလန်၊ ဗီယက်နမ်နှင့် အခြားသောနိုင်ငံများအပါအဝင် နိုင်ငံဆယ့်သုံးနိုင်ငံ၏ ရမှတ်တက်ခြင်းနှင့် အတူ တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလွတ်လပ်မှုအညွန်းကိန်းက တက်ခဲ့ပြီး ၆၀ ဒသမ ၇ မှတ်ရှိခဲ့သည်။

အညွန်းကိန်းအောက်အကျဆုံးနိုင်ငံများအဖြစ် ကျူဘားနိုင်ငံသည် ၂၉ ဒသမ ၈ မှတ်၊ ဗင်နီဇွဲလားနိုင်ငံက ၃၃ ဒသမ ၇ မှတ်နှင့် ဇင်ဘာဘွေက ၃၈ ဒသမ ၂ မှတ်တို့ဖြင့် ရမှတ် ၄၀ အောက်နိုင်ငံ များအဖြစ် ဖော်ပြခံရပြီး မြောက်ကိုရီးယားနိုင်ငံသည် ရမှတ် ၂ ဒသမ ၃ မှတ်သာ ရှိပြီး အောက်ဆုံးနိုင်ငံဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly