လွှတ်တော်အတည်ပြုခဲ့တဲ့ စုပေါင်းအဆောက်အဦဆိုင်ရာ ဥပဒေကြမ်းကြောင့် အိမ်ခြံမြေစျေးကွက် ဘာဆက်ဖြစ်မလဲ

လွှတ်တော်အတည်ပြုခဲ့တဲ့ စုပေါင်းအဆောက်အဦဆိုင်ရာ ဥပဒေကြမ်းကြောင့် အိမ်ခြံမြေစျေးကွက် ဘာဆက်ဖြစ်မလဲ
ပုံစာ - ရန်ကုုန်မြို့ အဆောက်အဦးဆောက်လုုပ်နေသည့် လုုပ်ငန်းခွင်အားတွေ့ရစဉ်။ ဓာတ်ပုံု - မဇ္စျိမ

ရန်ကုန်၊ ဇန်နဝါရီ ၂၉ ။             ။ ဇန်နဝါရီလ ၂၂ ရက်က စုပေါင်းအဆောက်အဦးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပါတယ်။ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတွေကတော့ ဒီဥပဒေဟာ အားလုံးမျှော်လင့်နေတဲ့အချိန်မှာ ထွက်ပေါ်လာတာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ ဒီဥပဒေအတိုင်းသာဆိုရင် စုပေါင်းပိုင်အဆောက်အဦးရဲ့ ၄၀ ရာခိုင်နှုန်းထက်မပိုတဲ့ အိမ်ခန်းတွေကို နိုင်ငံခြားသားတွေက ဝယ်ယူလို့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်းအိမ်ခြံမြေဈေးကွက်ထဲမှာ အရောင်းအဝယ်ပိုဖြစ်လာ လိမ့်ဆိုတဲ့ အသံတွေ အပြင်မှာ ထွက်ပေါ်နေပါတယ်။

နှစ်ပိုင်းအနည်းငယ်ထဲ အရောင်းအဝယ်သိပ်မဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံအိမ်ခြံမြေဈေးကွက်က ဒီစုပေါင်းအဆောက်အဦးဆိုင်ရာဥပဒေ ကွန်ဒိုမီနီယံဥပဒေကြောင့် လှုပ်လှုပ်ရှားရှားဖြစ်လာမလားဆိုတာ စိတ်ဝင်စားစရာပါ။ အိမ်ခြံမြေလောကသားတွေကတော့ ဒီဥပဒေမူကြမ်းကို လွှတ်တော်က အတည်ပြုနိုင်ခဲ့လို့ ဒါဟာအချိန်အခါကောင်းပဲလို့ ယုံကြည်နေကြတာပါ။

"ဒီကွန်ဒိုမီနီယံ ဥပဒေပေါ်ပေါက်လာတဲ့ အတွက်က အခုလို ထိုင်းမှိုင်းနေတဲ့ အိမ်ခြံမြေဈေးကွက် တစ်နည်းတစ်ဖုံ ပြန်ပြီးတော့ သွက်လက်နိုင်စရာရှိတယ်။ တချိန်ထဲမှာ ဒီလိုအခန်းရောင်းချမှု အားကောင်းဖို့ကို မျှော်လင့်ပြီးတော့ တည်ဆောက်နေတဲ့ ကွန်ဒိုမီနီယံဆောက်လုပ်ရေးလုပ်ငန်းရှင်များ အတွက်လည်း ဈေးကွက်ကျယ်ပြန့်လာနိုင်တဲ့ အတွက်ကြောင့်မို့လို့   ဆောက်ပြီးကာမှ   ရောင်းရတဲ့အနေထား နည်းပါးတဲ့ ခက်ခဲဒုက္ခမျိုးမကြုံတွေ့တော့ပဲနဲ့ အဆင်ပြေမယ့်သဘော ဈေးကွက်ကျယ်ပြန့်လာမယ့် သဘောရှိတာကြောင့် ဒါဟာ အားလုံးအတွက် ကောင်းတဲ့ သဘောဖြစ်ပါတယ်။"လို့ မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ဦးသန်းဦးက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ အိမ်ခန်းရောင်းချမှု အားကောင်းဖို့ကို မျှော်လင့်ပြီး တော့ ကွန်ဒိုဈေးကွက်ကျယ်ပြန့်လာနိုင်တယ်လို့ ဦးသန်းဦးက သုံးသပ်ထားပါတယ်။

ဒီဥပဒေကြမ်းအရ စုပေါင်းအဆောက်အဦးရဲ့ ၄၀ ရာခိုင်နှုန်းထက်မပိုတဲ့ ကွန်ဒိုအိမ်ခန်းတွေကို ဝယ်ယူလို့ရနိုင်မှာပါ။ ဒီအပေါ်မှာ နိုင်ငံခြားသားတွေအနေနဲ့ ကွန်ဒိုတိုက်ခန်းဝယ်ယူမှုများလာနိုင်ပြီး   ဈေးကွက်အတွင်း ဈေးနှုန်းအနည်းငယ် မြင့်တက်မှုတွေဖြစ် ပေါ်လာနိုင်တယ်လို့ ဝေဖန်မှုတွေတော့ ရှိလာနေပါတယ်။

ဒီအပေါ်မှာ အွန်လိုင်းအိမ်ခြံမြေအရောင်းအဝယ်လုပ်ကိုင်နေသူ ဦးနေမင်းသူ ကတော့ လာမယ့်နှစ်တွေထဲမှာ ကွန်ဒိုနဲ့ တိုက်ခန်းအသစ်တွေ တော်တော်များများ ပေါ်ထွက်လာမှာဖြစ်ပြီး အရောင်းအဝယ်ဈေးကွက်မှာ ဘက်မျှမှုတွေဖြစ်ပေါ် မှာကြောင့် တည်ငြိမ်တဲ့ဈေးကွက်ဖြစ်လာမယ်လို့ သုံးသပ်ထားပါတယ်။

"ဒီကွန်ဒိုမီနီယံ ဥပဒေက နိုင်ငံခြားသားတွေကို ရောင်းချမှာ ဖြစ်တဲ့အတွက်ကြောင့် ဝယ်လိုအားဘက်က အနည်းငယ် တက်လာလိမ့်မယ် ဒါပေမယ့် တဖက်က ပြန်ကြည့်မယ်ဆိုရင် ရောင်းလိုအားကလဲ ဒီ၂၀၁၆ ထဲမှာပေါ့နော် ကွန်ဒိုမီနီယံအသစ်တွေ တိုက်ခန်း အသစ်တွေ အများအပြားပေါ်ထွက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ တိုက်ခန်းအသစ်ပေါင်း လေးသောင်းကနေ ငါးသောင်းထိ ပေါ်ထွက်လာမယ်လို့ ကျတော်တို့ ခန့်မှန်းထားပါတယ် အဲတော့ ဝယ်လိုအားလည်းတက်လာမယ်။ ရောင်းလိုအားလဲတက်လာမယ်ဆိုတော့ နှစ်ခု ပြန်ယှဉ်လိုက်မယ်ဆိုရင် ကျတော် သုံးသပ်တာကတော့ ရောင်းလိုအားပိုလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်၊ ဈေးနှုန်းအနေနဲ့ တက်မယ်လို့တော့ မမျှော်မှန်းထားပါဘူး။" လို့ iMyammarHouse.com ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ဦးနေမင်းသူက ပြောပါတယ်။

လက်ရှိတည်ဆောက်ပြီးစီးနေတဲ့ မြန်မာနိုင်ငံက ကွန်ဒိုအိမ်ခန်းတွေမှာ ကွန်ဒို စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီတဲ့ အဆောက်အဦးတွေက ၁၅ ရာခိုင်နှုန်းအောက် မှာပဲရှိတယ်လို့ သိရပါတယ်။

ဒီဥပဒေကြမ်းနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်းဝန်ဆောင်မှုလုပ် ငန်း လုပ်ကိုင်နေသူ နိုင်ငံခြားသားတစ်ယောက်ဖြစ်တဲ့ JOVAGO ခရီးသွားဝန်ဆောင်မှုလုပ်ငန်းက အုပ်ချုပ်မှု ဒါရိုက်တာ Mr.Hugo Schleicher ကလည်း အခုလို သုံးသပ်ထားပါတယ်။

"ဒီဥပဒေထွက်ပေါ်လာတာ အရမ်းကောင်းပါတယ်၊ ဒါပေမယ့် နောက်ထပ်ဆောက်လုပ်မယ့်အရာတွေအတွက် ဆုံးဖြတ်ချက်ချတဲ့ နေရာမှာ စွန့်စားလုပ်ကိုင်ရမှာအမှန်ပါ။ဒီအပေါ်မှာ ဆောက်လုပ်ရေး လုပ်ငန်းတွေ  ပိုပြီးတွင်ကျယ်လာမယ်၊ ယှဉ်ပြိုင်မှုတွေပိုပြီးများလာမယ်။"

သူ့အနေနဲ့ကတော့ ဒီမှာ လာရောက်ရင်းနှီးမြှုပ်နှံတာ ဖြစ်တဲ့အတွက် လုပ်ငန်းပဲ လုပ်ကိုင်ပြီး မြန်မာနိုင်ငံမှာ ကွန်ဒိုဝယ်ယူဖို့ အစီစဉ်မရှိဘူးလို့ ဆက်ပြောပါတယ်။ ကွန်ဒို ဥပဒေကို ၂၀၁၂ ခုနှစ်လောက်ထဲက ရေးဆွဲခဲ့တာဖြစ်ပြီး အခုထွက်လာတဲ့ ဥပဒေထဲမှာ တိကျတဲ့ ပြဋ္ဌာန်းချက်တွေ မပါဘူးလို့ အိမ်ခြံမြေ အသိုင်းအဝိုင်းက ဆိုပါတယ်။ ဒီဥပဒေက အိမ်ခြံမြေဈေးကွက်ကို ဘယ်လို      အကျိုးသက်ရောက်မှု  ထပ်ရှိနိုင်မလဲဆိုကတော့ နောက်ထပ်တစ်နှစ်လောက် စောင့်ကြည့်ရဦးမှာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly