လေ့ကျင့်ထားသည့် လင်းယုန်ငှက်များက ဒရုန်းယာဉ်များကို ဖျက်ဆီးပစ်နိုင်မည်

လေ့ကျင့်ထားသည့် လင်းယုန်ငှက်များက ဒရုန်းယာဉ်များကို ဖျက်ဆီးပစ်နိုင်မည်

နယ်သာလန်၊ ဖေဖော်ဝါရီ-၂ ။           ။ နှစ်ရာပေါင်းများစွာ ကြာမြင့်အောင်ပင် အာရှကောင်းကင်ယံထဲတွင် လင်းယုန်ငှက်များ ဝဲပျံနေခဲ့ပြီး လူများက လင်းယုန်များကို အမဲလိုက်ရာတွင် အသုံးပြုခဲ့ကြသည်။

ထိုအလေ့အထမှာ ဆယ်စုနှစ်များစွာ မှေးမှိန်ပျောက်ကွယ်လာနေခဲ့ပြီဖြစ်သော်လည်း ယခုတော့ လင်းယုန်ငှက်ကြီး၏ စူးရှလှသော အမြင်၊ အင်အားကြီးမားလှသော ခြေသည်းများနှင့် သေစေနိုင်သော အမဲလိုက်ဗီဇက ၂၁ရာစု အဖျက်ပိုးမွှားတစ်မျိုးဖြစ်သည့် ဒရုန်းယာဉ်များကို ဖျက်စီးရာတွင် အသုံးပြုနေပြီ ဖြစ်သည်။

ထို တိရစ္ဆာန်နှင့် စက်၏ ပြိုင်ပွဲတဒင်္ဂကို ဆောင်ကျဉ်းလာသည်မှာ သူ့ကိုယ်သူ ဒရုန်းများကို ဖျက်စီးရန် သားရဲငှက်များကို လေ့ကျင့်ပေးရာတွင် အထူးကျွမ်းကျင်သည့် ကမ္ဘာ့ပထမဆုံးကုမ္ပဏီအဖြစ် ကြွေးကြော်လာသည့် Guard From Above ပင် ဖြစ်သည်။   

ထိုကုမ္ပဏီ၏ လတ်တလောနောက်ဆုံး အမှုသည်မှာ တရားမဝင် လှုပ်ရှားနေကြသည့် ဒရုန်းယာဉ်များကို မစွမ်းမသန်ဖြစ်သွားစေရန် နည်းလမ်းရှာဖွေနေသည့် ဒတ်ချ်ရဲတပ်ဖွဲ့ပင် ဖြစ်သည်။ စမ်းသပ်ဆဲအခြေအနေတွင်သာ ရှိနေသေးသော်လည်း လင်းယုန်ငှက်များ အသုံးပြု၍ ဒရုန်းများကို တိုက်ခိုက်ခြင်းမှာ အလွန်ဖြစ်နိုင်ခြေရှိကြောင်း ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က Dutch News.nl သို့ ပြောကြားခဲ့သည်။

ဒရုန်းနည်းပညာ တိုးတက်မြင့်မားလာသည်နှင့်အမျှ ဒရုန်းဖျက်နည်းပညာများလည်း တပါတည်း ရင်ဘောင်တန်း တိုးတက်လာခဲ့ရာ ကုမ္ပဏီများက ဒရုန်းများကို အစွမ်းမဲ့သွားစေမည့် radio Jammer များနှင့် net-wielding interceptor များကို ဖန်တီးလာခဲ့ကြသည်။

‘နှစ်ပေါင်းများစွာကြာအောင် အစိုးရဟာ မလိုလားအပ်တဲ့ ဒရုန်းအသုံးပြုမှုတွေကို တန်ပြန်ဖို့ နည်းလမ်းတွေ ရှာနေခဲ့ကြတယ်။ တခါတလေမှာ နည်းပညာမြင့်ပြဿနာတစ်ခုအတွက် နည်းပညာနိမ့်ဖြေရှင်းနည်းက အလုပ်ဖြစ်တတ်ပါတယ်။ အခုဟာက လင်းယုန်ငှက်တွေရဲ့ တိရစ္ဆာန်ဗီဇစိတ်ကို စိန်ခေါ်မှုအသစ်အတွက် ထိရောက်တဲ့ ဖြေရှင်းနည်းအဖြစ် အသုံးချနိုင်ပါတယ်’ဟု GFA၏ တည်ထောင်သူလည်းဖြစ် စီအီးအိုလည်းဖြစ်သည့် Sjoerd Hoogendoom က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly