အရေးပေါ်အခြေအနေ သက်တမ်းတိုးမှုကို ဒီမိုကရေစီ ဆုံးရှုံးသည်ဟုဆိုက ပါရီတွင် ထောင်ပေါင်းများစွာ ဆန့်ကျင်ဆန္ဒပြ

အရေးပေါ်အခြေအနေ သက်တမ်းတိုးမှုကို ဒီမိုကရေစီ ဆုံးရှုံးသည်ဟုဆိုက ပါရီတွင် ထောင်ပေါင်းများစွာ ဆန့်ကျင်ဆန္ဒပြ

ပါရီ၊ ဇန်နဝါရီ-၃၁။               ။ ပြင်သစ်နိုင်ငံတွင် အရေးပေါ်အခြေအနေကို သက်တမ်းထပ်တိုးပြီး၊ အကြမ်းဖက်မှုဖြင့် ပြစ်ဒဏ်ကျခံနေရသည့် နှစ်နိုင်ငံသားခံယူထားသူများအား ပြင်သစ်နိုင်ငံသား အဖြစ်မှ   ပယ်ဖျက်မည့် အစီအစဉ်များကို ပြည်သူလူထု ထောင်ပေါင်းများစွာက ဇန်နဝါရီလ ၃၀ရက်နေ့တွင် ပါရီမိုးစက်များအောက်၌ ချီတက်ဆန့်ကျင်ခဲ့ကြသည်။

မြို့တော်နှင့် ခြားပြင်သစ်နိုင်ငံတစ်ဝန်းမှ ဆန္ဒပြပွဲများတွင် လူ့အခွင့်အရေးအုပ်စုများ၊ နိုင်ငံရေးသမားများနှင့် သမဂများ ပုူးပေါင်းပါဝင်ခဲ့ကြသည်။ ကနဦးက လူပေါင်း ၁၃၀ သေဆုံးခဲ့ရသည့် နိုဝင်ဘာ ၁၃ရက် ပါရီတိုက်ခိုက်မှုများအပြီးတွင် ပြဌာန်းခဲ့သည့် အရေးပေါ်အခြေအနေကာလ ထပ်တိုးမှုကို အစိုးရအဖွဲ့က မစီစဉ်မဆုံးဖြတ်မီ ရက်ပိုင်းအလိုတွင် ဆန့်ကျင်မှုများ ပေါ်ထွက်လာခဲ့ခြင်းပင် ဖြစ်သည်။

အရေးပေါ်အခြေအနေမှာ ဝရမ်းမပါဘဲ ရှာဖွေမှုများ၊ ဖမ်းဆီးမှုများနှင့် အခြားအရေးယူမှုများကို ခွင့်ပြုထားသောကြောင့် ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအာဏာပိုင်များကို လုပ်ပိုင်ခွင့် ပိုပေးထားသည်။  

ဆန္ဒပြသူများ ကိုင်ဆောင်ထားသည့် တစ်ခုသော နဖူးစီးစာတန်းတွင် “လွတ်လပ်သည့် ပြင်သစ်နိုင်ငံ၊ သင်ဘယ်မှာ ရောက်နေတာလဲ”ဟု ရေးသားထားသည်။

ယခုလ မဲခွဲဆုံးဖြတ်ရာတွင် အရေးပေါ်အခြေအနေ သက်တမ်းတိုးမှုကို ပါလီမန်က အတည်ပြုဖွယ် ရှိနေသည်။ လက်ရှိ အရေးပေါ်အခြေအနေကာလမှာ ဖေဖော်ဝါရီ ၂၆ရက်တွင် သက်တမ်းကုန်မည် ဖြစ်သည်။

“ဒီမိုကရေစီဟာ နောက်ကို ဆုတ်သွားနေပြီ။ တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်စွာ ဆန္ဒပြခွင့်နဲ့ ဖော်ပြခွင့်တွေ ဆုံးရှုံးနေရပြီ”ဟု လွတ်လပ်စွာ နေထိုင်ခွင့် လှုပ်ရှားမှုအဖွဲ့မှ ယန်းဘက်ပတစ် အိုင်းရော့က ပြောကြားခဲ့သည်။

သို့ရာတွင် ပြင်သစ် အထက်ရုံးတော်တစ်ခုကမူ အန္တရာယ်မှာ ပျောက်ကွယ်မသွားသေးကြောင်း ပြောကြားပြီး အရေးပေါ်အခြေအနေ သက်တမ်းတိုးမှုကို ထောက်ခံခဲ့သည်။

အကြမ်းဖက်မှု စွဲချက်များဖြင့် ပြစ်ဒဏ်ကျခံနေရသည့် နှစ်နိုင်ငံသားခံယူထားသူများကို နိုင်ငံသားအဖြစ်မှ ပယ်ဖျက်မည့် အစီအစဉ်မှာလည်း နိုင်ငံသားကို အဆင့်နှစ်ဆင့် ကွဲသွားစေကာ လူမျိုးရေးခွဲခြားမှုကို ဖန်တီးနေသောကြောင့် ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ 

နှစ်နိုင်ငံသားခံယူထားသူ အများစုမှာ မွတ်စလင်များဖြစ်ကြပြီး အစ္စလာမ်အစွန်းရောက်များ၏ တိုက်ခိုက်မှုများအတွက် မဆီမဆိုင် သူတို့တွင် အပြစ်မကင်းသလို ခံစားနေကြရသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly