ရုရှသည် နျူကလီးယားအင်အားပြကာ မီးနှင့်ကစားနေဟု ပင်တဂွန်ပြောကြား

ရုရှသည် နျူကလီးယားအင်အားပြကာ မီးနှင့်ကစားနေဟု ပင်တဂွန်ပြောကြား

ဝါရှင်တန်၊ ဇွန်-၂၆ ။    ။ ရုရှနိုင်ငံမှာ ၎င်း၏ နျူကလီးယား စစ်အင်အားပြမှုများဖြင့် မီးနှင့်ကစားနေပြီး အမေရိကန်ပြည်ထောင်စုက ရုရှနိုင်ငံအား အလယ်အလတ် နျူကလီးယားလက်နက်အင်အားသဘောတူညီချက်ကို ချိုးဖောက်ပြီး စစ်အင်အား အသာစီးယူမှုမှ တားဆီးသွားရန် ဆုံးဖြတ်ထားသည်ဟု အမေရိကန် လက်ထောက်ကာကွယ်ရေးဝန်ကြီးက ဇွန်၂၅ရက်နေ့က ပြောကြားခဲ့သည်။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရောဘတ် ဝပ်က အောက်လွှတ်တော်အမတ်များကို စကားပြောရာတွင် လာမည့်နှစ်များတွင် အမေရိကန် နျူကလီးယားလက်နက်အင်အားများကို အဆင့်မြှင့်ထိန်းသိမ်းခြင်းလုပ်ငန်းများက ကာကွယ်ရေးဘတ်ဂျက်၏ ၇ရာခိုင်နှုန်းကို သုံးစွဲသွားမည်ဖြစ်သောကြောင့် ထပ်တိုးထောက်ပံ့ခြင်းကို အတည်မပြုနိုင်ပါက အခြားသောအစီအစဉ်များကို ဆိုင်းငံ့၍ နျူကလီးယားတွင်သာ ပုံအောသွားရလိမ့်မည်ဟု ပြောကြားသွားခဲ့ခြင်းပင်ဖြစ်သည်။

အောက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့ကော်မတီသို့ စကားပြောရာတွင် ဝပ်က နျူကလီးယား လက်နက်အင်အားသုံးး၍ အိမ်နီးချင်းများကို ခြိမ်းခြောက်ရန် မော်စကို၏ ကြိုးစားမှုမှာ အရေးနိမ့်သွားခဲ့ပြီး နေတိုးမဟာမိတ်များကို ယခင်ကထက် ပိုမိုသွေး စည်းစေခြင်းသာ ရလဒ်ထွက်လာခဲ့ကြောင်း ပြောကြားခဲ့ပြီး သူ့အခေါ် ရုရှ၏ ပျော့စေရန် ပြင်း (escalate to de-escalate)သည့် မဟာဗျူဟာကိုလည်း ဝေဖန်သွားခဲ့သည်။

‘နျူကလီးယားလက်နက်အသုံးပြုပြီး အပြင်းအပျော့ကို လိုသလို အတင်အချလုပ်နိုင်မယ်လို့ တွေးတာက တကယ်တော့ မီးနဲ့ကစားတာပါ။ ပြင်းတာကပြင်းတာပါပဲ။ နျူကလီးယားကို အသုံးပြုတာက အဆုံးအစွန်အထိ ပြင်းထန်သွားစေပါတယ်’’ဟု ဝပ်က ပြောကြားခဲ့သည်။

ရုရှမှာ ၅၀၀မှ ၅၅၀၀ကီလိုမီတာ အကွာအဝေးအထိ ပစ်ခတ်နိုင်သည့် ပဲ့ထိန်းနှင့် ခရုဇ်ဒုံးကျည်များကို ပိတ်ပင်ထားသည့် အလယ်အလတ် နျူကလီးယားအင်အား သဘောတူညီချက်ကို ဆက်လက်ချိုးဖောက်နေသည်ဟုလည်း လက်ထောက် ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။  

သမ္မတအိုဘားမားအနေဖြင့် သဘောတူညီချက်ချိုးဖောက်မှုကို တုံ့ပြန်ရန်နှင့် ရုရှအား သဘောတူညီချက်ချိုးဖောက်ပြီး စစ်ရေး အသာစီးယူမှုကို ခွင့်မပြုရန် စဉ်းစရာနည်းလမ်းများကို ပင်တဂွန်က ကြံဆနေသည်ဟုလည်း ဝပ်က ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် လက်နက်များ၊ ရေငုပ်သင်္ဘောများ၊ ဗုံးကြဲလေယာဉ်များနှင့် ပဲ့ထိန်းဒုံးကျည်များ ပါဝင်နေသည့် အိုဟောင်းလာနေပြီဖြစ်သော နျူကလီးယားလက်နက်များကို ခေတ်မှီအဆင့်မြှင့်ရေးအတွက် အကုန်အကျများလှသည့် ရေရှည် လုပ်ငန်းများကို စတင်တော့မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly