ကွယ်လွန်သူ ကမ္ဘာကျော် အဆိုတော် အေမီဝိုင်(န်)ဟောက်(စ်) အကြောင်း မှတ်တမ်းတင် ရုပ်ရှင်ဇာတ်ကားနှင့် ပတ်သတ်၍ ဝေဖန်မှုအား ဒါရိုက်တာက ချေပပြောဆို

ကွယ်လွန်သူ ကမ္ဘာကျော် အဆိုတော် အေမီဝိုင်(န်)ဟောက်(စ်) အကြောင်း မှတ်တမ်းတင် ရုပ်ရှင်ဇာတ်ကားနှင့် ပတ်သတ်၍ ဝေဖန်မှုအား ဒါရိုက်တာက ချေပပြောဆို

ကွယ်လွန်သူ ကမ္ဘာကျော် အမျိုးသမီး အဆိုတော် အေမီဝိုင်(န်)ဟောက်(စ်) (Amy Winehouse) အကြောင်း မှတ်တမ်းတင် ရုပ်ရှင်ဇာတ်ကားသစ်မှာ မျှတမှု မရှိကြောင်း အေမီဝိုင်(န်)ဟောက်(စ်)၏ ဖခင်ဖြစ်သူက စွပ်စွဲခဲ့ရာ ထိုဇာတ်ကားအား ရိုက်ကူးခဲ့သူ ဒါရိုက်တာက သူ၏ မှတ်တမ်းတင် ရုပ်ရှင်ဇာတ်ကားနှင့် ပတ်သတ်၍ ခုခံပြောဆိုခဲ့သည်။

သူသည် ထိုဇာတ်ကားထဲတွင် မည်သူ့ကိုမျှ ဗီလိန်သဖွယ် ပုံဖော်ဖို့ မကြိုးစားခဲ့ကြောင်း ဒါရိုက်တာ Asif Kapadia က ဆိုသည်။

BAFTA အကယ်ဒမီဆုရ မှတ်တမ်းတင် ရုပ်ရှင်ဇာတ်ကား “Senna” ကိုလည်း ရိုက်ကူးခဲ့ဖူးသည့် ဒါရိုက်တာ Asif Kapadia က သူ၏ “Amy” ဇာတ်ကားတွင် ကွယ်လွန်သူ အဆိုတော်၏ ဘဝအား အကောင်းဆုံး ထင်ဟပ်အောင် တတ်နိုင်သမျှ ကြိုးပမ်းခဲ့ကြောင်း ပြောခဲ့သည်။

ထိုဇာတ်ကားသည် တစ်ဘက်စောင်းနင်း ဖြစ်နေကြောင်း အေမီ၏ ဖခင် မစ်(ချ်) (Mitch) က ဝေဖန်လိုက်သဖြင့် ဒါရိုက်တာ Asif Kapadia က ချေပပြောဆိုခြင်း ဖြစ်သည်။

ဒါရိုက်တာသည် ထိုဇာတ်ကားထဲတွင် အေမီ ၏ ဖခင် မစ်(ချ်)နှင့် အေမီ၏ ခင်ပွန်းဟောင်း Blake Fielder-Civil တို့အား ဗီလိန်များအဖြစ် ပုံဖော်ခဲ့ကြောင်း မစ်(ချ်)ကိုယ်တိုင်က စွပ်စွဲခဲ့ခြင်း ဖြစ်သည်။

ဒါရိုက်တာကမူ သူသည် အေမီ နှင့် ပတ်သတ်သော ပစ္စည်းများကို နာရီပေါင်း ထောင်ပေါင်းများစွာ လေ့လာခဲ့ကြောင်းနှင့် မှတ်တမ်းတင်ဇာတ်ကား “Amy” ကို ၂ နှစ်ခွဲ အချိန်ယူ၍ ရိုက်ကူးခဲ့ခြင်း ဖြစ်ကြောင်း ချေပပြောဆိုခဲ့သည်။

အေမီသည် ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ယမကာအဆိပ်သင့်ခြင်း (alcohol poisoning) ကြောင့် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ အသက် ၂၇ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly