ခရမ်းသီး ဘယ်လိုစိုက်၊ ဘယ်လို ရောင်းကြမလဲ

29 January 2016
ခရမ်းသီး ဘယ်လိုစိုက်၊ ဘယ်လို ရောင်းကြမလဲ

ခရမ်းပင်ကတော့ အပူကြိုက် သီးနှံတစ်ခုဖြစ်ပြီးတော့ နှစ်ရှည်သီးနှံပင်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ချင်းစိုက်ပျိုးပြီးလည်း စားသုံးနိုင်ပါတယ်။ အသီးကိုသာစားရတဲ့အပင်မျိုးဖြစ်ပါတယ်။ အပင်ရဲ့အမြင့်ကတော့ တစ်ပေကနေ သုံးပေအထိမြင့်ပြီးတော့ အပင်ရဲ့အကျယ်ကတော့ တစ်ပေကနေ သုံးပေအထိ ကျယ်ပါတယ်။ ခရမ်းပင်ကိုတော့ အိန္ဒိယနိုင်ငံမှာ စတင်ခဲ့ပေမယ့် အခုအခါမှာဆိုရင်တော့ တစ်ကမ္ဘာလုံး စားသုံးတဲ့ အသီးအနှံတစ်မျိုး ဖြစ်နေပါပြီ။ ခရမ်းပင်က ဂျပန်မျိုး၊ တာကီမျိုး၊ အီတလီမျိုး၊ အစရှိသဖြင့် မျိုးပေါင်းများစွာ ပေါ်ထွက်လာပါတယ်။ ခရမ်းသီးကို အချို့ကတော့ အချစ်ပန်းသီး ဥယျာဉ်ဥ၊ သြဘာဂျင်း၊ ဆင်ရဲသား၏ဘီယာငါး စသည်ဖြင့် အမျိုးမျိုး မှည့်ခေါ်ကြပါတယ်။

ခရမ်းသီးကတော့ အခွံက ချောမွေ့ပြီး ဟင်းသီးဟင်းရွက် အသားငါးတို့နဲ့လည်း တွဲဖက်ချက်ပြုတ် စားသုံးနိုင်ပါတယ်။ အဖြူရောင် အစိမ်းရောင်၊ ခရမ်းရောင်၊ လိမ္မော်ရောင်၊ အစင်းကျား၊ အရောင်အမျိုးမျိုးနဲ့ ဘဲဥပုံ အလုံးပုံစံ အလုံးအသေးရှည်နဲ့ အလုံးကြီး စသဖြင့် ပုံစံအမျိုးမျိုး ရှိပါတယ်။ အလုံးသေးသေးနဲ့ ရှည်ရှည်မျောမျော အသီးတွေကတော့ အာရှနဲ့ အီတလီမျိုးတွေ ဖြစ်ပြီးတော့ အထွက်နှုန်းကောင်းမွန်ခြင်း စိုက်ပျိုးရတာ လွယ်ကူခြင်းတို့ကြောင့် ထင်ရှားလှပါတယ်။

ခရမ်းပင်ကို စိုက်ပျိုးတော့မယ်ဆိုရင်တော့ မြေ ကွက်ကို ညက်နေအောင် ထွန်ယက်ပြီး ခရမ်းစိုက်ဘောင်တွေကို ဖော်ပေးရပါတယ်။ ခရမ်းစိုက်ဘောင်တွေရဲ့ အပေါ်ကနေပြီးတော့  မြေသြဇာဖြစ်တဲ့   နွားချေး ကြက်ချေး တစ်လက်မ ဒါမှမဟုတ် နှစ်လက်မခန့် ဖြူးပေးရပါတယ်။ ခရမ်းကို စိုက်ပျိုးတဲ့ အခါမှာတော့ မျိုးစေ့ကို အပင်ဖောက်ပြီး အပင်ပေါက်ကို စိုက်ပျိုးခြင်းနဲ့ မျိုးစေ့ကို တိုက်ရိုက်ချပြီး စိုက်ပျိုးခြင်းဆိုပြီး နှစ်မျိုး စိုက်ပျိုးနိုင်ပါတယ်။ အေးတဲ့နေရာ ဒေသတွေမှာဆိုရင်တော့ ခရမ်းစိုက်ဘောင်တွေကို နှစ်ပတ်ခန့် ကြိုပြီးတော့ ပလတ်စတစ် အနက်ရောင်နဲ့ အုပ်ထားသင့်ပါတယ်။ တစ်ပင်နဲ့ တစ်ပင်ကိုတော့ ၁၈ လက်မကနေ ၂၄ လက်မထိ ခြားပြီး ပျိုးပေးရမှာပါ။

ခရမ်းပင်ကတော့ အစိုဓာတ်နဲ့ အပူချိန်ကို ကြိုက်နှစ်သက်ပါတယ်။ ဒါကြောင့် ရေကိုလည်း တစ်နေ့ကို တစ်ကြိမ် နှစ်ကြိမ် လောင်းပေးရန် လိုအပ်ပါတယ်။ ပေါင်းမြက်တွေကိုလည်း ရှင်းလင်းပေးရမှာပါ။  မျိုးပင်ပေါက်များကို စိုက်ပျိုးပြီး ရက်ပေါင်း ၆၀ ကနေ ၉၀ အတွင်းမှာ ခရမ်းသီးများကို ခူးဆွတ်နိုင်မှာ ဖြစ်ပါတယ်။ စွတ်ခူးရာမှာလည်း အသီးခေါင်းပေါ်က အအုပ်လေးကို မထိခိုက်စေပဲ အညှာပါအောင် ဖြတ်ယူရမှာပါ။ အသီးကတော့ အပြင်ဘက်က ကြမ်းပေမယ့် အသားကတော့ နူးညံတဲ့ အတွက်ကြောင့် အသာအယာကိုင်တွယ်ဖို့တော့ လိုအပ်ပါတယ်။

ခရမ်းပင်မှာတော့ ခေါင်ညွန့်ထိုးပိုးနဲ့ သီးလုံးဖောက်ပိုး စတာတွေ ကျရောက်နိုင်တဲ့ အတွက်ကြောင့် သီးလုံးဖြတ် ပိုးသတ်ဆေးနဲ့ ကာကွယ်နှိပ်နှင်းနိုင်ပါတယ်။ ဒါ့အပြင် အရမ်းချဉ်နဲ့ အားလူးသီးတို့မှာ ကျရောက်တဲ့ ရောဂါပိုးတွေကိုလည်း ကျရောက်နိုင်ပါတယ်။ ရောဂါပိုးကို ကာကွယ်ရန် ခရမ်းခင်းကိုတော့ သုံးနှစ်တစ်ကြိမ် ပြောင်းရွေ့ စိုက်ပျိုးနိုင်ပါတယ်။ အားလူး၊ခရမ်းချဉ်၊ ငရုပ်စတဲ့ သီးနှံတွေ စိုက်ပျိုးထားတဲ့ မြေကွက်ကိုတော့ ခရမ်းစိုက်ပျိုးခြင်း မပြုတာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ခရမ်း စိုက်ပျိုးနေသူ တစ်ဦးဖြစ်တဲ့ ကိုဝင်းဆွေကလည်း ခရမ်းပင် စိုက်ပျိုးနည်းနဲ့ ပတ်သက်ပြီးတော့ အခုလို ရှင်းပြပါတယ်။

ကျွန်တော်ကတော့ လက်ရှိခရမ်းနှစ်မျိုး စိုက်ထားပါတယ် ခင်ဗျ။ အခုလက်ရှိစိုက်တာတော့ ထောပတ်ပေါ့။ ဟိုဘက်တစ်ခြံကတော့ အညိုရောင် ပဒေသာ ခရမ်းပါ ခင်ဗျ။ ထောပတ်ခရမ်းကတော့ ပျိုးပင်ကို အရင်ဆုံး လုပ်ရပါတယ် ။ ပျိုးပြီးမှ ဒါစိုက်ရတာပါ ခင်ဗျ။ တစ်လခွဲ နှစ်လလောက်ဆိုရင် ဒါစတင်ပြီးတော့ ခူးရပါပြီ။

ပဒေသာကြတော့ ကျွန်တော်တို့  ပျိုးပြီးတော့ ပျိုးထုပ်ကို မထုတ်ပဲနဲ့ ပျိုးပင်ပဲ ကောက်စိုက်လိုက်တာပေါ့။ ခရမ်းကတော့ ပြုစုရတဲ့ နေရာကတော့ အတူတူပါပဲ။ ကွာခြားချက်ကတော့ မရှိပါဘူး ခင်ဗျ။ ပဒေသာဆိုတာတော့ တို့စားတဲ့ အမျိုးပေါ့။ ဒီကောင်တွေကတော့ တစ်ချို့ ဖုတ်လည်း စားကြပါတယ်။ ကျွန်တော်တို့ဆိုရင် ခရမ်းသီး ဒီလိုဖြစ်အောင် ဆေးဆိုရင် လေးရက်ခြားတစ်ခါဖြန်းရပါတယ်။ ခရမ်းက ပိုးအရမ်းကြိုက်တာ ခင်ဗျ။ ကျွန်တော်တို့ ၇ရက်တစ်ခါဖြန်းတယ်။ ခူးပြီးတာနဲ့ ပုလဲပေါက်ပေးရပါတယ်။ သီးလုံးလှအောင်ရော ကာလာလှအောင်ရော လုပ်ပေးရပါတယ်။ တင်ပို့ရောင်းချတာကတော့ ဒီမှာ ဖောက်သည်ပဲ ပေးရတာ ခင်ဗျ။ ခရမ်းကတော့ လွယ်ပါတယ် ခင်ဗျ။ အလုပ် လုပ်ရတာ။ ရောင်းဝယ်ပိုင်းလည်း ဈေးနှုန်းကတော့ ဒီနှစ်ဆို ကောင်းပါတယ်။ အရင်နှစ်တွေကတော့ သိပ်မကောင်းကြဘူး။

ကျွန်တော်တို့ ပထမဆုံးတော့ ဘောင်ကို အရင်ဆုံး လုပ်ရပါတယ်ခင်ဗျ။ ဘောင်လုပ်တယ်ဆိုတာ ဘောင်ကို ပေါက်တယ်။ ပေါက်ပြီး မြေဆွေးတွေ ထည့်ရပါတယ်။ မြက်တွေဘာတွေ ရှပ်တယ်။ ရှပ်ပြီးမှ အဲအပေါ်မှာဘောင်ပြန်လုပ်ရပါတယ်။ ဘောင်လုပ်ပြီးတာနဲ့ ကျွန်တော်တို့ ဆယ်ရက်လောက်ထိ မြေကိုလှပ်ထားရပါတယ် ခင်ဗျ။ အဲမှာ ကြက်ချေးတွေ ဘာတွေနဲ့ ကျွန်တော်တို့ လုပ်ထားရပါတယ်။ အဲလုပ်ပြီးမှ ပျိုးထားတဲ့ ပျိုးထုပ်နဲ့ ခရမ်းပင်ကို စိုက်ရပါတယ်။ စိုက်ပြီး ၁၅ရက်လောက်ရှိရင် ကျွန်တော်တို့ အစာနုဆိုတာ ပြန်ကျွေးရပါတယ်။ အဲကြက်ချေးလေး တွေ ထပ်ကျွေးရပါသေးတယ်။ အဲကျွေးပြီးမှ ဆေးတွေ လိုက်ရပါတယ်။

အပွင့် ပွင့်ပြီဆိုရင် ဆေးဖျန်းပေးရပါတယ်။ အသီးသီးတဲ့ အချိန်ကျတော့ ကျွန်တော်တို့ အားဆေးတွေ ဖျန်းပေးရပါတယ်။ ရေကတော့ တစ်နေ့ကို တစ်ခါလောင်းပါတယ်။

အသီးအရောင်တောက်ပချိန်မှာ ခရမ်းသီးကို စားသုံးရန်အကောင်းဆုံး ဖြစ်ပါတယ်။ အရောင်မှိုင်းသွားပြီဆိုရင်တော့ အသီးအရင့်လွန်ပြီး စားသုံးရန် ကောင်းတော့မှာ မဟုတ်ပါဘူး။ အသီးများကို ပုံမှန်ခူးပေးခြင်းအားဖြင့်လည်း အသီးထွက်နှုန်းကို ကောင်းမွန်စေပါတယ်။ ခရမ်းသီး တစ်ရာဂရမ်မှာ ပါဝင်တဲ့ ဓာတ်တွေကတော့ အစိုဓာတ် ၉၂.၇ ဂရမ်၊ ပရိုတင်း ၁.၄ ဂရမ်၊ အဆီဓာတ် ဝ.၃ ဂရမ်၊ အခြားဓာတ် ဝ.၃ ဂရမ်နဲ့ အမျှဉ်ဓာတ်၊ ကယ်လိုရီ၊ မဂ္ဂနီဆီယမ်၊ ဗီတာမင်အေ၊ ဗီတာမင်စီ စတဲ့ အဟာရဓာတ်များ စွာ ပါဝင်ပါတယ်။ ကုန်စိမ်းရောင်းချနေသူများကိုလည်း ခရမ်းသီးဈေးကွက်နဲ့ ပတ်သက်ပြီးတော့ မအေးဖြူးစိုးကိုလည်း အခုလို မေးမြန်းဖြစ်ခဲ့ပါတယ်။

ခရမ်းသီးကို ဘယ်ရာသီမှာ ရောင်းတာလဲ။

 မအေးဖြူစိုး……….ခရမ်းသီးကတော့ ရာသီစုံရောင်းတယ်။ ပေါတာကတော့ ဒီလိုချိန်ပဲ ပေါတာပေါ့နော်။ ဈေးအမြင့်ဆုံးက နွေပိုင်းပဲ ဖြစ်တယ်။ ထက်ဝက်လောက်ကွာတယ်။ အခု ၆၀ ဆို ဟိုမှာ ၁၂၀ လောက် ကွာတယ်။ ယူတော့ အဝေးကြီးပဲ သွားယူရတယ်။ ယူတဲ့ဈေးနဲ့ ရောင်းချတဲ့ဈေးညီမျှပါတယ်။ သွားယူတဲ့အခါ သွားတာလာတာ ဝေးတာပဲ ရှိတယ်။ အခက်အခဲတော့ မရှိပါဘူး။ ယူတော့ သီရီမင်္ဂလာဈေးကနေ ယူတာပါ။ ရေကျော်ဈေးကို လာရောင်းတာပါ။ ခရမ်းသီးကျတော့ အလုံးကောက် ဝယ်ရတယ်လေ။ အစိမ်းသီး ထောပတ်သီးကျတော့ ပိဿာချိန်နဲ့ ဝယ်ရတယ်။ တစ်ပိဿာကို ၈၀၀ ဟိုတာကျတော့ တစ်လုံးကို ၁၀၀ ဝယ်ရတယ်။ ပြန်လည်ရောင်းချတဲ့အခါမှာကြတော့ ဒီလိုပေါ့။ ဆစ်တော့ ဆစ်တာပေါ့ ။ အစ်မတို့ကျတော့ ၂၀၀ သုံးလုံး ၅၀၀ ခေါ်တယ်။ ၄လုံးကို ၅၀၀ ဆိုလည်း ပေးလိုက်ရတာပေါ့။ မလွတ်တမ်း ရောင်းပေးရတာပေါ့။ ၁၀၀ ကျတော့ အရင်းတိုင်းဆိုတော့ ပြီးသွားလို့ အမြတ်တွက် ကျန်ရင် ပေးလိုက်ရတာပေါ့။ ပထမ စရောင်းစမှာတော့ မပေးနိုင်ဘူးပေါ့ ညီမရယ်။ ခရမ်းသီးက ဆောင်းတွင်းမှာဆို အပေါဆုံးပဲ။ နွေပိုင်းဆို ရှားလည်းရှားတယ်။ ပိုးလည်း ကိုက်တယ်။

ဟိုအချိန်ကတော့ ရှားတဲ့ အခါကျတော့ ရောင်းရတာ အရောင်းသွက်တယ်ပေါ့နော်။ ဈေးကြီးတော့ နည်းနည်း အမြတ်နည်းတယ်။ ပိုများတော့ ကိုယ့်က ရှုံးတာပေါ့နော်။ ဒီအချိန်မှာကျတော့ ပေါတော့ပေါတယ်။ ရောင်းရတာကျတော့ ရှားတဲ့အချိန်လောက် အရောင်းမသွက်ဘူးပေါ့။ ဈေးကျတော့ နည်းနည်းလေး ဝယ်ရတာ ချိုတယ်ပေ့ါ။

Mizzima Weekly