အရပ်သားအခွင့်အရေး တက်ကြွလှုပ်ရှားသူသုံးဦးကို တရုတ် ထောင်ဒဏ်ချမှတ်

အရပ်သားအခွင့်အရေး တက်ကြွလှုပ်ရှားသူသုံးဦးကို တရုတ် ထောင်ဒဏ်ချမှတ်

ပေကျင်း၊ ဇန်နဝါရီ - ၂၉ ။            ။ ကွန်မြူနစ်ပါတီက ကွဲလွဲဆန့်ကျင်သူများကို ပြင်းပြင်းထန်ထန် ဖြိုခွင်းလာသည့် သာဓကတစ်ရပ်အဖြစ် အကြမ်းမဖက် အရပ်သားအခွင့်အရေး လှုပ်ရှားမှုကို စတင်ရန် ကြိုးစားနေသည်ဟူသော စွဲချက်ဖြင့် တက်ကြွလှုပ်ရှားသူ သုံးဦးကို သောကြာနေ့က တရုတ်ရုံးတော်တစ်ခုက ထောင်ဒဏ်ချမှတ်ခဲ့သည်ဟု မိသားစုဝင်များနှင့် တက်ကြွလှုပ်ရှားသည့် အုပ်စုများက ပြောကြားခဲ့သည်။

တန်းကျင်လင်းမှာ ထောင်ဒဏ် ၅နှစ်၊ ယွန်ရှင်တင်းနှင့် ဝမ် ကျင်ရင်းတို့နှစ်ဦးမှာ သုံးနှစ်ခွဲနှင့် နှစ်နှစ်ခွဲစီ အသီးသီး ထောင်ဒဏ် ချမှတ်ခံခဲ့ရသည်ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက သတင်းထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

ကွမ်ကျိုးပြည်သူ့တရားရုံးက နိုင်ငံတော်အာဏာကို တွန်းလှန်ဖြိုဖျက်ရန် လှုံ့ဆော်မှုဖြင့် ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု လန်ဒန်အခြေစိုက် လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ပြောကြားခဲ့သည်။

ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း အတည်ပြုပေးခဲ့သည့် တန်း၏ ဇနီး ဝမ်ယန်ဖန်းကမူ ‘ဒါဟာ ရူးကြောင်ကြောင်နိုင်တဲ့ စီရင်ချက်ပဲ။ သူတို့ ဘယ်လိုပြစ်မှုမျိုးမှ မကျူးလွန်ခဲ့ဘူး။ တရားမျှတမှုရဲ့ တန်ဖိုးတွေကို ထောက်ခံရုံပဲ’ဟု အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီက ၎င်း၏ အာဏာကို ထိပါးသည်ဟု ယူဆလျှင် သည်းခံလေ့မရှိရာ ရှီကျင့်ဖျင် သမ္မတ တာဝန်ယူပြီး နှစ်နှစ်တာကာလတွင် တက်ကြွလှုပ်ရှားသူ ဒါဇင်ပေါင်းများစွာကို ထောင်သွင်းအကျဉ်းချခဲ့သည်။  

အမှုကြားနာစစ်ဆေးစဉ်တွင် ရဲက ကွမ်ကျိုးတရားခံသုံးဦးကို အကြမ်းမဖက် တော်လှန်ရေးနှင့် ပတ်သက်သည့် စာအုပ်များကို ဖြန့်ဝေပြီး၊ နိုင်ငံတော်အာဏာနှင့် ဆိုရှယ်လစ်စနစ်ကို တွန်းလှန်ဖြိုဖျက်ရန် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။

ရဲတပ်ဖွဲ့က အစိုးရရှေ့နေ (ဆွဲချ)ထံသို့ အစီရင်ခံချက်ထဲတွင် တရားခံသုံးဦးက ရုံးခန်းတစ်ခန်း ငှားရမ်းကာ ‘မဟာဗျူဟာမြောက် အကြမ်းမဖက်စစ်ပွဲ၊ အခြေခံများအကြောင်း စဉ်းစားခြင်း’’ဟူသည့် ခေါင်းစဉ်အပါအဝင် စာအုပ်များကို လေ့လာ၊ ပုံနှိပ်၊ ဖြန့်ဝေနေခဲ့သည်ဟု စွပ်စွဲထားသည်။

ထို့အပြင် တရားခံသုံးဦးမှာ အကြမ်းမဖက် လူမှုရေးလှုပ်ရှားမှုဆိုင်ရာ ကျွမ်းကျင်သူ ဂျင်းရှပ်၏ ‘အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့’ဟူသည့် စာအုပ်ကိုလည်း ဖြန့်ဝေခဲ့သည်ဟုလည်း စွပ်စွဲခံရသည်။ ဤစာအုပ်များမှာ နိုင်ငံရေးလှုပ်ရှားမှုတစ်ခု၏ သက်သေပင်ဖြစ်ကြောင်း ရဲက ထပ်လောင်း ပြောကြားခဲ့သည်။

တရားခံများကို ကွန်မြူနစ်ပါတီနှင့် အစိုးရကို ဆန့်ကျင်မှုများဖြင့် တရားစွဲထားသော်လည်း သက်သေအထောက်အထားမှာ စာအုပ်များသာလျှင်ဖြစ်နေကြောင်း တန်း၏ ဇနီးက ပြောကြားခဲ့သည်။

‘တရုတ်နိုင်ငံမှာတော့ အကြမ်းမဖက်တဲ့ အရပ်သားအာခံမှု အတွေးအခေါ်တွေကို ဖြန့်ဝေတယ်ဆိုရင်တောင်မှ ရာဇဝတ်မှုနဲ့ တရားစွဲခံရနိုင်ပါတယ်’ဟု သူမက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly