၂၀၁၆ သြစတြေးလျအိုးပင်းရဲ့ ချန်ပီယံ ဂျိုကိုဗစ်၊ (၆) ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ခြင်းလဲဖြစ်

၂၀၁၆ သြစတြေးလျအိုးပင်းရဲ့ ချန်ပီယံ ဂျိုကိုဗစ်၊ (၆) ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ခြင်းလဲဖြစ်
(ဓာတ်ပုံ - လင်းဘိုဘို၊ အီးပီအေ)

ကမ္ဘာ့နံပါတ် (၁) တင်းနစ်ကစားသမား ဂျိုကိုဗစ်က ၂၀၁၆ ခုနှစ်အတွက် ၎င်းရဲ့ ပထမဆုံး ဖလားအဖြစ် သြစတြေးလျအိုးပင်းမှာ ရယူခဲ့ပြီး (၆) ကြိမ်မြောက် ဆွတ်ခူးရယူနိုင်ခဲ့ခြင်းလဲဖြစ်ပါတယ်။

ယနေ့ ဇန်နဝါရီ ၃၁ ရက်နေ့ ၂၀၁၆ သြစတြေးလျအိုးပင်းရဲ့ အမျိုးသား (တစ်ဦးချင်း) ဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ ကမ္ဘာ့အဆင့် (၁) ဂျိုကိုဗစ် (ဆားဗီးယား) နဲ့ ကမ္ဘာ့အဆင့် (၂) အန်ဒီမာရေး (ယူကေ) တို့ ယှဉ်ပြိုင် ကစားရာမှာ ဂျိုကိုဗစ်က ၆-၁၊ ၇-၅၊ ၇-၆(၃) ဖြင့်အနိုင်ရရှိခဲ့တာကြောင့် ဗိုလ်ဆွဲကာ ချန်ပီယံဖြစ်လာပါတယ်။

"နိုဗက်နဲ့ သူ့ရဲ့ အဖွဲ့သားတွေကို ဒီနိုင်ပွဲအတွက် ကျနော် ချီးကျူးဂုဏ်ပြုပါတယ်။ သူဟာ မယုံကြည်နိုင်လောက်အောင် ကောင်းမွန်တဲ့ ကစားသမားပါ။"လို့ ပြောကြားခဲ့ပြီး "ဒီနေ့ည ယှဉ်ပြိုင်မှုအတွက် ကောင်းမွန်တဲ့ အဆုံးသတ်မှုကို ကျနော် မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့်လဲ ကျနော်ကို အားပေးတဲ့သူအားလုံးကို အထူးကျေးဇူးတင်ပါတယ်"လို့ ပွဲအပြီးမှာ မာရေးက ပြောပါတယ်။

၂၀၁၆ သြစတြေးလျအိုးပင်းရဲ့ ချန်ပီယံ ဂျိုကိုဗစ်က "အန်ဒီ ခင်ဗျားဟာ ကြီးကျယ်တဲ့ ချန်ပီယံနဲ့ မိတ်ဆွေတစ်ယောက်ဖြစ်တယ်။ ရှေ့ဆက် ဒီဖလားရယူဖို့ အခွင့်အရေးတွေ ခင်ဗျာမှာ အခွင့်အလမ်းတွေ အများကြီး ရှိသေးပါတယ်" လို့ ပြောပါတယ်။

"ကျနော့် အဖွဲ့သားတွေကို ကျေးဇူးတင်ပါတယ်။ ဂရင်းစလင်းဟာ ထူးခြားတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပြီး ကျနော်တို့ဟာ ရည်ရွယ်ချက်တစ်ခုတည်းမှာ အတူတူူ ယှဉ်ပြိုင်ကစားခဲ့ပါတယ်" လို့ ဂျိုကိုဗစ်က ဆိုပါတယ်။

ဗြိတိန်တင်းနစ်ကစားသမား အန်ဒီမာရေးအတွက် (၅) ကြိမ်မြောက် သြစတြေးလျအိုးပင်း ဖိုင်နယ်တက်ရောက်နိုင်တာဖြစ်ပြီး ဂျိုကိုဗစ်နဲ့ (၄) ကြိမ်မြောက် ဖိုင်နယ်တွေ့ဆုံခဲ့ခြင်းလဲဖြစ်ပါတယ်။

ဂျိုကိုဗစ်ဟာ ဂရင်းစလင်းပြိုင်ပွဲတွေအတွက် (၁၁) ကြိမ်မြောက် ဆွတ်ခူးရယူနိုင်ခဲ့တာဖြစ်ပြီး ရော့လေဗာ (သြစတြေးလျ) နဲ့ ဘရွန်ဘော့ခ် (ဆွီဒင်) တို့နဲ့အတူ စံချိန်တူ ရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ဒီပွဲမှာ အနိုင်ခဲ့ရတဲ့ ဂျိုကိုဗစ်က ဆုကြေးငွေပေါင် ၁.၇ သန်း ရရှိမှာဖြစ်ပြီး အန်ဒီမာရေးက ပေါင် ၈သိန်းကျော်ရရှိမှာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly