များပြားလှသည့် ခြိမ်းခြောက်မှုများကြောင့် သြစတြေးလျတွင် ကျောင်းများစွာပိတ်

များပြားလှသည့် ခြိမ်းခြောက်မှုများကြောင့် သြစတြေးလျတွင် ကျောင်းများစွာပိတ်

ဆစ်ဒနီ၊ ဇန်နဝါရီ ၂၉ ။              ။ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ ကျောင်းများစွာမှာ ၎င်းတို့အားများပြားလှသည့် ခြိမ်းခြောက်မှုများကြောင့် ပိတ်ထားလိုက်ပြီဖြစ်ကြောင်း နယူးဆောက်ဝေးရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၉တွင်ပြောသည်။

အနည်းဆုံးကျောင်းလေးကျောင်းသို့ ဖုန်းဆက်ခြိမ်းခြောက်မှုများ ဖြစ်ပေါ်ပြီးနောက် ဗစ်တိုးရီးယားတွင် ရဲတပ်ဖွဲ့က စစ်ဆင်ရေးများဆောင်ရွက်လျက်ရှိသည်။

မြို့တော်နှင့် တောင်ပိုင်းဒေသများရှိ ကျောင်းများ ခြိမ်းခြောက်ခံရကြောင်း ရဲတပ်ဖွဲ့က သိရှိထားပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။ ရဲတပ်ဖွဲ့က ပညာရေးဋ္ဌာနနှင့် ညိနှိုင်းဆောင်ရွက်လျက် ရှိသည်ဟု ရဲတပ်ဖွဲ့၏ ကြေညာချက်တွင် ဖော်ပြသည်။

ဆစ်ဒနီကျောင်း ငါးကျောင်းလည်း ထိခိုက်မှုရှိသည်။ ရဲတပ်ဖွဲ့စစ်ဆင်ရေးများကို ဆူသာလဲန်ရှိုင်းယားရှိ ဝူးလူးဝဲအထက်တန်းကျောင်း၊ ပဲန်ရစ်အထက်တန်းကျောင်းနှင့် မိုနာဗေးအစိုးရကျောင်း တို့တွင် ပြုလုပ်လျက်ရှိသည်။ ရစ်ချ်မွန့်တွင်လည်း ခြိမ်းခြောက်မှုများပြုလုပ်ခံရသည်ဟု ဒေသခံရေဒီယိုအသံလွှင့်ဋ္ဌာန 2GB ကပြောသည်။

ယင်းသို့ခြိမ်းခြောက်မှုများမှာ ကြီးမားသည့်ပြစ်မှုဖြစ်ပြီး ကျူးလွန်သူများကို ဖော်ထုတ်မည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ နံနက် ၁၀နာရီ ၅၀မိနစ်နှင့် ၁၁နာရီ၁၀မိနစ်ကြား ဗုံးခွဲမှုပြုလုပ်မည်ဆိုသည့် ခြိမ်းခြောက်မှုများကို ကျောင်းအချို့ကလက်ခံရရှိခဲ့သည်ဟု ပညာရေးဋ္ဌာနပြောခွင့်ရအမျိုးသားတစ်ဦးက ပြောသည်။

ကျောင်းသားများ အန္တရာယ်ကင်းရေး ကျောင်းတိုင်း ကြိုတင်သတိရှိသောလုပ်ဆောင်ချက်များ ဆောင်ရွက်လျက်ရှိသည်ဟု ၎င်းကပြောသည်။ ဆေးဝန်ထမ်း များလည်း ကျောင်းအချို့တွင် စောင့်ရှောက်နေသည်။ သို့သော်လည်း ဒဏ်ရာရသည့်ဆိုသည့် သတင်းများ မထွက်ပေါ်ခဲ့ပေ။ သို့သော်လည်း ဘေးကင်းရာသို့ ရွှေ့ပြောင်းမှုအတွက် ထိတ်လန့်ကြောင်း ကျောင်းသားများက ဖေ့စ်ဘွတ်တွင် ဖော်ပြကြသည်။

ဖုန်းဖြင့် ခြိမ်းခြောက်မှုများ လက်ခံရရှိပြီးနောက် ဗစ်တိုရီးယားအရှေ့ပိုင်းရှိ ကျောင်းများစွာမှ ကျောင်းသားများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့သည်ဟု အေဘီစီသတင်းဋ္ဌာနက ဖော်ပြသည်။

ထိုစဉ် ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေးအဖြစ် မဲလ်ဘုန်းရှိ အိမ်နှစ်လုံးကို စီးနင်းခဲ့ပြီး ယင်းအိမ်များက လွန်ခဲ့သည့်နှစ်က အိုင်အက်စ်ဝါဒဖြန့်ချိရေးဗီဒီယိုတွင် ပေါ်လာခဲ့သော သြစတြေးလျအမျိုးသားတစ်ဦးနှင့် ဆက်စပ်မှုရှိနေသည်ဆိုသည့် သတင်းများ ဇန်နဝါရီ ၂၉က ထွက်ပေါ်ခဲ့သည်။

မဲလ်ဘုန်းရှိ ဆင်ခြေဖုန်းရပ်ကွက်နှစ်ခုရှိအိမ်များသို့ ဇန်နဝါရီ ၂၈က ရဲတပ်ဖွဲ့က စီးနင်းခဲ့သည်ဟု သြစတြေးလျပြည်ထောင်စုရဲတပ်ဖွဲ့က အတည်ပြုသည်။

ယင်းအိမ်များမှာ အိုင်အက်စ်၏ ဝါဒဖြန့်ချိရေးဗီဒီယိုမှ မိုဟာမက်ယူနိုက်စ်မိုဟိုမက်အာမီးန်၏ ဇနီးဟောင်းများ၏ အိမ်များဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly