မဘသ ထုတ်ပြန်ချက်ကို ပြည်သူတွေ လိုက်နာကြရမှာလား

.

မဇ္ဈိမ စာဖတ်သူကဏ္ဍကို မေးလ်နဲ့ ပေးပို့ခဲ့တဲ့ စာတစ်စောင်မှာ ရေးသားထားတာကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မဘသရဲ့ ထုတ်ပြန်ကြေညာချက်တွေအပေါ်မှာ စာရေးသူရဲ့ ထင်မြင် ယူဆချက်ကို ရေးသားတာ ဖြစ်ပါတယ်။

ရေးပို့ခဲ့သူက အငြိမ်းစားဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဦးချစ်လှိုင် (အမည်လွှဲ)ဖြစ်ပြီး ဇွန် ၂၂ ရက်က မဇ္ဈိမ ဒီဂျစ်တယ် သတင်းစာမှာ ဖတ်လိုက်ရတဲ့ “လွှတ်တော် အမတ် မှန်ကန်စွာ ရွေးချယ်နိုင်ရေး ပြည်သူများကို မဘသ အဖွဲ့များက ကူညီမည်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားတဲ့ သတင်းတစ်ပုဒ်ကို စိတ်ဝင်စားလို့ ဖတ်မိရာကနေ ရေးချင်စိတ်
ဖြစ်ပေါ်လာလို့ ရေးခဲ့တာလို့ ပြောပါတယ်။

သူဟာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးဖြစ်ပြီး မိဘမျိုးရိုးစဉ်ဆက်မှာလည်း ဗုဒ္ဓဘာသာကို လေးလေးနက်နက်နဲ့ ကိုးကွယ်ယုံကြည်သူတွေ ဖြစ်တယ်ဆိုတာ ဒီစာကို မရေးခင်မှာ ကြိုတင်ပြီး ပြောပါစေလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်က အင်းစိန်မြို့နယ်မှာ ရှိတဲ့ အောင်ဆန်းတောရ ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပခဲ့တဲ့ အမျိုးဘာသာ သာသနာ
စောင့်ရှောက်ရေးအဖွဲ့ (မဘသ) နှစ်နှစ်ပြည့် ညီလာခံမှာ လွှတ်တော်အမတ်များကို မှန်ကန်စွာ ရွေးချယ်နိုင်ရန်
ပြည်သူများကို မဘသ အဖွဲ့များက ကူညီပေးသွားမယ်လို့ တိုက်တွန်းဆုံးဖြတ်ကြောင်း မဘသ ဦးဆောင် ဆရာတော် ဦးပါမောက္ခက မဇ္ဈိမကို မိန့်ကြားတယ်လို့ ဖတ်လိုက်ရပါတယ်။ တဆက်တည်းမှာပဲ ဆရာတော်က “ဘယ်ပါတီကို ရွေးပါဆိုတာကို ပြောမှာ မဟုတ်ဘူး။ ပါတီကို မကြိုက်လည်း အမတ်ကို ကြိုက်ရင် ရွေးချယ်ခိုင်းမှာပါ။

အကောင်အထည်ဖော်တာကတော့ အခု တိုက်တွန်းချက် ထုတ်ပြီးတာနဲ့ စလုပ် လည်း ရပြီ၊ လုပ်မယ့် ရက်ကိုတော့ အတိအကျဆိုပြီး ပြောထားတာ မရှိဘူး” လို့ မိန့်ကြောင်းကိုလည်း ဖတ်လိုက်ရတယ်လို့ ဆိုပါတယ်။

ဒီသတင်းကို ဖတ်ပြီး ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တဲ့ သူစိတ်ထဲမှာ ဘဝင်မကျမိပါဘူး။  ဗုဒ္ဓဘာသာဝင် ရဟန်း သံဃာတွေဟာ ဘာသာ သာသနာကို စောင့်ထိန်းတာ အမျိုးကို စောင့်ရှောက်တာ လက်ခံအားပေးပါတယ်လို့
ပြောပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် ဆောင်ရွက် နေကြတာကတော့ မဟုတ်သေးပါဘူး။ ဒီကိစ္စက
လောကီ လူပုဂ္ဂိုလ်တွေရဲ့ အုပ်ချုပ်ရေးနဲ့ ဆိုင်တဲ့ ကိစ္စဖြစ်တာကို ရဟန်း သံဃာတော်တွေအနေနဲ့ ဝင်ရောက်စွက်ဖက် ချယ်လှယ်တာကတော့ မဖြစ် သင့်ဘူးလို့ သူ့အမြင်ကို ရေးပါတယ်။

သူပြောထားတာက သတင်းစာထဲမှာပဲ ဆရာတော် ဦးပါမောက္ခ က ဘုန်းကြီးတွေ ဝိနည်းနဲ့ မညီလို့ လုပ်မရတာကို လူပုဂ္ဂိုလ်တွေနဲ့ လုပ်မှာ၊ အဲဒီအတွက်လည်း ဝံသာနု ရက္ခိတ အဖွဲ့ဆိုတာ ရှိတယ်၊ အဓိကကတော့ အမျိုးဘာသာ သာသနာကို စောင့်ရှောက်ဖို့ အားပေးမယ့် သူတွေကို ရွေးချယ်နိုင်ဖို့ ပြည်သူတွေကို အသိပေးရခြင်း ဖြစ်တယ်လို့
ပြောထားတာ ဖတ်လိုက်ရပါတယ်။ ဝိနည်းနဲ့ မညီမှန်းသိရက်နဲ့ ထုတ်ပြန်ချက်၊ တိုက်တွန်းချက်တွေ  ထုတ်နေတာ အင်တိုက်အားတိုက် ပြောဆိုနေတာတွေက ဗုဒ္ဓဘာသာ ရဟန်း သံဃာတော်တွေအနေနဲ့ မသင့်တော်ဘူးလို့ သူထင်ကြောင်း ရေးပါတယ်။

မြန်မာနိုင်ငံမှာ ဟိုးရှေးရိုးစဉ်ဆက်ကတည်းက ရွာကျောင်း ဘုန်းတော်ကြီးရဲ့ သြဝါဒကို ခံယူပြီး နေထိုင်လာခဲ့ကြတဲ့ အစဉ်အလာ ရှိပါတယ်။ ရွာကို အုပ်ချုပ်ရတဲ့ သူကြီးတောင် ဆရာတော်ကြီးကို ကြောက်ရွံ့ ရိုသေလေးစားရပါတယ်။ ရွာရဲ့ အရေးကိစ္စ မှန်သမျှကို မည်သည့်ကိစ္စမဆို ဆရာတော် သံဃာတော်တွေကို လျှောက်ထားပြီးမှ ပြုလုပ်ဆောင်ရွက်ကြတဲ့ အစဉ်အလာ ရှိပါတယ်။ ရွာက လူတွေကို ဆရာတော် သံဃာတော်တွေက ကြေညာချက်တွေ ထုတ်ပြန်ချက်တွေ ထုတ်ပြီး လိုက်နာ ခိုင်းတဲ့ အစဉ်အလာ မရှိပါဘူးလို့ ပြောပါတယ်။ အခုလို မဲထည့်ရမယ့် ရွေးကောက်ပွဲ ကိစ္စဟာ လူတိုင်းအတွက်
မွေးရာပါ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ ဒီနေ့ အချိန်အခါမှာ ပွင့်လင်းမြင်သာပြီး နည်းပညာတွေ ထွန်းကားနေတဲ့ အတွက် လူတွေရဲ့ အတွေးအခေါ် အယူအဆတွေဟာ တိုးတက်လာ ပါပြီ။ လွတ်လပ်ရေး ရပြီးခါစလို ၈၈ အရေးအခင်း အပြီး ကာလလို အသိအမြင်မျိုးတွေ မဟုတ်တော့ တာကြောင့် ဘယ်သူ့ကို မဲထည့်ပါ ဆိုတာထက် ဘယ်လိုလူမျိုးကို မဲထည့်သင့်တယ် ဆိုတာကိုပဲ အသိပညာပေးဖို့ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒါကိုလည်း လူပုဂ္ဂိုလ်တွေကပဲ လုပ်ဆောင်ကြရ မယ်လို့ ဆိုပါတယ်။ ရဟန်း သံဃာတွေအနေနဲ့ ရွာကျောင်းဆရာတော်နဲ့ ရွာသူကြီး ဆက်ဆံရေး ပုံစံနဲ့သာ အကြံပြုတာမျိုးပဲ ဖြစ်သင့်ပါတယ်လို့ ပြောပါတယ်။

ဒီသတင်းထဲမှာ မှန်ကန်သည့် အမတ်များကို ရွေးချယ်ရန် ပြည်သူများကို မဘသက ကူညီမည် ဆိုသည့်အပေါ်
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း မည်သည့် အသိပေးခြင်းမျိုးမှ အကြောင်းကြားခြင်း မရှိကြောင်းနဲ့ အမျိုးဘာသာ သာသနာကို စောင့်ရှောက်နိုင်ရေးအတွက် မဘသ က ဆောင်ရွက်ခြင်းသာ ဖြစ်တယ်လို့ ရေးထားတာ ဖတ်ရပါတယ်။ ဒီလိုဆိုရင် တခြားအဖွဲ့အစည်း ဘာသာဝင်တွေကရော ဒီလိုမျိုး ဆောင်ရွက်ခွင့်ရှိလား။ ဆောင်ရွက်ကြရင် မဘသ လိုမျိုး ကော်မရှင်က ကန့်ကွက် အရေးယူတာတွေ မလုပ်ဘဲ နေမှာလားလို့ သူသိချင်ပါတယ်လို့ ပြောပါတယ်။ သူသိထား တာကတော့ ဘာသာရေးဘက်က ပုဂ္ဂိုလ်တွေ အုပ်ချုပ်ရေးဘက်မှာ ဝင်ရောက် စွက်ဖက်တယ်ဆိုတာ တခြားဘာသာတွေမှာ မတွေ့ရဘဲ မဘသတွေနဲ့ အယူအဆ မတူတဲ့ ဘာသာမှာပဲ တွေ့ရပါတယ်။ သူတို့အယူအဆကို မကြိုက်ဘူးဆိုပြီး သူတို့နဲ့တူအောင် လုပ်နေကြတာကိုတော့ သူ့အနေနဲ့ မလိုလား ဘူးလို့ ဆိုပါတယ်။

ပြည်သူ တစ်ယောက်အနေနဲ့ရော၊ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး တစ်ယောက်အနေနဲ့ပါ မဘသ ရဟန်း သံဃာတော်တွေကို လျှောက်ထား တောင်းပန်ချင်တာက စစ်မှန်ပြီး သန့်ရှင်း မွန်မြတ်သန့်စင် တဲ့ ဗုဒ္ဓသာသနာတော် အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက် ပညာရှိ ရဟန်းသံဃာတော်တွေ ဖြစ်တာနဲ့အညီ ချင့်ချင့်ချိန်ချိန် စဉ်းစားပြီးမှ လုပ်ဆောင်ကြစေချင်ပါတယ်လို့ ရေးလာတဲ့စာကို ဖော်ပြလိုက်ပါတယ်။

Tags: