မန္တလေးတွင် လာမည့် ရွေးကောက်ပွဲအတွက် အထူးရဲ ၃,၀၀၀ ကျော် ခန့်ထားမည်

မန္တလေးတွင် လာမည့် ရွေးကောက်ပွဲအတွက် အထူးရဲ ၃,၀၀၀ ကျော် ခန့်ထားမည်

မန္တလး (မဇ္ဈိမ)။ ။ မန္တလေးတိုင်း ဒေသကြီးအတွင်းတွင် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ၌ လုံခြုံရေး
ဆောင်ရွက်နိုင်ရန်အတွက် ဇူလိုင်လကုန်တွင်  အထူးရဲ (Special Police) ၃,၀၀၀ ကျော် ခန့်ထားမည်ဟု မန္တလေးတိုင်း ဒေသကြီး ဒုတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူး သက်နိုင်က မဇ္ဈိမကို ပြောသည်။

ရဲမှူး သက်နိုင်က “ရွေးကောက်ပွဲ ကော်မရှင်ရဲ့ နောက်ဆုံးရတဲ့ မဲရုံစာရင်းက ၅,၄၁၀ ရှိတယ်ဆိုတော့ လက်ရှိ ရဲအင်အားနဲ့က မလုံလောက်ပါဘူး။ လက်ရှိမှာ ရဲအင်အား ၄,၀၀၀ ကျော်ပဲ ရှိတယ်။ အဲဒီ ၄,၀၀၀ ကျော်ထဲက ပုံမှန် နယ်မြေလုံခြုံရေးယူတာ၊ တံတားလုံခြုံရေးယူတာ၊ လမ်းလုံခြုံရေးယူတာတွေရှိတယ်။ဒါကြောင့် အထူးရဲ ၃,၀၀၀ ကျော်ခန့်ဖို့ လုပ်ကြတာပါ။ ရဲချုပ်ကလည်း အထူးရဲတပ်ဖွဲ့ဝင်တွေကို စောလျှင်စွာ စုဆောင်းဖို့ကို ညွှန်ကြားထားတယ်” ဟု ပြောသည်။

အထူးရဲတပ်ဖွဲ့သို့ ဝင်ရောက် တာဝန်ထမ်းဆောင်မည့် သူများသည် မြန်မာနိုင်ငံသား ဖြစ်ရမည်။ အသက် ၁၈ နှစ်
အောက်မငယ် အသက် ၆၀ နှစ်ထက် မကြီးသူဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်ရမည် ဖြစ်သည်။ ပညာအရည် အချင်းမှာ အလယ်တန်းအောင်မြင်ရန် လိုအပ်ပြီ ပါတီစွဲကင်းရှင်းရမည် ဖြစ်သည်။

သတ်မှတ်အရည်အချင်း ပြည့်မီပါက အထူးရဲအဖြစ် ရဲတပ်သားလစာ ၁၂၀,၀၀၀ ကျပ်နှင့် တစ်ရက်စားစရိတ် ၁,၀၀၀ ကျပ်ဖြင့် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ သုံးလ တာဝန်ထမ်းဆောင်ပေးရမည်ဟု ရဲမှူးသက်နိုင်က ဆိုသည်။

ထိုသို့ အထူးရဲခန့်ထားရန်အတွက် မန္တလေးတိုင်း ဒေသကြီးအတွင်ရှိ သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့များ ဇွန်လ ၂၁ ရက်က အကြောင်းကြားစာများ ပေးပို့ထားပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly