ထိုင်းတွင်မြန်မာအလုပ်သမား ၂၀၀ကျော် လုပ်ခလစာမရရှိ၍ တောင်းဆို

ထိုင်းတွင်မြန်မာအလုပ်သမား ၂၀၀ကျော် လုပ်ခလစာမရရှိ၍ တောင်းဆို
ဓာတ်ပုံ-ချင်းမိုင် အထွေထွေကောင်စစ်ဝန်ရုံး

ချင်းမိုင်၊ ဇန်နဝါရီ ၂၉ ။             ။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ  ဆောက်လုပ်ရေးကုမ္မဏီ ၃ခုတွင် အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၀၀ ကျော် မှာ တစ်လကျော်ကြာသည့်အထိ  လုပ်အားခ မရရှိသဖြင့် မြန်မာကောင် စစ်ဝန်ရုံးမှ တဆင့် ထိုင်းအလုပ်သမား ကူညီစောင့်ရှောက်ရေးရုံးသို့ တောင်းဆိုမှုများ ရှိနေသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၀၀ ကျော်က ဇန်နဝါရီ ၂၇ ရက်နေ့တွင် တွင် ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးသို့ စာရွက်စာတမ်းများနှင့်အတူ လုပ်အားခရရှိရေးအတွက် ကူညီဖြေရှင်းပေးရန်   တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

လုပ်အားခ မရရှိသော တခြားမြန်မာအလုပ်သမား ၁၀၀ ကျော်အတွက်လည်း ဆက်လက် တောင်းဆို သွားမည် ဖြစ်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုစိုင်းဟန်ကြီးက ပြောသည်။

“ကျနော်တို့ ပိုက်ဆံမရတာ တလခွဲ ရှိပြီ။ တစ်ချို့က နှစ်ပတ်စာ ၁ သောင်းကျော်၊ တစ်ချို့ဆိုရင် ၂ သောင်း ကျော် ရရမယ်။ ကျနော်က တစ် သောင်း ကျော် မရသေးဘူး။ ပိုက်ဆံအားလုံး ဘတ်ငွေ ၃ သန်းကျော် ရရမယ်။ ဒါကြောင့် တောင်းဆိုတာပါ။ ကျနော်တို့ စာရင်း တင်ဖို့ သုံးဖွဲ့ ရှိတယ်။ ၂ ဖွဲ့က လက်မှတ် မထိုးရသေးလို့ မတင်တာ”ဟု ကိုစိုင်းဟန်ကြီးက မဇ္ဈိမကို ပြောသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ၁၅ ရက်လျှင် တစ်ကြိမ် လုပ်အားခ ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှစတင်၍ တစ်လခွဲကျော်ကြာ လုပ်အားခ မရရှိတော့သဖြင့် ရွှေ့ပြောင်း အလုပ် သမားအဖွဲ့ချုပ်(Migrant Workers Federation) စာရင်းကောက်ယူကာ ဇန်နဝါရီလ ၂၇ ရက်က ချင်းမိုင်ခရိုင် အလုပ်သမားကူညီစောင့် ရှောက်ရေးရုံးသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

“မနေ့က သူတို့ (ထိုင်းအလုပ်သမားရုံးက တာဝန် ရှိသူ)တွေ ပြောတာက ဒီလထဲမှာကို စစ်ဆေးရေး လုပ်မယ်။ စစ်ဆေးရေးလုပ်ပြီး ၁၅ ရက်အတွင်း ဝရမ်းထုတ်ပြီး ရှာမယ်။ ရှာပြီး မတွေ့ဘူးဆိုရင် သူတို့ စိုက်ပေးမယ်လို့ ပြောတယ်”ဟု သူက ပြောသည်။

အလုပ်ရှင်မှ မြန်မာအလုပ်သမားများကို ပုံမှန်အားဖြင့် ၆ ရက် နှင့် ၂၁ ရက်နေ့များတွင် တစ်လလျှင် နှစ်ကြိမ် လုပ်အားခ ထုတ်ပေးခဲ့သဖြင့် လာမည့် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကုမ္ဗဏီ အလုပ်ရှင်မှ လုပ်အားခ မဖြေရှင်းပေးပါက ဖေဖော်ဝါရီလ ၈ ရက်မှစတင်၍ ၎င်းကုမ္ပဏီ အလုပ်ရှင်အား ဖမ်းဝရမ်း ထုတ်၍ ဖမ်းဆီးအရေးယူသွားမည် ဖြစ်ကြောင်း ထိုအလုပ်သမားများအား ကူညီဆောင်ရွက်   ပေးနေသော လူ့အခွင့်အရေး ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(Human Right Devopment foundation (HRDF) မှ မငွေဦးက မဇ္ဈိမကို ပြောသည်။

ထို့ပြင် လာမည့် ဖေဖော်ဝါရီလ ၁ ရက်တွင်လည်း လုပ်အားခ မရရှိသေးသော မြန်မာ အလုပ်သမား ၁၀၀ ကျော်အတွက် လုပ်အားခ ရရှိရေးအတွက် ထိုင်းအလုပ်သမား ကူညီစောင့် ရှောက်ရေးရုံးသို့ သွားရောက် တောင်းဆိုမည် ဖြစ်ကြောင်း သူက ဆက်လက် ပြောဆိုသည်။

“ကျွန်မတို့က ဥပဒေအရ ဘာတွေ လိုသလဲ ဆိုတာ ကူညီပေးတယ်။ အလုပ်သမားရပိုင်ခွင့်တွေကို ရှင်းပြပေးတယ်။ ကျွန်မတို့ကနေ အလုပ်သမားရုံးကို စာရွက်စာတမ်းတွေနဲ့ သွားတိုင်းပေးထားတယ်။ ထပ်တင်မယ်။ လုပ်အားခမရတဲ့ အလုပ်သမား အားလုံး ၃၀၀ လောက်ရှိတယ်။ အခုကျန်တာ ၁၀၀ ကျော် ထပ်လာတောင်းဆိုတယ်”ဟု သူက ပြောသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများက ဇန်နဝါရီလ ၂၇ ရက်နေ့တွင် မြန်မာကောင်စစ်ဝန်ရုံးသို့ အကူအညီ တောင်းဆိုခဲ့သဖြင့် ကောင်စစ်ဝန်က အလုပ်သမားကူညီစောင့်ရှောက်ရေးရုံးမှ တာဝန်ရှိ သူများနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်၍ အလုပ်သမားများ၏ ရပိုင်ခွင့်များ ဆုံးရှုံးမှု မရှိစေရန် ကူညီ ဆောင်ရွက်ပေးခဲ့သည်ဟု မြန်မာကောင်စစ်ဝန် ဦးကောင်ဆန်းလွင်က ပြောသည်။

ဆွေးနွေးမှုတွင် ထိုင်းအလုပ်သမားကူညီစောင့်ရှောက်ရေးရုံးမှ ဥပဒေအရ နှစ်လအတွက် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကာ ကုမ္ဗဏီပိုင်ရှင်မှ လာရောက် ဖြေရှင်းခြင်း မရှိပါက အမှု စတင် တည်ဆောက်သည့်နေ့ မှစ၍ ရက်ပေါင်း ၉၀ အတွက် မြန်မာအလုပ်သမား တစ်ဦးအား တစ်ရက်လျှင် ဘတ် ၃၀၀ နှုန်း ကူညီပေးသွားမည် ဖြစ်ကြောင်း သူက မဇ္ဈိမကို ပြောသည်။

“ဒီက အလုပ်သမားကူညီစောင့်ရှောက်ရေးရုံးက အရာရှိတွေနဲ့ ကျနော်တို့ရုံးမှာ ခေါ်တွေ့ပြီးတော့ လုပ်ထုံး လုပ်နည်း အတိုင်း ဆက်လုပ်သွားမယ်။ အကြမ်းအားဖြင့် ကုမ္ဗဏီသူဌေးကို ဆင့်ခေါ်မယ်။ ၁၅ ရက် ချိတ် ပိတ်ပြီးရင် သူ့ကို တရားခံပြေးအဖြစ် ကြေငြာမယ်။ ဒီအမှု ၂ လအတွင်းမှာ အပြီးဆောင်ရွက်ပေးမယ်။

ဒီကြားထဲမှာ ရက်ပေါင်း ၉၀ အလုပ်သမားမှန်တဲ့ ဗီဇာရှိမယ်။ အလုပ်လုပ်ခွင့်(work permit) ရှိမယ်။ အဲဒီအလုပ်သမားတွေအတွက်ကို တစ်ရက်ကို ၃၀၀ နှုန်းနဲ့ အလုပ်သမားရုံးက ကူညီထောက်ပံ့မယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ထို့ပြင် ဇန်နဝါရီ ၂၈ ရက်က ယင်းဆောက်လုပ်ရေးကုမ္မဏီမှ အလုပ်သမား ၅၀ ဦးခန့်ကလည်း လုပ်အားခ ရရှိရန်အတွက် ထပ်မံတင်ပြတောင်းဆို လာသဖြင့် ထိုင်းအလုပ်သမား ကူညီစောင့်ရှောက်ရေးရုံးမှ ထပ်မံ တိုးမြင့် ဖြည့်စွက်ပေးခဲ့သည်ဟု သူက ပြောသည်။

ချင်းမိုင်မြို့တွင် မြန်မာကောင်စစ်ဝန်ရုံး ဖွင့်လှစ်ခဲ့ပြီးနောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ပထမဆုံး အကြိမ်အဖြစ် ကူညီဖြေရှင်းပေးခဲ့ခြင်း ဖြစ်သည်ဟု ကောင်စစ်ဝန်   ကျော်ဆန်းလွင်က   ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly