အိန္ဒိယအရှေ့ပိုင်းတွင် သံသယဖြစ်ဖွယ်မော်ဝါဒီသူပုန်များ၏ တိုက်ခိုက်မှုကြောင့် ခုနှစ်ဦးသေ

အိန္ဒိယအရှေ့ပိုင်းတွင် သံသယဖြစ်ဖွယ်မော်ဝါဒီသူပုန်များ၏ တိုက်ခိုက်မှုကြောင့် ခုနှစ်ဦးသေ

နယူးဒေလီ၊ ဇန်နဝါရီ ၂၈ ။              ။ ဝေးလံခေါင်သီသော အိန္ဒိယနိုင်ငံ၏ အရှေ့ပိုင်းတွင် ရဲတပ်ဖွဲ့ယာဉ်တန်းတစ်ခုကို သံသယဖြစ်ဖွယ်မော်ဝါဒီသူပုန်များက တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်ငါးဦးနှင့် အရပ်သားနှစ်ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၈ တွင် ပြောသည်။

ဇန်နဝါရီ ၂၇ က ဂျာခန်ပြည်နယ်၏ သစ်တောများထဲတွင် မော်ဝါဒီနှိမ်နင်းမှုစစ်ဆင်ရေးသွားနေသော ၎င်းယာဉ်တန်းကို တိုက်ခိုက်သူများက ဦးစွာ အားပြင်းသော မြေမြုပ်မိုင်းဗုံး တစ်လုံးကို ဖောက်ခွဲ ပြီးနောက် သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ "မနေ့က မြေမြုပ်မိုင်းပေါက်ကွဲမှုမှာ လူခုနှစ်ဦးသေဆုံးခဲ့ပါတယ်"ဟု ပါလာမုခရိုင်မှ ရဲအရာရှိ နက်ကူးမားဆင်းက အေအက်ဖ်ပီသို့ ဖုန်းဖြင့် ပြောသည်။

"သေဆုံးသူတွေအနက် ငါးဦးက ရဲတပ်ဖွဲ့ဝင်တွေဖြစ်ပြီး တစ်ဦးက ဒရိုင်ဘာ တစ်ဦးကတော့ အစောင့်တစ်ဦးဖြစ်ပါတယ်"ဟု ၎င်းကဆိုသည်။ နောက်ထပ်ရဲတပ်ဖွဲ့ဝင် ခြောက်ဦးဒဏ်ရာရရှိခဲ့ပြီး ရှာဖွေစစ်ဆင်ရေးကို ဆောင်ရွက်လျက်ရှိသည်။

ဆင်းရဲသော လူမျိုးစုငယ်များနှင့် လယ်သမားများ၏ အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသည်ဟု သူပုန်များက ပြောကြားကာ အစိုးရအာဏာပိုင်များကို ဖြုတ်ချရန် အိန္ဒိယအလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိပြည်နယ်များတွင် ဆယ်စုနှစ်များစွာကြာမြင့်နေသည့် တိုက်ပွဲကို ဆင်နွှဲလျက်ရှိသည်။ သူပုန်များက လူမျိုးစုအသိုင်းအဝိုင်းများမှ လူသစ်စုဆောင်းလျက်ရှိပြီး လူမျိုးစုဝင်များမှာ အလွန်ဆင်းရဲကာ အစိုးရအဆက်ဆက်က လစ်လျူရှုခဲ့သည့် မဖွံ့ဖြိုးသည့် အရပ်ဒေသများတွင် နေထိုင်လျက်ရှိသည်။

မော်ဝါဒီပုန်ကန်မှုကြောင့် ၁၉၉၉နှင့် ၂၀၁၄ကြား လူ၁၂,၃၀၀ကျော်သေဆုံးပြီးဖြစ်သည်ဟု South Asia Terrorism Portal ဝက်ဘ်ဆိုက်က ဖော်ပြထားသည်။ သူပုန်များမှာ အနည်းဆုံး၏ ပြည်နယ် ၂၀ တွင်ရှိနေသော်လည်း သစ်တောထူ၍ အရင်းအမြစ်ကြွယ်သော ချဟတ်တစ္စဂါး၊ သြရိသ၊ ဘီဟာ၊ ဂျာခန်နှင့် မဟာရက်ရှ်ထရာပြည်နယ်တို့တွင် အများဆုံးလှုပ်ရှားလျက်ရှိသည်။

သူပုန်များရှိသောဒေသများတွင် ဖွံ့ဖြိုးရေးရန်ပုံငွေများ ချပေးခြင်း၊ တရားဥပဒေစိုးမိုးရေးထိန်းချုပ်ဆောင်ရွက်ခြင်းဖြင့် ပုန်ကန်ထကြွမှုကို ရပ်တန့်ရန် ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ကြိုးပမ်းနေသည်။

လက်နက်ချပြီး ထွန်သွားကိုင်ကြရန် မိုဒီက မော်ဝါဒီများကို လွန်ခဲ့သည့်နှစ်က တိုက်တွန်းခဲ့သည်။ ထို့အပြင် အကြမ်းဖက်မှုတွင် အနာဂါတ်မရှိဟုလည်း ၎င်းကပြောခဲ့သည်။

သူပုန်များကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းထက် ဒေသဖွံ့ဖြိုးရေးနှင့် ပိုမိုကောင်းမွန်သော အုပ်ချုပ်ရေးကသာ စစ်မှန်သော အဖြေဖြစ်သည်ဟု အစိုးရဝေဖန်သူများက ပြောကြားလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly