အမေရိကန်ရေတပ်သားများကို ဖမ်းဆီးခဲ့သည့် စစ်သားများအား အီရန်က ဆုတံဆိပ်များ ချီးမြှင့်

အမေရိကန်ရေတပ်သားများကို ဖမ်းဆီးခဲ့သည့် စစ်သားများအား အီရန်က ဆုတံဆိပ်များ ချီးမြှင့်

တီဟီရန်၊ ဖေဖော်ဝါရီ - ၁ ။               ။ အီရန်နိုင်ငံပိုင် သတင်းဌာန ပရပ်စ်တီဗီ၏ ပြောကြားချက်အရ ယခုနှစ်စောပိုင်းက အမေရိကန် သင်္ဘောသား ၁၀ ယောက်ကို ဖမ်းဆီးခဲ့သည့် အီရန် တော်လှန်ရေး အစောင့်တပ်သား ၅ယောက်ကို ဆုတံဆိပ်များ ပေးအပ်ခဲ့သည်ဟု ဆိုသည်။

ဆုတံဆိပ်များကို စက်ချွတ်ယွင်းသွားသောကြောင့် ပါရှန်းပင်လယ်ကွေ့ အီရန် ရေပိုင်နက်ထဲတွင် မျောနေသည့် သင်္ဘော သားများကို ဖမ်းဆီးခဲ့သည့် တပ်စုများမှ တပ်မှူးများကို ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထောက်လှမ်းရန် ရည်ရွယ်ချက်ဖြင့် ဝင်ရောက်လာခြင်းဟုတ်မဟုတ်ကို မေးမြန်းရန်အတွက် အမေရိကန် သင်္ဘောသားများကို ဖမ်းဆီးရခြင်းဖြစ်သည်ဟု အီရန်အာဏာပိုင်များက ပြောကြားခဲ့ပြီးနောက် ပိုင်းတွင် အမေရိကန်များကို ပြန်လွှတ်ပေးခဲ့သည်။

ထိုအဖြစ်အပျက်ကြောင့် အမေရိကန်ပြည်ထောင်စုတွင် ပြင်းထန်သော ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပြီး၊ အထူးသဖြင့် သမ္မတ ဘားရက်အိုဘားမား၏ အီရန်ပေါ်လစီကို မကျေနပ်ကြသည့် ရီပတ်ဘလီကင်များက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။

သူ့တပ်သားများ၏ ရဲစွမ်းသတ္တိကို ဂုဏ်ပြုသည့်အနေဖြင့် အာယာတိုလာ အလီ ခါမေနီက ဖတ် (Fath)ဟုခေါ်သည့် ဆုတံဆိပ်များကို ပေးအပ်ခဲ့ခြင်းပင် ဖြစ်သည်။

အချို့ကမူ အမေရိကန်တပ်သားများကို ဖမ်းဆီးသည့်အတွက် အီရန်က သူ့အစောင့်တပ်များကို ဆုချခြင်းမှာ နှစ်နိုင်ငံဆက်ဆံရေးအကြောင်း အမေရိကန်အစိုးရ၏ ပြောစကားများနှင့် ဖီလာဆန့်ကျင်နေ သည်ဟု မှတ်ချက်ပြုကြသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အကျဉ်းသား ၁၀ယောက် လွှတ်ပေးမှုကို အီရန်-အမေရိကန် သံတမန်ရေးတွင် ခေတ်သစ်တစ်ခုဟု ချီးမွမ်းပြောကြားနေချိန်တွင် အခြားသူများကမူ ဆုချသည့် လုပ်ရပ်မှာ နှစ်နိုင်ငံကို မူလကနဦး အခြေအနေသို့ ပြန်လည် ရောက်ရှိသွားစေသောကြောင့် ကယ်ရီ၏ အကဲဖြတ်ချက်မှာ ရက်ရောလွန်းသည်ဟု မြင်ကြသည်။

အိုဘားမားအစိုးရက အီရန်နှင့် နျူကလီးယားသဘောတူညီချက်ကို ဒဏ်ခတ်ပိတ်ဆို့မှုများ ဖယ်ရှားပေးခြင်းဖြင့် လဲလှယ်ရယူခဲ့ပြီးနောက်တွင် အီရန်နှင့် ဆက်ဆံရေးမှာ အမေရိကန် နိုင်ငံရေးတွင် အခြေအတင် ငြင်းခုန်ရသည့် ပြဿနာတစ်ရပ် ဖြစ်နေသည်။

သမ္မတကို ဝေဖန်သူများကမူ သမ္မတ၏ အီရန်ကို ချဉ်းကပ်မှုမှာ သည်းခံလိုက်လျောလွန်းနေပြီး၊ ပါရှန်းနိုင်ငံကို လုပ်ပိုင်ခွင့် လွန်လွန်ကျူးကျူး ပေးထားသကဲ့သို့၊ အီရန်၏ နျူကလီးယားထိပ်ဖူး ထုတ်လုပ်မည့် ရည်မှန်းချက်ကိုလည်း ရပ်တန့်သွားရလောက်အောင် ထိရောက်မှုမရှိဟု မြင်ကြသည်။ အထူးသဖြင့် ရီပတ်ဘလီကင် သမ္မတလောင်းများက ၎င်းတို့၏ နိုင်ငံခြားရေးရာမူဝါဒကို သက်သေပြရန် အီရန်ပြဿနာကို အသုံးချနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly