ဆီးရီးယားအရေး ဆွေးနွေးမည့် ဂျီနီဗာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသို့ အတိုက်အခံ အုပ်စု တက်ရောက်မည်

ဆီးရီးယားအရေး ဆွေးနွေးမည့် ဂျီနီဗာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသို့ အတိုက်အခံ အုပ်စု တက်ရောက်မည်

ဂျီနီဗာ၊ ဇန်နဝါရီ ၃၀။            ။ ဆွစ်ဇာလန်တွင် ကျင်းပမည့် ကုလသမဂ္ဂဦးဆောင်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း  ဆီးရီးယား၏ အကြီးဆုံး အတိုက်အခံ အုပ်စုက ဇန်နဝါရီ ၂၉ ရက်တွင် ပြောဆိုလိုက်သည်။ ယင်းအတွက်ကြောင့် ကာလကြာမြင့်နေပြီဖြစ်သော ပြည်တွင်းစစ်မီး ငြိမ်းသတ်နိုင်ရေးအတွက် ရည်ရွယ်သည့် ဆွေးနွေးပွဲများကို သပိတ်ပေါက်မည်ဟု အစောပိုင်းက သတင်းထွက်ပေါ်နေမှုများကို အဆုံးသတ်သွားစေခဲ့သည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသို့ တက်ရောက်ရေးနှင့် ပတ်သက်၍ လေးရက်ကြာ တုန့်ဆိုင်း နေခဲ့ပြီး နောက်ပိုင်း ကုလအဖွဲ့နှင့်အတူ ဆွေးနွေးညှိနှိုင်းမှုများမှတဆင့် နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်မည်ဖြစ်ကြောင်း ဆီးရီးယား အတိုက်အခံဖြစ်သည့် ဆော်ဒီအာရေဗျ ကျောထောက်နောက်ခံ အဆင့်မြင့် ဆွေးနွေးညှိနှိုင်းရေး ကော်မရှင် (HNC) က ပြောကြားသည်။

အနောက်နိုင်ငံများက ဆွေးနွေးပွဲတက်ရောက်ရန် တွန်းအားပေးမှုများ ရှိနေလင့်ကစား ဆီးရီး ယားမြို့များတွင် ပိတ်မိနေသည့် ထောင်ပေါင်းများစွာသော ပြည်သူများကို ဘေးကင်းလုံခြုံစေမည့် သဘောတူညီမှု တစ်စုံတစ်ရာ မရရှိနိုင်ပါ ဂျီနီဗာဆွေးနွေးပွဲသို့ တက်ရောက်မည်မဟုတ်ဟု HNC အဖွဲ့က ကနဦးပိုင်းက ပြောကြားထားသည်။

ကော်မတီအနေဖြင့် ဆွေးနွေးပွဲများသို့ အဖွဲ့ဝင် ၃၀ မှ ၃၅ အထိ စေလွှတ်တက်ရောက်စေမည် ဖြစ်သည်ဟု HNC မှ အဆင့်မြင့် ကိုယ်စားလှယ်တစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားသည်။ အဆိုပါ ဂျီနီဗာဆွေးနွေးပွဲသည် ဆီးရီးယား၏ ငါးနှစ်တာ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်စေမည့် အကြီးဆုံး နိုင်ငံရေး ဆွေးနွေးပွဲတစ်ရပ် ဖြစ်သည်။

ယခု ဆွေးနွေးမှုများဖြင့် အပြစ်မဲ့ ပြည်သူပေါင်း ၂၆၀,၀၀၀ ကို သေဆုံးစေခဲ့ပြီး အစ္စလမ္မစ် နိုင်ငံတော် အစွန်းရောက်အဖွဲ့ကို ပေါ်ပေါက်စေခဲ့သည့် ပဋိပက္ခ စစ်ပွဲတစ်ရပ်ကို ရပ်တန့်နိုင်ဖွယ် ရှိနေသည်။

ယခုကဲ့သို့ အတိုက်အခံဘက်မှ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မှုအပေါ် ကြိုဆိုကြောင်း အမေရိ ကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီအပါအဝင် ပြင်သစ် နှင့် ဆော်ဒီအာရေဗျ တာဝန်ရှိသူများက   ပြောကြားခဲ့ကြသည်။

ဆီးရီးယား သမ္မတ ဘာရှာအာဆတ် အစိုးရဘက်မှ ကိုယ်စားလှယ်များသည်လည်း ဇန်နဝါရီ ၂၉ ရက် အစောပိုင်းကတည်းက ကုလအထူးကိုယ်စားလှယ် စတီဖန် ဒီမူစတူရာနှင့် ပထမဆုံး တွေ့ဆုံ   ဆွေးနွေးမှုများ လုပ်ဆောင်ထားခဲ့ပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly