“ ဘိန်းစစ်ပွဲ ဖြစ်လာမလား”

“ ဘိန်းစစ်ပွဲ ဖြစ်လာမလား”
ဓာတ်ပုံ-အောင်ကိုဦး မဇ္စျိမ

ပြီးခဲ့တဲ့ရက်ပိုင်း ကချင်ပြည်နယ်ဘက်ကနေ အထိတ်တလန့် သတင်းတစ်ပုဒ် ထွက်ပေါ်လာ ပါတယ်။ အဲဒါကတော့ ပြည်သူတွေ ကိုယ့်ဖာသာကိုယ် ဖွဲ့စည်းထားတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက် ဆန့်ကျင်ရေး အဖွဲ့ကနေ ဘိန်းခင်းတွေ ဖျက်ဖို့ သွားကြတယ်၊ အဲဒီ အဖွဲ့အတွက် စစ်တပ်နဲ့ ရဲကလည်း လုံခြုံရေးလိုက်ပေးရတယ်၊ ဒါပေမယ့် လမ်းခရီးမှာ အဲဒီ အဖွဲ့က ဘိန်းလာဖျက်မှာကို မလိုလားတဲ့ ဒေသခံ ဘိန်းစိုက်တောင်သူတွေက တားကြ၊ ဆီးကြတယ်၊ အဲဒီ ဘိန်းစိုက်တောင်သူတွေရဲ့ နောက်ကွယ်မှာ လက်နက်ကိုင် တပ်ဖွဲ့ ရှိနေတယ်၊ ဒါကြောင့် ဒီအရပ်ဘက် အဖွဲ့အစည်းက ဘိန်းခင်း တွေကို အတင်းဝင်ရောက် ဖျက်ဆီးရင် ပဋိပက္ခ ကြီးကြီးကျယ်ကျယ် ဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်း ပါ။ ထုံးစံအတိုင်း သတင်းမီဒီယာတွေဟာ နောက်ပိုင်း အဲဒီ သတင်းကို မဖော်ပြတော့ပြန်ပါဘူး။ ဘိန်းခင်းဖျက်တဲ့ လုပ်ငန်း ဘယ်အခြေအနေ ရှိနေသလဲ၊ အဲဒီ ကချင်ပြည်နယ် အရှေ့မြောက်ဘက်မှာ ဘိန်းခင်းတွေ လိုက်ဖျက်ရင် ဘိန်းစိုက်တဲ့လူတွေက တားဆီးလို့ ဘိန်းစစ်ပွဲ ဖြစ်လာနိုင်မလား ဆိုတာ ဒီကနေ့ သုံးသပ် ကြည့်ကြရအောင်။

အခု ဘိန်းခင်းတွေ လိုက်လံ ဖျက်ဆီးနေတဲ့ အဖွဲ့ကတော့ ကချင်ပြည်နယ် မြစ်ကြီးနား အခြေ စိုက် အရပ်ဘက် အဖွဲ့အစည်း တစ်ခုပါ။ ဒီအဖွဲ့အစည်းဟာ ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါး မျိုးစုံ ပျံ့နှံ့၊ ကချင်နဲ့ တိုင်းရင်းသားပြည်သူတွေ ဘိန်းစွဲ၊ ဆေးစွဲ ဖြစ်နေတာကို မမြင်ရက်၊ မကြည့်ရက်၊ အစိုးရနဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကိုလည်း အားမကိုးနိုင်တော့တာနဲ့ ကိုယ်တိုင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်နေကြတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး သုံးနေသူတွေ၊ ရောင်းဝယ်နေ သူတွေကို တွေ့ရင် ရဲကို အကြောင်းကြားပေးတယ်၊ တစ်ချို့ အမှုတွေကိုတော့ ကိုယ်တိုင် ဝင်ဖမ်းပြီး ရဲလက်အပ်တယ် ဆိုတာမျိုး လုပ်နေတဲ့ အဖွဲ့ပါ။ တစ်ချို့နေရာတွေမှာ ကိုယ်တိုင် မူးယစ်ဆေးဝါး ရောင်းဝယ်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုတောင် ဖမ်းဆီးပြီး သက်ဆိုင်ရာလက် အပ်တာမျိုး လုပ်ခဲ့တာ ဖြစ်ပါတယ်။

လတ်တလောကတော့ ဘိန်းခင်းဖျက်တဲ့ အလုပ်လုပ်ဖို့ပါ။ အခြားနေရာတွေမှာ ဘိန်းခင်းတွေ လိုက်ဖျက်ခဲ့ပြီဖြစ်ပေမယ့် ဒီတစ်ခေါက် ဖျက်ဖို့ သူတို့ ကြိုးစားမယ့် နေရာက ကချင်ပြည်နယ် အရှေ့မြောက်ဘက်က ချီဖွေ၊ ကမ်ပိုင်တီ၊ ပန်ဝါ ဒေသပါ။ ချီဖွေမြို့နယ်ကတော့ အစိုးရ ရုံးစိုက်တဲ့ မြို့ဖြစ်ပြီး မြို့နယ်နိမိတ် တစ်ချို့ကတော့ ဦးဆခုံတိန့်ယိန်း ခေါင်းဆောင်တဲ့ နယ်ခြားစောင့်တပ်က စိုးမိုးထားတဲ့ နယ်မြေ ဖြစ်ပါတယ်။ အခု ဘိန်းခင်းဖျက်မယ့် အဖွဲ့တွေ အဲဒီ ဒေသထဲ သွားမယ် ဆိုတဲ့အခါ ဒေသခံ ဘိန်းစိုက်တောင်သူတွေက တားဆီးကြတယ်လို့ ဆိုပါတယ်။ သူတို့ပြောတာက တော့ ဘိန်းဖျက်ခြင်ရင် ဆန်အိတ်တွေ ယူလာခဲ့၊ သူတို့ကိုယ်တိုင် ဘိန်းခင်းကို လိုက်ဖျက်ပေးမယ်လို့ ပြောပါတယ်။ ဒါပေမယ့် နှစ်ဖက် ခေါင်းဆောင်သူတွေ ညှိနှိုင်းရင်း ဘိန်းဖျက်အဖွဲ့ အဲဒီ ဒေသထဲ သွားမဖျက်တော့ပဲ ချီဖွေမြို့နယ်ထဲ ရောက်သွားပြီး အခုတော့ ရာသီဥတု ဆိုးရွားလို့ ဘိန်းဖျက်တဲ့ အလုပ် သိပ် မလုပ်နိုင်ကြဘူးလို့ သိရပါတယ်။

တကယ်တော့ ဦးဆခုံတိန့်ယိန်း ဦးဆောင်တဲ့ ပန်ဝါ၊ ကမ်ပိုင်တီ နယ်မြေမှာ ဘိန်းစိုက်ခဲ့တာ နှစ်ကာလ ကြာခဲ့ပါပြီ။ ဒါပေမယ့် ၁၉၉၀ အစိုးရနဲ့ အပစ်ရပ် စာချုပ် ချုပ်ဆိုနိုင်ခဲ့လို့ ဒေသထဲမှာ စစ်ပွဲ မရှိတော့ပါဘူး။ (အစိုးရတပ်နဲ့ ကေအိုင်အေ တိုက်ပွဲတွေ ပြန်ဖြစ်တော့ ကေအိုင်အေ တပ်တွေက နယ်ခြားစောင့်တပ် အခြေစိုက်ရာ ပန်ဝါဌာနချုပ်ကို တိုက်ခိုက် သိမ်းပိုက်ဖို့ ကြိုးစားတာတော့ ရှိခဲ့ပါ တယ်။) ပြောရရင် အစိုးရနယ်မြေ၊ တရုတ်နိုင်ငံနဲ့ ကုန်သွယ်၊ ကူးလူးဆက်ဆံမှုတွေ ရှိနေပြီး တည်ငြိမ်နေတာ ကြာပါပြီ။ ဘိန်းတိုက်ဖျက်ရေး တကယ်လုပ်ခဲ့မယ် ဆိုရင် နှစ်ပေါင်း အစိတ်လောက် အချိန်ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဟန်ပြ ဘိန်းဖျက်သိမ်းတာ လုပ်လိုက်၊ ပြန်စိုက်လိုက်နဲ့ပဲ နှစ်ပေါင်းများစွာ ကြာလာခဲ့တာ ဖြစ်ပါတယ်။

ဘိန်းတိုက်ဖျက်ရေးနဲ့ ပတ်သက်ရင် ဒေသခံခေါင်းဆောင်တွေရဲ့ အမျှော်အမြင်ကလည်း အတော်လေး အရေးကြီးပါတယ်။ ဒေသခေါင်းဆောင်လည်းဖြစ်၊ လက်ရှိ အမျိုးသားလွှတ်တော် အမတ်လည်း ဖြစ်နေတဲ့ ဦးဆခုံတိန့်ယိန်း ဆိုရင် သူ့သားအကြီးနှစ်ယောက်စလုံး သေဆုံးခဲ့ပြီး မူးယစ်ဆေးဝါးကြောင့်လို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆခံရတာ ဖြစ်ပါတယ်။ ကမ်ပိုင်တီနယ်စပ်မြို့က အရင် တပ်မှူးဟောင်း ဦးမလန်တူးဆို အဖေလည်း ဘိန်းစွဲ၊ သားလည်း ဘိန်းစွဲ အနေအထားမျိုးပါ။ ဒေသအတွင်းမှာ ဘိန်းစား မရှိတဲ့အိမ် ဆိုတာ မရှိသလောက်ပါပဲ။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့လည်း   သေကြပါတယ်။ ဒါပေမယ့်လည်း ခက်တာက ခေါင်းဆောင်တွေ ကိုယ်တိုင်က ဘိန်း၊ မူးယစ်ဆေးဝါး အန္တရာယ် ဒီလောက်ကြုံတာတောင် တိုက်ဖျက်ရကောင်းမှန်း၊ အလှည့်အပြောင်း လုပ်ရကောင်းမှန်း မသိတာကတော့ ဝမ်းနည်းဖို့ အတော်ကောင်းပါတယ်။

နောက်ပြဿနာ တစ်ခုက နယ်စပ်နေ တရုတ်နိုင်ငံသားတွေပါ။ အရင်တုန်းကတော့ အဲဒီ ဒေသမှာ ဒေသခံတွေဟာ ကိုယ့်ဖာသာကိုယ် တစ်ပိုင်တစ်နိုင် ဘိန်းစိုက်ပျိုးကြတာပါ။ နောက်ပိုင်း ဘိန်းစိုက်ရာသီဆို တရုတ်တွေ ဒေသထဲ ငွေထုတ်ပိုက် ဝင်လာပါတယ်။ ဒေသခံတွေနဲ့ ပေါင်း၊ အရင်း အနှီး စိုက်ထုတ်ပြီး ဧက အများအပြား စိုက်ပါတယ်။ ဘိန်းခြစ်ချိန်ဆို လူအများကြီး လိုပါတယ်။ နယ်စပ်နေ တရုတ်နိုင်ငံသား အများအပြား ဒေသထဲ ဝင်လာပြီး ဘိန်းခြစ်ကြပါတယ်။ နောက်တော့ ဘိန်းရောင်းပြီး ငွေထုတ်ပိုက်၊ တရုတ်ပြည်ထဲ ပြန်သွားကြပါတယ်။ မြန်မာပြည် အလယ်ပိုင်းမှာ တရုတ်တွေ ဝင်လာပြီး ဖရဲသီးစိုက်သလို ပုံစံမျိုးပါ။ ဒေသထဲမှာတော့ ဘိန်းစားတွေ ဖြစ်ကျန် ရစ်ခဲ့ပါတယ်။

အဲလို အခြေအနေတွေကြောင့် ဦးဆခုံတိန့်ယိန်း ဦးဆောင်တဲ့ နယ်ခြားစောင့်တပ် စိုးမိုးရာ ပန်ဝါ၊ကမ်ပိုင်တီ နဲ့ ချီဖွေမြို့နယ် နေရာအတော်များများမှာ ဘိန်းစိုက်ပျိုးမှု ကျန်ရစ်နေတာပါ။ ဒီ ပြသနာကို အကြမ်းနည်းနဲ့ ဖြေရှင်းလို့ မရပါဘူး။ ဘိန်းစိုက်ရာသီ ဘိန်းခြစ်ရာသီရောက်မှ ဘိန်းခင်းတွေ လိုက်ဖျက်တာကလည်း အဖြေ မဟုတ်ပါဘူး။ ဘိန်းအပါအဝင် မူးယစ်ဆေးဝါး ပြသနာကို ဒေသခံ   ခေါင်းဆောင်တွေ နက်နက်ရှိုင်းရှိုင်း သိမြင်မှု၊ အစိုးရနဲ့ နိုင်ငံတကာ မိသားစုတွေရဲ့ အကူအညီပေးမှု၊ တရုတ် စီးပွားရေး သမားတွေ ဒေသထဲ ဝင်လာပြီး ဘိန်းစိုက်စီးပွားရေး လုပ်တာကို တားဆီးနိုင်မှု စတာတွေ စနစ်တကျ အကောင်အထည် ဖော်ပေးနိုင်မှသာ ကချင်ပြည်နယ်က ဘိန်းစစ်ပွဲကို တားဆီး နိုင်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly