သြစတြးလျ တောမီးကြောင့် ရှေးဟောင်း ကမ္ဘာ့အမွေအနှစ် စာရင်းဝင် သစ်တောများ ပျက်စီး

သြစတြးလျ တောမီးကြောင့် ရှေးဟောင်း ကမ္ဘာ့အမွေအနှစ် စာရင်းဝင် သစ်တောများ ပျက်စီး

ဆစ်ဒနီ၊ ဇန်နဝါရီ ၃၀။              ။ သြစတြေးလျနိုင်ငံတွင် လောင်ကျွမ်းနေသော တောမီးကြောင့် ဒိုင်နိုဆောခေတ်ကာလက တည်းက ရှိခဲ့သည်ဟု ယူဆထားသည့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် သစ်တောများ ပျက်စီးဆုံးရှုံးနေပြီ ဖြစ်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးသမားများကလည်း ယင်းသစ်တော ဧရိယာ အားလုံးကို ထာဝရ ဆုံးရှုံးရတော့မည့် အရေးအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်လာနေကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

နိုင်ငံ၏ တောင်ပိုင်းပြည်နယ် တစ်ခုဖြစ်သော တက်စ်မန်နီယာ ဒေသရှိ မီးသတ်သမားများ သည် ရက်ပေါင်း ၁၈ ရက်ကြာ ယင်းတောမီးများကို ငြိမ်းသတ်နေရပြီး လက်ရှိအချိန်ထိ ဟက်တာ ပေါင်း ၉၅,၀၀၀ ( ၂၃၄,၇၅၀ ဧက) လောင်ကျွမ်းခဲ့ပြီး ဖြစ်သည်ဟု အာဏာပိုင်များက ဇန်နဝါရီ ၂၉ ရက်တွင် ပြောကြားသည်။

အဆိုပါ တောမီးကြောင့် လက်ရှိအချိန်ထိ လူနှင့် အဆောက်အဦးများ တစ်စုံတစ်ရာ ထိခိုက် ပျက်စီးခြင်း မရှိသေးပဲ သြစတြေးလျနှင့် နယူးဇီလန် နိုင်ငံများမှ မီးသတ်သမားများက ဝိုင်းဝန်း ငြိမ်းသတ်နေကြရသည်။ လက်ရှိအချိန်ထိ တက်စ်မန်နီယာ ဒေသ၏ ထင်ပေါ်ကျော်ကြားသော အနောက်ဘက် သစ်တောနေရာများမှာ မီးလောင်ကျွမ်းသွားခဲ့ပြီ ဖြစ်သည်။

"တက်စ်မန်နီယာ အနောက်ပိုင်းက တောမီးလောင်ကျွမ်းတဲ့နေရာက အခြေခံအားဖြင့်တော့ ရှေ့ခေတ်ကတည်းက ကြွင်းကျန်ရစ်ခဲ့တဲ့ သက်ရှိ ဖွဲ့စည်းတည်ဆောက်မှု စနစ်တွေ ရှိတဲ့နေရာမှာပါ၊ အဲဒီမှာ သိပ္မံနည်းကျ အရေးပါတဲ့အရာတွေ အများကြီးရှိနေပါတယ်၊ အရင် ဒိုင်နိုဆောတွေ ရှိစဉ်အချိန် ကတည်းက ဒီဖွဲ့စည်းတည်ဆောက်မှု စနစ်တွေက ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့ပါတယ်" ဟု တက်စ်မန်နီ ယာ တက္ကသိုလ် သဘာဝပတ်ဝန်းကျင် ဌာနမှ ပါမောက္ခ ဒေးဗစ်ဘောင်မန်က ပြောသည်။

အဆိုပါ တောမီးလောင်ကျွမ်းနေသည့် တက်စ်မန်နီယာ သစ်တောနယ်မြေသည် ၁၉၈၂ ခုနှစ်က ယင်း ၏ သဘာဝယဉ်ကျေးမှု စံနှုန်းများကြောင့် ကမ္ဘာ့အမွေအနှစ် စာရင်းတွင် ထည့်သွင်းခြင်းခံခဲ့ရပြီး အကျယ်အဝန်း ဟက်တာပေါင်း ၁ ဒသမ ၄ သန်းကျော် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly