တရုတ်သို့ ပြည်ပမှ လာရောက်သည့် ခရီးသည် အရေအတွက် ပြန်လည် မြင့်တက်လာ

တရုတ်သို့ ပြည်ပမှ လာရောက်သည့် ခရီးသည် အရေအတွက် ပြန်လည် မြင့်တက်လာ
တရုတ်ပြည်၏ အထင်ကရ မဟာတံတိုင်း။ (ဓာတ်ပုံ - www.vagabondjourney.com)

ချိုင်းနား ဒေးလီး (ပေကျင်း)။ ။ တရုတ်နိုင်ငံတွင်းသို့ ပြည်ပမှ လာရောက်သည့် ခရီးသည် အရေအတွက်သည် ပြန်လည်
မြင့်တက်လာခြင်းသည် အစိုးရ၏ ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် အစီအစဉ်များနှင့် အခွန်ထောက်ပံ့ကြေးပြန်ပေးသည့်  အစီအစဉ်သစ်များကြောင့် ပြန်လည်အားကောင်း ခိုင်မာလာခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။

ခရီးသွားလုပ်ငန်း အဖွဲ့ကြီး တစ်ခုဖြစ်သည့် ပေကျင်းအခြေစိုက် China Tourism Academy ၏ ပြောကြားချက်အရ
ပြည်ပမှ တရုတ်ပြည်မကြီးသို့ လာရောက်လည်ပတ်သော ခရီးသည် အရေအတွက်သည် ဇန်နဝါရီမှ မေလအထိ ၅ လတာ ကာလအတွင်း ၅၄ ဒသမ ၅၈ သန်းအထိ ရောက်ရှိလာခဲ့သောကြောင့် ၂၀၁၄ ခုနှစ်က အလားတူကာလထက် ၄ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု ဆိုသည်။

၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံး နာလန်ထမှုအဖြစ် ပထမသုံးလပတ်အတွင်း ပြည်ပမှ လာရောက်သော ဧည့်သည်အရေအတွက်မှာ ၄ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်ဟု တရုတ်၏ နိုင်ငံခြား ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ဝက်ဘ်ဆိုက် တစ်ခုဖြစ်သော Beautiful China (travelchina.gov.cn) တွင် လွှင့်တင်လာသည့် သတင်းတစ်ရပ်အရ သိရှိရသည်။

ယခုနှစ်၏ ပထမ ၅ လတွင် ပြည်ပမှ တရုတ်ပြည်မကြီးကို လာရောက်သော ကမ္ဘာလှည့် အရေအတွက်၏ ၆၄ ရာခိုင်နှုန်းမှာ အာရှသားများဖြစ်သည်ဟု ဆိုသည်။ ပထမသုံးလပတ်မှာတင်ပဲ ပြည်ပမှ ပြည်တွင်း ခရီးသွားလုပ်ငန်းမှ ရရှိသော ဝင်ငွေမှာ ကန်ဒေါ်လာ ၁၂ ဒသမ ၈ ဘီလီယံအထိ ရှိခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် အနည်းငယ် မြင့်တက်လာခဲ့သည်ဟုဆိုသည်။

၂၀၁၂ ခုနှစ်နောက်ပိုင်း ခရီးသွားလုပ်ငန်း အကျိုးအမြတ် ဆက်တိုက်ကျဆင်းလာခဲ့ပြီးနောက် ယခုနှစ်တွင်မူ နိုင်ငံခြား ကမ္ဘာလှည့်များမှာ တရုတ်ပြည်မကြီးသို့ လာရောက်လည်ပတ်ရန် စိတ်အား ထက်သန်နေကြောင်းကို ပေကျင်းက ပိုမို သတိထားမိလာခဲ့သည်ဟု ဆိုသည်။ ပြည်မကြီးသို့ လာရောက်ကြသည့် နိုင်ငံခြားကမ္ဘာလှည့်များ၏ အကြီးမားဆုံး အရင်းမြစ်သုံးခုမှာ တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန် ပြည်ထောင်စုတို့ ဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly