ဆယ်စုနှစ်များစွာ အနိုင်ကျင့်သည့်ခင်ပွန်းအား သတ်ခဲ့သည့် အမျိုးသမီးကို ပြင်သစ်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေး

ဆယ်စုနှစ်များစွာ အနိုင်ကျင့်သည့်ခင်ပွန်းအား သတ်ခဲ့သည့် အမျိုးသမီးကို ပြင်သစ်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေး

ပါရီ၊ ဖေဖော်ဝါရီ ၁ ။             ။ ဆယ်စုနှစ်များစွာအနိုင်ကျင့်နေခဲ့သော ခင်ပွန်းဖြစ်သူကို သတ်ဖြတ်မှုအတွက် ထောင် ၁၀ နှစ်ချမှတ်ခံထားရသော အမျိုးသမီးတစ်ဦးကို ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်းက ဇန်နဝါရီ ၃၁ တွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း သမ္မတရုံးက ကြေညာလိုက်သည်။

လူသားတစ်ဦးအတွက် ချွင်းချက်သဘောဆောင်သော အခြေအနေတွင် ဂျက်ကလင်းဆော်ဗေ့ဂျ်အား မိသားစုထံ အမြန်ဆုံးပြန်စေရန် သမ္မတက ဆန္ဒရှိခဲ့သည်ဟု သမ္မတရုံး၏ ကြေညာချက်တွင် ဖော်ပြ ထားသည်။

အော်လွန်းက ပေးသည့် ရှားပါးသည့် လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် အသက် ၆၈နှစ်အရွယ် ဂျက်ကလင်းမှာ ပြစ်ဒဏ်များစွာလျော့သွာပြီး ဧပြီလလယ်တွင် ထောင်မှ လွတ်မည်ဖြစ်သည်ဟု သူမ၏ရှေ့နေ များက အေအက်ဖ်ပီသို့ ပြောသည်။ ထို့ကြောင့် သူမမှာ ထောင်တွင်း၌ သုံးနှစ်ကျော်သာနေရမည်ဖြစ်သည်။

ဆော်ဗေ့ဂျ်၏ အမှုမှာ ပြင်သစ်တွင် အများပြည်သူစိတ်ဝင်စားသော အငြင်းပွားဖွယ်ရာ ကိစ္စတစ်ခုဖြစ်လာခဲ့ပြီး သူမအားလွှတ်ပေးရေး တောင်းဆိုသော အသနားခံစာတွင် လူ ၄၀၀,၀၀၀ကျော်က လက်မှတ်ထိုးခဲ့ကြသည်။

"ကျမအရမ်းကို ပျော်လည်းပျော်၊ ကျေးဇူးလည်းတင် စိတ်ထဲလည်း အတော်ကို ပေါ့သွားခဲ့ပါတယ်"ဟု ဆော်ဗေ့ဂျ်အား ကူညီရေးအဖွဲ့ကို တည်ထောင်သူ အီဗာဒါလန်က ပြောသည်။ အော်လွန်းသည် ဇန်နဝါရီ ၂၉က ဆော်ဗေ့ဂျ်၏ သမီးများ၊ ရှေ့နေများနှင့် ပထမဆုံးအကြိမ်တွေ့ဆုံခဲ့သည်။

ဆော်ဗေ့ဂျ်သည် နော်ဘတ်မာရော့ဆိုသူ အမျိုးသားနှင့် အိမ်ထောင်သက် ၄၇ နှစ်ရှိခဲ့သည်။ နော်ဘတ်မှာ အကြမ်းဖက် အရက်သမားတစ်ဦးဖြစ်ပြီး သူမအား မုဒိမ်းကျင့် ရိုက်နှက်ရုံမက သမီးများကိုလည်း ရိုက်နှက်သည်ဟု ဆော်ဗေ့ဂျ်က ဆိုသည်။ ထို့အပြင် သားဖြစ်သူကိုပါ ဆဲဆိုအနိုင်ကျင့်သည်ဟု ဆိုသည်။

သားဖြစ်သူ သူ့ကိုယ်သူ ကြိုးဆွဲချသော ၂၀၁၂ စက်တင်ဘာ ၁၀တွင် ဆော်ဗေ့ဂျ်သည်သည် ခင်ပွန်းဖြစ်သူအား နောက်ဖက်မှ ရိုင်ဖယ်ဖြင့် သုံးချက်ပစ်ခဲ့သည်။ ၂၀၁၄ အောက်တိုဘာတွင် လူသတ်မှုဖြင့် ထောင် ၁၀ နှစ်ချမှတ်ခံရသည်။ ၂၀၁၅ ဒီဇင်ဘာတွင် အယူခံတင်သည်။ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ပိုင်ခွင့်အရ အပြစ်မရှိကြောင်း အသနားခံလွှာမှာလည်း ပယ်ချခံခဲ့ရသည်။

Osez le Feminisme (Dare To Be Feminist) အဖွဲ့က အကြမ်းဖက်ခံရသော အမျိုးသမီးများအမှုတွင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ပိုင်ခွင့်၏ ဖွင့်ဆိုချက်ကို ချဲ့ထွင်ရန် တောင်းဆိုခဲ့သည်။ သူမ၏အမှုက သိမ်မွေ့သည့် အငြင်းပွားဖွယ်တရားရေးစောဒကတက်မှုကို မီးမောင်းထိုးပြခဲ့သည်။

အကြမ်းဖက်ခံရသော အိမ်ထောင်သည်များနှင့် ပတ်သက်သော ကိုယ့်ကိုယ်ကိုယ်ကာကွယ်ပိုင်ခွင့်အား ပိုမိုကောင်းမွန်စွာ ဆောင်ရွက်ရေး ဆော်ဗေ့ဂျ်၏ ရှေ့နေ နာသာလီတိုမာဆီနီက ရုံးတော်သို့ တင်ပြလျှောက်ထားခဲ့သည်။

ကိုယ့်ကိုယ်ကိုယ်ကာကွယ်ပိုင်ခွင့်ဟု ယူဆသည့်အပြုအမူတစ်ခုအတွက် ပြင်သစ်ဥပဒေတွင် ရန်လိုသောအပြုအမှုအား တိုက်ရိုက်တုံ့ပြန်ရာတွင် အချိုးအဆတူညီရမည်ဟု ရှုမြင်ထားသည်။ ဆော်ဗေ့ဂျ်၏ အမှုတွင်ကဲ့သို့ ဆယ်စုနှစ်များစွာ အကြိမ်ကြိမ်အကြမ်းဖက်ခံရမှုကို တုံ့ပြန်ရင်း သတ်ဖြတ်လိုက်ခြင်းသည် ယင်းသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly