လမ်းထွက်လျှောက်ဖို့ ကြောက်နေရတဲ့ တာမွေသူတွေ ရှိနေပါတယ်

လမ်းထွက်လျှောက်ဖို့ ကြောက်နေရတဲ့ တာမွေသူတွေ ရှိနေပါတယ်
ဓာတ်ပုံ-မဇ္စျိမ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်မှာနေတဲ့ ဒေါ်ယမင်းခင် မေးလ်နဲ့ ပေးပို့လိုက်တဲ့ စာတစ်စောင်ကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှ လက်ခံ ရရှိခဲ့ပါတယ်။ သူစာထဲမှာ ရေးထား တာကတော့ သူတို့မြို့နယ်အတွင်းမှာ စည်းကမ်းမဲ့ ပြုလုပ်နေကြတဲ့ လုပ်ရပ်တွေကို စည်ပင်နဲ့ တာဝန် ရှိသူတွေအနေနဲ့ အမြန်ဆုံး အရေးယူ တားဆီးပေးဖို့ ရေးပေးလိုက်တဲ့စာ ဖြစ်ပါတယ်။

စာရေးသူဟာ ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးဖြစ်ပြီး တာမွေမြို့နယ် ကျောက်မြောင်းရပ်ကွက်မှာ မွေးဖွားခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။ အရင်က သူတို့မြို့နယ် ရပ်ကွက်တွေဟာ အေးချမ်းသာယာခဲ့ ပေမယ့် အခုအခါမှာတော့ လူတွေ ကားတွေ ရှုတ်ထွေးတာအပြင် စည်းကမ်းမဲ့ လမ်းပေါ်မှာ ရပ်ထားတဲ့ ကားတွေနဲ့ ပလက်ဖောင်ပေါ် တက်ရောင်းနေကြတဲ့ ဈေးသည်တွေ၊ အိမ်နယ်နမိတ်ကို ကျော်လွန်ပြီး လူသွားလမ်းအပေါ်အထိ တိုးချဲ့ နေရာယူထားကြတဲ့ မြေညီထပ် အိမ်ရှင်တွေကြောင့် သွားလာရတဲ့ သူတိုင်း စိတ်အနှောင့်အယှက် ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

ဥပမာအနေနဲ့ ပြောရရင် ကျောက်မြောင်း သတိပဌာန်လမ်း တလျှောက် မိုးလင်းကမိုးချုပ် ရပ်နားထားပြီး ကားအရောင်းအဝယ် ပြုလုပ်နေကြတဲ့ သူတွေက ဥပဒေကို လက်တစ်လုံးခြား လုပ်ပြီး ရပ်နား ရောင်းဝယ်နေကြလို့ ကားတွေ ကျပ်ပိတ်ပြီး လမ်းသွားလမ်းလာတွေမှာ လမ်းလျှောက်သွားဖို့ အခက်အခဲတွေ တွေ့ကြရတယ်လို့ ရေးပါတယ်။ တာမွေဈေးရှေ့တဝိုက် ပလက်ဖောင်းမှာ ၂ ဘက်လုံး မှာလည်း ဈေးဘန်းခင်းပြီး ရောင်းနေကြတာက လမ်းသွားလို့ မရနိုင်အောင် ဖြစ်နေလို့ တစ်ခါတစ်ရံ သူတို့ ဈေးဘန်းကို ထိမိခိုက်မိရင် မကြားဝံ့မနာသာနဲ့ ပက်ပက်စက်စက် အပြောခံကြရပါတယ်။ ရပ်ကွက်ထဲက လမ်းသွယ်တွေမှာ လမ်းကွန်ကရစ် ကတ္တရာခင်းတဲ့ လမ်းဘေး လူလျှောက်လမ်းမှာ အရှေ့တိုးပြီး ပန်းအိုးတွေချ၊ ပစ္စည်းတွေ ချထားတဲ့အတွက် ကားလမ်းပေါ်က လျှောက်ကြရလို့ အမြဲ ပြည့်ကျပ်နေတဲ့ ကားတွေကြောင့် စိတ်ဆင်းရဲစွာနဲ့ မနည်း ကြည့်ရှောင်ပြီး သွားနေရလို့ ယာဉ်အန္တ ရာယ်အတွက် အမြဲ စိုးရိမ်ပူပန်နေကြရတာကို စည်ပင်နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ထိထိရောက်ရောက် တိတိကျကျ ကြပ်မတ်ပေးစေချင်လို့ ရေးလိုက်တဲ့ စာပါလို့ ရေးလာတဲ့ စာကို ဖော်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly