ချင်းမိုင်တွင် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့် လူမှုအခြေပြုအဖွဲ့အစည်းများ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

ချင်းမိုင်တွင် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့် လူမှုအခြေပြုအဖွဲ့အစည်းများ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

ချင်းမိုင်၊ဇန်နဝါရီ ၃၀ ။            ။ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ မူဝါဒများ ရရှိရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များနှင့် လူမှုအခြေပြုအဖွဲ့ အစည်းများက အလုပ်ရုံ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇန်နဝါရီ ၃၀ ရက်က ကျင်းပသည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ထည့်သွင်းဆွေးနွေးနိုင်ရေးရန်နှင့် ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်တည်ဆောက်ရာတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မူဝါဒ မူကြမ်းများသည် အခြေခံ အုတ်မြစ်ဖြစ်စေရန် ရည်ရွယ်၍ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခြင်း ဖြစ်သည်ဟု ENAC မှ ဒါရိုက်တာ ဦးယော်ထုန်က ပြောသည်။

တိုင်းရင်းသားလူမျိုးများ ရေးရာစင်တာ(ပြည်ထောင်စု မြန်မာနိုင်ငံ) - The Ethnic Nationalities Affairs Center(ENAC)က ကမကထ ပြုလုပ်၍ တစ်လလျှင် တစ်ကြိမ် မူဝါဒနှင့် ပတ်သက်သော အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်နေခြင်း ဖြစ်သည်။

“ဒါက တိုင်းရင်းသားနယ်မြေတွေကို အဓိက အခြေခံတဲ့ မူဝါဒတွေဆိုတော့ အားလုံးနဲ့ုဆိုင်တယ်။ ငြိမ်းချမ်းရေး ဆွေးနွေးလာတဲ့အခါမှာ ဒီဟာတွေကို ထည့်သွင်း ဆွေးနွေးသွားနိုင်ဖို့ အဓိက ရည်ရွယ်တယ်။ ပိုပြီး ရည်ရွယ်တာက သူ့ရဲ့ နောက်ဆုံးပန်းတိုင်က ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်တဲ့အခါမှာ ဒီမူဝါဒတွေ အဓိက ကျောရိုးအနေနဲ့ ဖြစ်သွားဖို့ ရည်ရွယ်ပါတယ်”ဟု ဦးယော်ထုန်က မဇ္ဈိမကို ပြောသည်။

ENAC မှ ပညာရေး၊ ကျန်းမာရေး၊ လယ်ယာမြေ၊ အခွန်၊ သဘာဝသယံဇာတနှင့် ဒုက္ခသည်အရေးများ အပါအဝင် ၎င်းတို့နှင့် ပတ်သက်သော မူဝါဒဆိုင်ရာ မူကြမ်း ၈ ခုခန့် ရရှိထားပြီး ဖြစ်ပြီး ယခုတစ်ကြိမ်သည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ့မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်နေခြင်း ဖြစ်သည်။

ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှု မူဝါဒ ထွက်ပေါ်လာရန်အတွက် ယနေ့တွင် ၂၀၀၇-၂၀၀၈ ခုနှစ် ကိုလံဘီယာနိုင်ငံနှင့် ကနေဒါနိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု စာတမ်းများကို   လေ့လာခဲ့နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ကရင်ပြည်နယ်အတွင်း ဂျပန်အပြည်ပြည်ဆိုင်ရာ မူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA) လုပ်ကိုင်နေသော စီမံကိန်းများ၊ ရခိုင်ပြည်နယ်အတွင်း သဘာဝ ဓါတ်ငွေ့ စီမံကိန်းများ၊ ထားဝယ် ရေနက် ဆိပ်ကမ်း၊ ကချင်ပြည်နယ် ဖားကန့်တွင် လုပ်ကိုင်နေသော ရင်းနှီးမြှုပ်နှံ့မှု အကြောင်း များကို အရပ်ဘက် လူထုအခြေပြုအဖွဲ့အစည်းများက တင်ပြချက်များကို လေ့လာခဲ့သည်ဟု ဦးယော်ထုန်က ပြောသည်။

“ကိုလန်ဗီယာက တချိန်လုံး ပြည်တွင်း စစ်ဖြစ်ခဲ့တဲ့နိုင်ငံဖြစ်တယ်။ အဲဒီလို ဖြစ်နေရင်းနဲ့ ကုန်သွယ်မှုတွေကို နှစ်နိုင်ငံ လုပ်လိုက်တဲ့အခါမှာ သူတို့ရဲ့ ဆိုးကျိုးကောင်းကျိုးတွေ လေ့လာတယ်။ အဲဒါကို ယူပြီး ကျနော်တို့ နိုင်ငံနဲ့ ဘယ်လိုမျိုး ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နဲ့ပတ်သက်တဲ့ မူဝါဒတွေ ဘယ်လိုမျိုးတွေက ပိုပြီးတော့ အသုံးတည့်မလဲပေါ့" ဟု၎င်းကဆိုသည်။

အလုပ်ရုံဆွေးနွေးပွဲကို ဇန်န်ဝါရီလ ၃၀ ရက်မှ ဖေေဖော်ဝါရီလ ၁ ရက်ထိ သုံးရက်ကြာ ချင်းမိုင်မြို့တွင် ကျင်းပနေခြင်း ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ အရပ်ဘက် လူထုအခြေပြု အဖွဲ့အစည်းများသက်ရောက်ဆွေးနွေးနေခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အထောက်အကူပြုနိုင်ရန်အတွက် ၂၀၁၃ ခုနှစ် ဇူလိုင်လက ဖွဲ့စည်းထားသော တိုင်းရင်းသားလူမျိုးများရေးရာစင်တာ(ပြည်ထောင်စု မြန်မာနိုင်ငံ) - The Ethnic Nationalities Affairs Center(ENAC) ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly