ဒုံးကျည်စမ်းသပ်ရန် မြောက်ကိုရီးယား စိုင်းပြင်းနေဖွယ်ရှိဟု အမေရိကန်ပြော

ဒုံးကျည်စမ်းသပ်ရန် မြောက်ကိုရီးယား စိုင်းပြင်းနေဖွယ်ရှိဟု အမေရိကန်ပြော

ဝါရှင်တန်၊ ဇန်နဝါရီ-၂၉ ။            ။ မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်ရာ နေရာရှိ လှုပ်ရှားမှုများက မကြာမီတွင် တာဝေးပစ်ဒုံးကျည်ကို စမ်းသပ်ရန် စိုင်းပြင်းနေကြောင်းကို ညွှန်ပြနေသည်ဟု အမေရိကန်အာဏာပိုင်များက ပြောကြားခဲ့သည်။

ဤသံသယများမှာ မြောက်ကိုရီးယား၏ အနောက်ဘက်ကမ်းရိုးတန်းပေါ်ရှိ ဆိုဟဲ ဂြိုဟ်တု လွှတ်တင်ဌာနကို ဂြိုဟ်တုမှ ရိုက်ယူထားသည့် ဓာတ်ပုံများအပေါ် အခြေခံ ၍ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။

မြောက်ကိုရီးယားက ထိုဂြိုဟ်တု လွှတ်တင်ရုံကို ၂၀၁၂ခုနှစ်တွင် စတင်အသုံးပြုလာခဲ့ပြီး ကမ္ဘာပတ်လမ်းထဲသို့ ဂြိုဟ်တုတစ်လုံးလွှတ်တင်ရန် ဒုံးပျံကို စမ်းသပ်ရန်ဟု ပြောနေသော်လည်း အမေရိကန်အာဏာပိုင်များကမူ ယင်းမှာ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်နည်းပညာကို စမ်းသပ်ရန် လှည့်ကွက်မျှသာဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။ အမေရိကန်ဝေဖန်သုံးသပ်သူများကမူ   မြောက်ကိုရီးယားမှာ ပတ်လမ်းထဲသို့ လွှတ်တင်သည့် တတိယအဆင့်တွင် အရေးနိမ့်သွားခဲ့သည်ဟု ဆုံးဖြတ်ခဲ့ကြသည်။

မကြာသေးမီက ထောက်လှမ်းသိရှိရသည့် ဆိုဟဲ ဂြိုဟ်တုလွှတ်တင်ရုံမှ လှုပ်ရှားမှုများအရ ဒုံးပျံလောင်စာများနှင့် ဒုံးကျည်အစိတ်အပိုင်းများ ရောက်ရှိနေဖွယ် ရှိသည်ဟု အမေရိကန် အရာရှိတစ်ယောက်က ပြောကြားခဲ့သည်။

အကယ်၍ မြောက်ကိုရီးယားအနေဖြင့် ဂြိုဟ်တုစမ်းသပ်နေကြောင်း လူသိရှင်ကြား ကြေညာလာခဲ့ပါက မစမ်းသပ်မီတွင် လေကြောင်းနှင့်ရေကြောင်းကို သတိပေးချက်များ ထုတ်ပြန်လာနိုင်ဖွယ်ရှိရာ ယင်းနှင့်တပါတည်း လွှတ်တင်မည့် ရက်ကိုပါ ခန့်မှန်း၍ ရနိုင်မည်ဟု အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုမှာ ၎င်းက ဟိုက်ဒရိုဂျင်ဗုံးဟု ပြောသည့် မြေအောက် နျူကလီးယားစမ်းသပ်မှုအပြီး ရက်သတ္တ သုံးပတ်အကြာတွင် ကင်ဂျုံအန်၏ နောက်ထပ် ရန်စသည့် လုပ်ရပ်တစ်ခုပင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly